Tuesday 12 August 2014

ငွေစက္ကူရိုက်ထုတ်နေခြင်းကို ဗဟိုဘဏ်၏ညွှန်ကြားချက်ဖြင့် လုပ်ဆောင်လျက် ရှိပြီး ဘတ်ဂျက်လိုငွေကိုလည်း ဂျီဒီပီ၏ ငါးရာခိုင်နှုန်းထက်မကျော်ရန် အစိုးရသို့ ဗဟိုဘဏ်က တင်းကျပ်သည့်စည်းမျဉ်းဖြင့် ပြောကြားထား ဟု နိုင်ငံတော်သမ္မတ အကြံပေးပြောကြား

ငွေစက္ကူရိုက်ထုတ်နေခြင်းများအား ဗဟိုဘဏ်၏ညွှန်ကြားချက်ဖြင့်သာ လုပ်ဆောင်နေပြီး ဘတ်ဂျက်လိုငွေ ကို လည်း ဂျီ ဒီပီ၏ ငါးရာခိုင်နှုန်းထက် မကျော်လွန်ရန် အစိုးရသို့ ဗဟိုဘဏ်က တင်းကျပ်သည့်စည်း မျဉ်းဖြင့် ပြောကြားထားသည်ဟု နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေး ဒေါက်တာဇော်ဦး က ပြောကြား သည်။
အဆိုပါပြောကြားချက်အား သြဂုတ် ၁၀ ရက်က ရန်ကုန်မြို့ရှိ မြန်မာ့ဖွံ့ဖြိုးတိုးတက်ရေး အရင်းအမြစ် အဖွဲ့ အစည်း၊ စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ရုံးတွင် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးနှင့် ဖွံ့ဖြိုးရေးအသင်းမှ ဦးဆောင်ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံစီးပွားရေး ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ချက်များနှင့် ကြုံတွေ့နေ ရသော စိန်ခေါ်မှုများ စီးပွားရေးဟောပြောပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတော်အစိုးရများသည် တိုင်းပြည်တိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုများကို ဆောင်ရွက်ခဲ့ရာတွင် မလွှဲရှောင်သာသော လိုငွေပြဘတ်ဂျက်စနစ်ကို နှစ်ပေါင်းများစွာ ဆက်တိုက်ကျင့်သုံးခဲ့သည်ကို တွေ့ရှိရပြီး ဘတ်ဂျက်လိုငွေများအား ဖြည့်ဆည်းရာတွင် အခြားသောနည်းလမ်းများကိုကျင့်သုံးရန် မဖြစ်နိုင်သဖြင့် ပြည် တွင်း လည်ပတ်ငွေ တိုးမြင့်စေသောနည်းလမ်းဖြစ်သည့် ငွေရိုက်ထုတ်မှုများကို အဓိကကျင့်သုံးခဲ့ရကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ငွေကြေးရိုက်ထုတ်မှုများအဖြစ် ၂၀၁၀- ၁၁ ဘဏ္ဍာနှစ်တွင် ၆၃၃၁ ဒသမ ၈၀ ဘီလျံ၊ ၂၀၁၁-၁၂ ဘဏ္ဍာနှစ်တွင် ၆၇၂၂ ဒသမ ၆၂ ဘီလျံနှင့် ၂၀၁၂-၁၃ ဘဏ္ဍာနှစ်တွင် ၉၀၄၆.၁၉ဘီလျံ ရိုက်ထုတ်ခဲ့ပြီး ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင်မူ ၂၀၁၂-၁၃ ဘဏ္ဍာနှစ်ထက် အနည်းငယ်လျော့နည်း ရိုက် ခဲ့ကြောင်း စီးပွားရေးပညာရှင်ဖြစ်သူ ဒေါက်တာအောင်ကိုကိုက မေလအတွင်းက EMG ၏မေးမြန်းမှု ကို ဖြေကြားထားသည်။

