Tuesday 12 August 2014

ရွှေပြည်သာတွင် အနုကြမ်းစီး

ရွှေပြည်သာမြို့နယ် ၁၈ ရပ်ကွက်တွင် သြဂုတ်လ ၉ ရက် နံနက် ၁ နာရီခန့်က အိပ်ပျော်နေသော ဇနီးမောင်နှံ နှစ်ဦးကို အမျိုးသားသုံးဦးက ဓားနှင့်ထောက်ကာ အနုကြမ်း ဝင်စီးခဲ့ကြောင်း ရွှေပြည်သာ မြို့မရဲစခန်းမှူး ဒုရဲမှူး မြင့်နိုင်က ပြောကြားသည်။
၁၈ ရပ်ကွက် ဒေါ်ဘွားတင်လမ်းရှိ အဆိုပါနေအိမ်သို့ ယင်းညက အမျိုးသားသုံးဦးက ဓားများ ကိုင်ဆောင်၍ ဝင်ရောက်ခဲ့ပြီး ငွေသားများ၊ လက်ဝတ်ရွှေထည်နှင့် လက်ကိုင်ဖုန်းများ အပါအဝင် ကျပ်သိန်း ၆၀ ကျော်ဖိုးကို လုယူခဲ့ကြောင်း ယင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

“တံခါးတွေပိတ်ပြီး ခြင်ထောင်ထဲမှာ သူတို့လင်မယား နှစ်ယောက် အိပ်မောကျနေချိန် အမျိုးသား သုံးယော က် က ခြင်ထောင်ဆွဲလှန်ပြီး ဓားထောက်ပြီး လုခဲ့တာ။ မအော်နိုင်အောင်လို့ ပါးစပ်တွေကို တိပ်နဲ့ ပိတ် ထားပြီး ကြိုးတုပ်ထားခဲ့တာ” ဟု အမှတ် (၁၈) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်းက ရှင်းပြသည်။

အဆိုပါ ဓားထောက် လုယက်ခဲ့သူ အမျိုးသားသုံးဦးက အိမ်ရှင်အမျိုးသမီး၏ နဖူးကို ဓားနောင့်ဖြင့် ထုခဲ့သောကြောင့် ဒဏ်ရာရရှိခဲ့ကြောင်း၊ လုယက်ခံရသောကြောင့် သေတ္တာအတွင်း သိမ်းဆည်းထား သည့် ငွေကျပ် ၃၄ သိန်း အပါအဝင် လက်ဝတ်ရွှေထည်များ ပါသွားကြောင်း ရွှေပြည်သာ မြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

အနုကြမ်းစီးခံရသူ ဇနီးမောင်နှံမှာ သဲ၊ ကျောက် ရောင်းဝယ်ရေး လုပ်ကိုင်သည့် အသက် ၅၂ နှစ်အရွယ် အမျိုးသားနှင့် အသက် ၄၃ နှစ်အရွယ် အမျိုးသမီးတို့ ဖြစ်ကြောင်း အဆိုပါ ရပ်ကွက်ထံမှ သိရသည်။ 

“သူတို့မှာ မွေးစားသား တစ်ယောက် ရှိပေမယ့် ကိုရင် ဝတ်နေတာကြောင့် အိမ်မှာ လင်မယား နှစ်ယောက် တည်း ရှိတာ။ တံခါးပိတ်ထားတာကို ဖျက်ဝင်ပြီး အိမ်ထဲ အနုကြမ်း ဝင်စီးခံရတာ။ လင်မယား နှစ်ယောက် ကို ခြင်ထောင်ထဲ ကြိုးတုပ်ထားခဲ့တာ။ သူတို့နှစ်ယောက် အပြန်အလှန် ကြိုးကို ကြိုးစားဖြေပြီး ဘေး အိမ်တွေ အကူအညီတောင်းမှ လုယက်ခံရမှန်း ရပ်ကွက်က သိခဲ့တာ” ဟု ဒေါ်ဘွားရှင်လမ်းတွင် နေထိုင်သူ အသက် ၄၀ ဝန်းကျင်ရှိ အမျိုးသားတစ်ဦးက ရှင်းပြသည်။

နေအိမ်အတွင်း ဝင်ရောက်ကာ အနုကြမ်းစီးခဲ့သည့် အမျိုးသားသုံးဦးကို (ပ) ၅၀၁/၁၄၊ ပုဒ်မ ၃၉၄/ ၁၁၄ ဖြင့် အမှုဖွင့်ကာ စုံစမ်းလျက်ရှိကြောင်း ရွှေပြည်သာ မြို့မရဲစခန်းမှူး ဒုရဲမှူးမြင့်နိုင်က ပြောဆိုသည်။

အလားတူ လွန်ခဲ့သော ၆ ရက်ခန့်က ရွှေပြည်သာမြို့နယ် ၁၀ ရပ်ကွက်တွင် အိမ်လခပေးရန် အရေးပေါ် ငွေ လို အပ်နေသော အမျိုးသားတစ်ဦးက ယင်းရပ်ကွက် သာစည်လမ်းရှိ နေအိမ်အတွင်း အဘွားအိုတစ်ဦးကို သတ်၍ နားနှစ်ဖက် လှီးဖြတ် နားကပ်ကို ယူဆောင်သွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးထံမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment