Tuesday 12 August 2014

အီရပ် ဝန်ကြီးချုပ်သစ် ဟိုင်ဒါ အယ်လ်အဘာဒီ

Photo: အီရပ် ဝန်ကြီးချုပ်သစ် ဟိုင်ဒါ အယ်လ်အဘာဒီ
Tuesday, August 12, 2014

 အီရပ်နိုင်ငံ မှာ ISIL တွေ ရဲ့ စစ်ဆင်မှု တွေ ရင်ဆိုင်နေရ ချိန်မှာ ဝန်ကြီးချုပ်ရာထူး လုမှု ကလည်းပေါ်ပေါက် နေပါတယ်။ ဝန်ကြီးချုပ် နူရီ အယ်လ်မာလီကီ ကလည်း ရာထူးက မဖယ်ချင်။ သုံးနှစ်သက်တမ်း အနေနဲ့ ဆက်ပြီး အုပ်ချုပ်လိုတာပါ။ ဒါပေမဲ့ အီရပ်သမ္မတ ဖူအတ်မာဆူးမ် ကိုယ်တိုင် ဝန်ကြီးချုပ် နူရီ အယ်လ်မာလီကီ နေရာမှာ ဒေါက်တာ ဟိုင်ဒါ အယ်လ် အဘာဒီ ကို ရွေးချယ်လိုက်ပါတယ်။

အီရပ်နိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ ကိုယ်စားလှယ် နစ်ကိုလိုင် မလာဒီနော့ဗ် က ဒီအချိန် ဟာ အီရပ်လူမှု အသိုင်းအဝိုင်း အနေနဲ့ ညီညွတ်ဖို့ လိုတဲ့ အကြောင်း၊ ဒါမှသာ အသေခံ အစွန်းရောက် တွေ ရဲ့ ချိန်းခြောက်မှု ကို တွန်းလှန်နိုင်မဲ့ အကြောင်း ပြောပါတယ်။ မစ္စတာ အဘာဒီ ကို ပါလီမန် ထဲက အကြီးဆုံး နိုင်ငံရေး ပါတီ က ဝန်ကြီးချုပ်ရာထူး အတွက် နာမယ်စရင်း တင်သွင်း လိုက်တဲ့ အတွက်၊ ဒါဟာ ပါတီ အများအပြား ပါဝင်တဲ့ အစိုးရ အဖွဲ့ ဖွဲ့စည်းနိုင်မယ့် အခွင့်အရေး တရပ် ရရှိသွားတဲ့ အကြောင်း၊ အခုအချိန်မှာ အီရပ် အသိုင်းအဝိုင်းထဲမှာ တင်၊ ဂိုဏ်းဂန၊ ဆွန်နီ၊ရှီးယား စသဖြင့် သဘောထားကွဲနေတာ က တကြောင်း၊ ISIL တွေ ရဲ့ ရန် ကိုလည်း၊ အုပ်စု တခုတည်း က တွန်းလှန်လို့ မရဘူး၊ အားလုံး စုပေါင်း ညီညွတ်မှ ရင်ဆိုင်နိုင်မဲ့ အကြောင်း တွေ ပြောတာပါ။

အမေရိကန် အစိုးရ ကလည်း မစ္စတာ အဘာဒီ ကို ထောက်ခံ အားပေးမယ် လို့ ကတိပြုပါတယ်။ ဒါပေမဲ့ မစ္စတာ အဘာဒီ ကို ရွေးချယ်တဲ့ နေရာမှာ အမေရိကန် ရဲ့ အခန်းကဏ္ဍဍ မပါဘူး လို့ နိုင်ငံခြားရေး ဌာန ပြောခွင့်ရ အမျိုးသမီး မာရီ ဟာဖ် က ပြောပါတယ်။ အခု အပြောင်းအလဲ အဆင်အပြင် ကိုကြည့်မယ် ဆိုရင်၊ ဝန်ကြီးချုပ် မာလီကီ ရဲ့ ပါတီ ထဲက ပင်၊ ဝန်ကြီးချုပ် အသစ် ကိုတင်ချင်တာပါ။ ဒါဟာ လည်း အီရပ်ပြည်သူ တွေ ကိုယ်တိုင် သူတို့ ရဲ့ အနာဂတ် ကို ရွေးချယ် လိုက်တဲ့ အကြောင်း၊ ဒါကြောင့် မို့ အမေရိကန် ဒုတိယ သမ္မတ ဘိုင်ဒင် ကိုယ်တိုင် မစ္စတာ အဘာဒီ ကို နှုတ်ဆက်စကားပြောယင်း၊ အစိုးရ အဖွဲ့သစ် ဖွဲ့ ဖို့ အကြံပြုလိုက်ပါတယ် လို့ ပြောတာပါ။

ဘီဘီစီ သတင်းထောက် ဂျင်မ်မြူးယား ကတော့ မစ္စတာ မာလီကီ ကို ပါတီတွင်း က မကြိုက်ကြပေမဲ့၊ သူအာဏာ ရှိချိန်မှာ စစ်တပ်ရော၊ ရဲအဖွဲ့ ပါ သူ့သြဇာ လွှမ်းမိုး လို့၊ အာဏာပြန်သိမ်း လေမလား၊ ဒါပေမဲ့ ရှီးယား၊ ဆွန်နီ၊ ကဒ်စ် တွေ အကြားမှာ သူ့ ကို အားပေးထောက်ခံဖို့ မစွမ်းဆောင်နိုင်တဲ့ အတွက်၊ သူဟာ အပယ်ခံ လို့ ဖြစ်နေကြောင်း သုံးသပ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

 ဝန်ကြီးချုပ်သစ် ထောက်ခံမှုရတဲ့ မစ္စတာ အဘာဒီ

No comments:

Post a Comment