Tuesday 12 August 2014

အထက်ပေါင်းလောင်းဆည် ရေကာတာပိတ်လိုက်သည့်အတွက် ကျေးရွာ ၁၅ ရွာနှင့် ဆည်မြေဧက ၁၅၀၀ ကျော် ရေနစ်မြုပ်


အထက်ပေါင်းလောင်းဆည် ရေတံခါးပိတ်ထားသည်ကို သြဂုတ် ၉ရက် ကတွေ့ရစဉ် (ဓာတ်ပုံ - မခိုင်)
ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ပအိုဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ အထက်ပေါင်းလောင်း ဆည် ရေကာတာအား ပိတ်လိုက်သည့်အတွက် ရေမြုပ်ဧရိယာအဖြစ်သတ်မှတ်ထားသော ရွာဟောင်း ၁၅ ရွာမှာ ရေအောက်တွင် လုံးဝနစ်မြုပ်ခဲ့ပြီး စိုက်ပျိုးနေဆဲဆည်မြေဧက ၁၅၀၀ ကျော် ရေအောက်သို့ နစ်မြုပ်ဆုံးရှုံးသွားကြောင်း သိရသည်။
ရေကာတာတာဝန်ရှိသူများက ယခုနှစ်တွင် ရေမြုပ်ဧရိယာအဖြစ်သတ်မှတ်ထားသော ရွာဟောင်းရှိ လယ်မြေနှင့်တောင်ယာမြေများအား စိုက်ပျိုးမည်ဆိုပါက တာဝန်မယူကြောင်း၊ ရွာသစ်တွင် ပြောင်းရွှေ့နေ ထိုင်ကြသော်လည်း အစားထိုးစိုက်ပျိုးမြေများ ပြန်လည်ချပေးထားခြင်းမရှိသဖြင့် ရွာဟောင်းတွင် သွားရော က် စိုက်ပျိုး ရာမှ ယခုကဲ့သို့ ဆုံးရှုံးရခြင်းဖြစ်ကြောင်း ပေါင်းလောင်းဒေသ ကွန်ရက်လူငယ်တစ်ဦးဖြစ်သည့် ကိုတင့်ဆွေက ပြောကြားသည်။

"ဇူလိုင် ၁၅ ရက်မှာ ရေကာတာစပိတ်လိုက်တယ်။ ရေကာတာပိတ်မယ်ဆိုတာကို ချက်ချင်းပြောတာ။ စပါးတွေမစိုက်ခင်က တိတိကျကျမပြောခဲ့ဘူး။ ရွာသစ်ကိုပြောင်းနေလိုက်ကြလို့ လူတွေတော့ ဘာ အန္တရာယ် ဘာမှမဖြစ်ပါဘူး။ စပါးနဲ့အခြားသီးနှံအခင်းတွေတော့ အကုန်မြုပ်ကုန်တာပေါ့။ မျိုးစေ့ဖိုးတွေ၊ ထွန်ခတွေ အကုန်ဆုံးကုန်တယ်။ ဆည်က ၉၀ ရာနှုန်းပဲ ပြီးသေးတယ်ပြောတော့ ရွာကလူတွေကလည်း ဒီနှစ်ရေလွတ်မယ်ထင်ပြီးသွားစိုက်ကြတာ။ အစားထိုးလယ်မြေမရဘူးလေ။ ဒီတော့စွန့်စားပြီး သွားစိုက်မိကြ တာ။ ဒါမှမစိုက်ရင်လည်း အကုန်စားဝတ်နေရေး ဒုက္ခရောက်တော့မှာ။ အခု ဒီနှစ်ဘာမှစိုက်စရာ မရှိဘူးလေ။ ဆည်ဆောက်လို့လျော်ကြေးပေးထားတာလေးတွေ ထိုင်စားနေကြတာ။ လျော်ကြေးတွေ ကုန်သွားရင်တော့ ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတော့ မတွေးရဲဘူး" ဟု ကိုတင့်ဆွေက ပြောကြားသည်။



အထက်ပေါင်းလောင်းဆည် ရေကာတာပိတ်လိုက်သဖြင့် ရေနစ်မြုပ်မှုအား တွေ့ရစဉ် 

အထက်ပေါင်းလောင်းဆည်တည်ဆောက်သဖြင့် ရေမြုပ်ဧရိယာအတွင်းကျရောက်သော ထိန်ပင်ကျေးရွာ အုပ်စုနှင့် သပြေကုန်းကျေးရွာအုပ်စုရှိ ရွာပေါင်း ၂၃ ရွာတွင် အိမ်ထောင်စု ၂၅၁၄ စု၊ လူဦးရေ ၁၀၀၀၀ ခန့်ပါဝင်၍ စိုက်မြေဧက ၂၀၀၀ ကျော်၊ စာသင်ကျောင်း ဆယ်ကျောင်းပါဝင် ကာ ရှေးဟောင်း ဗုဒ္ဒဘာသာဘုန်းကြီးကျောင်း ၁၇ ကျောင်းနှင့် စေတီအဆူ ၃၀ တို့လည်း ပါဝင်သည်ဟု သိရသည်။

