Saturday 16 August 2014

ကမ္ဘာ့ဘဏ်နှင့် သြစတြေးလျ ပူးပေါင်းပြီး မြန်မာတစ်နိုင်ငံလုံးရှိ စာသင်ကျောင်းများနှင့် ဆင်းရဲနွမ်းပါး ကျောင်းသားကျောင်းသူ တစ်သိန်းခန့်အား ဒေါ်လာ သန်း ၁၀၀ ကူညီ

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးသင် မူလတန်းကျောင်း၌ ပညာသင်ကြား နေသည့် ကလေးငယ်များကို ၂၀၁၄ ဇန်န၀ါရီလအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-ဉာဏ်ဝင်းရှိန်)
ကျောင်းသား၊ ကျောင်းသူ ၈ ဒသမ ၂ သန်း ပညာသင်ကြားလျက်ရှိသော မြန်မာတစ်နိုင်ငံလုံးရှိ ကျောင်း များနှင့် ဆင်းရဲနွမ်းပါး ကျောင်းသား၊ ကျောင်းသူ တစ်သိန်းခန့်အား ကမ္ဘာ့ဘဏ်မှ ဒေါ်လာ သန်း ၈၀ နှင့် သြစတြေးလျ နိုင်ငံမှ ဒေါ်လာ သန်း ၂၀ စုစုပေါင်း ဒေါ်လာ သန်း ၁၀၀ ကူညီနေပြီဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။

 အဆိုပါ ဗဟိုချုပ်ကိုင်မှု လျှော့ချထားသော ကျောင်းရန်ပုံငွေထောက်ပံ့ရေး စီမံကိန်းအတွက် ကမ္ဘာ့ဘဏ်က အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအဖွဲ့ ရန်ပုံငွေမှ နှစ်ရှည်ချေးငွေဖြင့် ဒေါ်လာ သန်း ၈၀ ထုတ်ချေးပေးခြင်းဖြစ်ပြီး၊ သြစတြေးလျနိုင်ငံမှ ဒေါ်လာ သန်း ၂၀ အား အလှူငွေအဖြစ် ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။ ထိုကဲ့သို့ အလှူငွေများနှင့် ချေးငွေများကို Myanmar Partnership Multi-Donor Trust Fund မှတစ်ဆင့် ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ဗဟိုချုပ်ကိုင်မှု လျှော့ချထားသော ကျောင်းရန်ပုံငွေထောက်ပံ့ရေး စီမံကိန်းကို ယခုလက်ရှိအချိန်တွင် ဆောင် ရွက်နေပြီဖြစ်ပြီး ယင်းစီမံကိန်းကို အကောင်အထည်ဖော်ရန် ၂၀၁၄ မေလအတွင်းက ကမ္ဘာ့ဘဏ် အမှုဆောင်ဒါရိုက်တာ ဘုတ်အဖွဲ့မှ အတည်ပြုပေးခဲ့ကာ ၂၀၁၈ ဒီဇင်ဘာလကုန်တွင် စီမံကိန်းပြီးဆုံး မည်ဖြစ်ကြောင်း သိရသည်။

“အခွင့်အလမ်းတွေနည်းပါးပြီး ဝေးလံတဲ့ဒေသက ဆင်းရဲနွမ်းပါးတဲ့ ကလေးငယ်တွေအတွက် ပညာရေး ကောင်းမွန်စေ ဖို့ ဆောင်ရွက်တာဟာ မြန်မာနိုင်ငံအတွက် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးနဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျပါတယ်။ လွန်ခဲ့တဲ့နှစ်တွေအတွင်း မြန်မာနိုင်ငံအစိုးရက ပညာရေး အသုံးစရိတ်တွေကို မြှင့်တင်ဖို့ ကြိုးစားလာတာ မြင်တွေ့ရပါတယ်” ဟု ကမ္ဘာ့ဘဏ်ထုတ်ပြန် ချက်တွင် ကမ္ဘာ့ဘဏ်မှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် မစ္စတာခန်သန်ရှန်ကာက ပြောကြား သည်။

ပညာရေးစနစ်ကို အဓိကလုပ်ဆောင်နေသည့် အဖွဲ့အစည်းများတွင် မြန်မာနိုင်ငံ အစိုးရအပြင် ဘုန်းတော်ကြီး သင် ပညာရေးကျောင်း၊ တိုင်းရင်းသား ပညာသင်ကြားရေး ဌာနများနှင့် အခြားသော အစိုးရမဟုတ်သည့် အရပ်ဘက်အဖွဲ့များလည်း ပါဝင်သည်။

ပင်လောင်းမြို့နယ် လုံးကဲကျေးရွာရှိ အမှတ်(၂)အခြေခံပညာ မူလတန်းကျောင်းအား တွေ့ရစဉ်

ယခုလက်ရှိအချိန်တွင် အစိုးရကျောင်းများ အနေဖြင့် မူလတန်းနှင့် မူလွန်ကျောင်း ၃၅၅၀၀၊ အလယ်တန်း ကျောင်း ၃၀၀၀၊ အထက်တန်းကျောင်း ၂၃၀၀ အထိရှိကြောင်းနှင့် မူလတန်းကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူ ၅ ဒသမ ၂ သန်း၊ အလယ်တန်းကျောင်းသား၊ ကျောင်းသူ ၂ ဒသမ ၃ သန်းနှင့် အထက်တန်း အဆင့်တွင် ကျောင်းသား၊ ကျောင်းသူ ၀ ဒသမ ၇ သန်း ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ဘုန်းတော်ကြီးသင် ပညာရေးကျောင်းပေါင်း ၁၄၀၀ အထိရှိပြီး အဆိုပါကျောင်းများတွင် ပညာသင်ကြား လျက် ရှိသည့် ကျောင်းသား၊ ကျောင်းသူ အရေအတွက်သည် အစိုးရကျောင်းများတွင် ပညာသင်ကြားနေ သည့် ကျောင်းသား၊ ကျောင်းသူ အရေအတွက်၏ တစ်ရာခိုင်နှုန်းအထိရှိပြီး၊ ပဋိပက္ခ ဖြစ်ပွားနေသည့် ပြည်နယ်အချို့၌ စာရင်းသွင်းထားခြင်းမရှိသည့် ကျောင်းများတွင် ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများရှိကြောင်း သိရသည်။

ပုဂ္ဂလိက အထက်တန်းကျောင်းများတွင် ပညာသင်ကြားလျက်ရှိသည့် အရေအတွက်သည် အစိုးရကျောင်း များတွင် ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူ အရေအတွက်၏ ငါးရာခိုင်နှုန်းအထိရှိကြောင်း သိရသည်။

Eleven Media Group 

No comments:

Post a Comment