"ပုံနှိပ်စက်ကောင်းကောင်းရှိတိုင်း ငွေစက္ကူရိုက်ထုတ်လို့ မရပါဘူး။ ငွေကြေးကိုရိုက်ထုတ်နေတဲ့အာဏာဟာ ဗဟိုဘဏ်မှာပဲရှိနေပါတယ်။ အခုထုတ်နေတဲ့ ပုံနှိပ်စက်ကလည်း ဗဟိုဘဏ်ရဲ့ညွှန်ကြားချက်နဲ့ ထုတ်နေ တာပါပဲ။ ဗဟိုဘဏ်က ဘာနဲ့ချိတ်ထားလည်းဆိုရင် သူ့မှာရှိတဲ့ ခိုင်မာတဲ့ပစ္စည်းတစ်ခုနဲ့ပဲ ချိတ်ထားရမယ်။ ခိုင်မာတဲ့အရာက ဘာလည်းဆိုတော့ ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံခြားအရန်ငွေဖြစ်နေ တယ်။ နိုင်ငံခြား အရန်ငွေကို စုနေတယ်။ စုသလောက်ပဲထုတ်ခွင့်ရှိတယ်။ အဲ့ဒါကြောင့်မို့လို့ အစိုးရကိုလည်း ကျွန်တော်တို့ ဘာပြောထားသလည်းဆိုရင် ဗဟိုဘဏ်ကနေပြီးတော့ အစိုးရလိုငွေပြမှုသည် ဂျီဒီပီရဲ့ ငါးရာခိုင်နှုန်းထက် မကျော်စေပါနဲ့ဆိုပြီး တင်းကျပ်တဲ့စည်းမျဉ်းနဲ့ အစိုးရကိုပြောထားတယ်" ဟု ဒေါက်တာဇော်ဦး က ပြောကြားသည်။

မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် ၂၀၀၉ခုနှစ်တွင် ၈ ဒသမ ၂ ရာခိုင်နှုန်း၊ ၂၀၁၀ ခုနှစ်တွင် ၇ ဒသမ ၇ ရာခိုင်နှုန်း၊ ၂၀၁၁ ခုနှစ်တွင် ၄ ဒသမ ၂ ရာခိုင်နှုန်း၊ ၂၀၁၂ ခုနှစ်တွင် ၁ ဒသမ ၅ ရာခိုင်နှုန်းနှင့် ၂၀၁၃ ခုနှစ်တွင် ၆ ဒသမ ၅ ရာခိုင်နှုန်းတို့ဖြစ်ပြီး GDP တွင်မူ ၂၀၀၉ ခုနှစ်တွင် ၄ ဒသမ ၉ ရာခိုင်နှုန်း၊ ၂၀၁၀ ခုနှစ်တွင် ၅ ဒသမ ၃ ရာခိုင်နှုန်း၊ ၂၀၁၁ ခုနှစ်တွင် ၅ ဒသမ ၉ ရာခိုင်နှုန်း၊ ၂၀၁၂ ခုနှစ်တွင် ၆ ဒသမ ၅ ရာခိုင်နှုန်းနှင့် ၂၀၁၃ ခုနှစ်တွင် ၆ ဒသမ ၈ ရာခိုင်နှုန်းအထိ အဆင့်ဆင့်မြင့်တက်ခဲ့သော် လည်း ငွေကြေးများရိုက်ထုတ်မှုကြောင့်သာ တိုးတက်ခြင်းဖြစ်ပါက အမှန်တကယ်တိုးတက်မှုဟု မခေါ်ဆိုနိုင်ကြောင်း ပညာရှင်များက ဝေဖန်ပြောကြားသည်။

"နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဦးဆောင်သည့် အစိုးရသစ်သက်တမ်းသုံးနှစ်ကျော်ကာလနှင့် ဘဏ္ဍာနှ စ် လေးနှ စ် တာ ကာလအတွင်း ဘတ်ဂျက်လိုငွေပေါင်း ဘီလျံ ၉၈၀၀ ခန့်အထိ ရှိလာနေသဖြင့် ပြည်သူများ ၀န်ထုပ်ဝန်ပိုးဖြစ်စေနိုင်သည့် ငွေဖောင်းပွမှုများ၊ ကုန်ဈေးနှုန်းမြင့်တက်မှုများ ဆက်လက်ဖြစ်လာစေနိုင် သဖြင့် နိုင်ငံအတွက်အမှန်တကယ် အကျိုးပြုနိုင်မှုမရှိသည့် ၀န်ကြီးဌာနများ၏ စီမံကိန်းများအား စိစစ်ရပ်ဆိုင်းနိုင်ရန် လိုအပ်နေကြောင်း ပညာရှင်များ၊ လွှတ်တော်အမတ်များက မေလအတွင်း ဝေ ဖန်ပြောကြားထားသည်။

ယခင်အစိုးရလက်ထက်မှတာဝန်များ စတင်လွှဲပြောင်းရယူစဖြစ်သည့် ၂၀၁၁-၁၂ ဘဏ္ဍာနှစ်တွင် ဘတ်ဂျက် လိုငွေစုစုပေါင်းမှာ ၂၁၅၉၅၃၄ ကျပ်သန်းအထိရှိခဲ့ကြောင်း သိရသည်။ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက် လိုငွေစုစုပေါင်းမှာ ၁၉၅၃၇၁၂ ကျပ်သန်းဖြစ်ကာ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွက် စုစုပေါင်း ဘတ်ဂျက်လိုငွေမှာ ၂၉၂၆၈၉၈ ဒသမ ၈၉၈ ဘီလျံဖြစ်သည်။ လက်ရှိဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင်မူ ဘတ်ဂျက်လိုငွေ စုစုပေါင်းမှာ ၂၇၅၁ ဘီလျံကျပ်အထိ ဖြစ်ပေါ်နေကြောင်း မေ ၁၀ ရက်က ကုန်သည်စက်မှုအသင်းချုပ်တွင် Action Aid Myanmar ကဦးဆောင်ကျင်းပခဲ့သည့် မြန်မာနိုင်ငံ၏ ရသုံးမှန်းခြေငွေစာရင်း နောက်ဆက်တွဲစကားဝိုင်းဆွေးနွေးပွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့ အစိုးရသစ်လက်ထက် ဘဏ္ဍာနှစ်လေးနှစ်အတွင်း ဘတ်ဂျက်လိုငွေကျပ်ဘီလျံ ၉၈၀၀ ကျော်ခန့် အထိ ဖြစ် လာနေမှုကြောင့် ပြည်သူများထိခိုက်နစ်နာစေသည့် ငွေဖောင်းပွမှုများ၊ ကုန်ဈေးနှုန်းမြင့်တက်မှု များနှင့် ဘတ်ဂျက်ပွင့်လင်းမြင်သာမှုအနေအထားများအပေါ် ဘဏ္ဍာရေးဝန်ကြီးဌာနသို့ Eleven Media Group ကမေးမြန်းရာ ဘဏ္ဍာရေးဝန်ကြီးဦးဝင်းရှိန်က ၀န်ကြီးဌာနများအနေနှင့် သုံးငွေကိုခန့်မှန်းသည့်အခါ ပိုမိုတွက်ချက်ထားသည့်အတွက် ဘတ်ဂျက်လိုငွေများပြားနေသော်လည်း ဘဏ္ဍာနှစ်တစ်နှစ်ကုန်ဆုံးချိန်တွင် အမှန်တကယ်ထွက်လာသည့် ဘတ်ဂျက်လိုငွေမှာ ခန့်မှန်းထားသည့်ထက် ပိုမိုနည်းပါးနေ ပါကြောင်း မေလ အတွင်းပြုလုပ်ခဲ့သည့် ဘဏ္ဍာရေးဆိုင်ရာဟောပြောပွဲတွင် ဖြေကြားထားသည်။

Eleven Media Group

No comments:

Post a Comment