"ရွာဟောင်းဖျတ်တော့ စေတီတွေ သိမ်တွေကို မဖျက်ဘဲထားလိုက်တယ်။ ရွာသူရွာသားတွေ ရေစက်ချ လှူထားတာဖြစ်လို့ ဘယ်လိုကပ်ဆိုးပဲကျရောက်ရောက် ငါတို့လက်နဲ့မဖျက်ဘူးဆိုပြီး ရေမြုပ်ခံလိုက် ကြတယ်။ ဆည်တည်ဆောက်လို့ ပြန်ရတဲ့ကျောင်းတွေက ကောင်းပါတယ်။ ဒါပေမဲ့ ကျွန်တော် တို့ ရဲ့ချွေးနှဲစာ အလှူဒါနမဟုတ်တော့ စိတ်ထဲတစ်မျိုးပဲ" ဟု သပြေကုန်းရွာသစ်နေ ကိုဝင်းလှိုင်က ပြော ကြား သည်။

၂၀၀၄ ခုနှစ်တွင် အထက်ပေါင်းလောင်းဆည်အား စတင်တည်ဆောက်ခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် ရေမြုပ် ဧရိယာပါ ရွာများရွေ့ပြောင်းရမည်ဟု သိရပြီးနောက် ၂၀၁၃ ခုနှစ်တွင် အိမ်၊ လယ်ယာ၊ စားပင်နှင့် သီးနှံလျော်ကြေးများပေးကာ အစားထိုးလယ်မြေ၊ နည်းပညာနှင့် မျိုးကောင်းမျိုးသန့်မျိုးစေ့များအားပေးမည်ဟု ကတိပေးပြီး တောင်ပေါ်ရှိ ရွာသစ်များသို့ ၂၀၁၃ မတ်လတွင် ရွာများစတင်ပြောင်းရွှေ့စေခဲ့ကြောင်း ရွာဟောင်းလယ်မြေများမှာ တစ်ဧကလျှင် စပါးတင်း ၁၀၀ ထိထွက်ရှိသော လယ်မြေများဖြစ်ကြောင်း သိရသည်။


အထက်ပေါင်းလောင်းဆည်အား တွေ့ရစဉ်

ဆည်အား ရေမီတာ ၃၅၀ သို့ရောက်ပါက စတင်စမ်းသပ်လည်ပတ်တော့မည်ဖြစ်ပြီး ယခုအခါ ရေမီတာ ၃၄၁ မီတာထိ ရောက်နေပြီးဖြစ်ကြောင်း၊ စိုးရိမ်ရေမှတ်မှာ ၃၇၂ ဖြစ်ကြောင်း၊ ထိုစိုးရိမ်ရေမှတ်မှာ သပြေကုန်းရွာသစ်အနီးနား ထိရောက်နိုင်ကြောင်း ဆည်လုပ်ငန်းခွင်ရှိ လျှပ်စစ်ဌာနအရာရှိတစ်ဦးထံမှ သိရသည်။

အထက်ပေါင်းလောင်းဆည်၏သတ်မှတ်ထားသော လျှပ်စစ်ဓာတ်အားမှာ ၁၄၀ မဂ္ဂါဝပ် ရှိပြီး နေပြည်တော် သို့ လျှပ်စစ်ဓာတ်အားပေး ရန် နေပြည်တော်အနီးရှိ အောက်ပေါင်းလောင်း ဆည် အား ရေဖြည့်ပေးရန် အတွက်လည်း တည်ဆောက်ထားခြင်းဖြစ်ကြောင်း၊ ဆည်တည်ဆောက်မှုလုပ်ငန်းများနှင့် ပက်သက် ၍ ဒေသခံများအား ပွင့်လင်းမြင်သာစွာ ချပြထားခြင်းမရှိကြောင်း ပေါင်းလောင်းဒေသ ကွန်ရက် အဖွဲ့ဝင်ဖြစ်သော ကယန်းမျိုးဆက်သစ်လူငယ်များ၏ မှတ်တမ်းများအရ သိရသည်။

Eleven Media Group

No comments:

Post a Comment