Tuesday 10 June 2014

အဝေးပြေးဝင်းသီးသန့် အောင်မဟာယာဉ်လိုင်းသစ် ဇွန် ၁၀ ရက်နေ့ စတင်ပြေးဆွဲမည်

အောင်မဟာ မော်တော်ယာဉ်အသင်းက ဇွန်လ ၁၀ ရက်နေ့မှစ၍စတင်၍ အောင်မင်္ဂလာ အဝေးပြေး ယာဉ် ရပ်နား စခန်းမှ ဆူးလေသို့ ယာဉ်လိုင်းသစ် ပြေးဆွဲမည် ဖြစ်ကြောင်း အဆိုပါ ယာဉ်လိုင်းနာယက ဦးမင်းဇော် က ပြောကြားသည်။

မ.ထ.သ ၏လမ်းညွန်မှု လက်အောက်မှ ခရိုင်သုံးခုသို့ ပြေးဆွဲရန် ယာဉ် ၁၀ စီးမှ ၅၀ စီးထိ ပြေးဆွဲခွင့်ကို တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ လျှောက်ထားခဲ့သော်လည်း လတ်တလော ၁၅ စီးသာ ခွင့်ပြုသည့်အတွက် ဆူးလေ-အောင်မင်္ဂလာ အဝေးပြေးယာဉ်လိုင်းကို စတင်စမ်းသပ် ပြေးဆွဲခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“ဂိတ်အစဖြစ်တဲ့ အောင်မင်္ဂလာ အဝေးပြေးဝင်း မ.ထ.သ ၄၅ ကားဂိတ်နားကနေ သုဓမ္မာလမ်း၊ ကမ္ဘာအေး ဘုရားလမ်းအတိုင်း မောင်းပြီး ဆူးလေဘုရားလမ်း အောက်လမ်း မြဝတီဘဏ်နားမှာ ဂိတ်ဆုံးမယ်။ အောင် မင်္ဂလာ က ကားဂိတ်ကို မနက် ၄ နာရီကနေ စဖွင့်ပြီး အသွားအပြန် ပြေးဆွဲမယ်။ ည ၈ နာရီထိ ဆူးလေးမှာ ရှိမယ်။ လမ်းတစ်လျှောက် ဆင်းမယ့်နေရာနဲ့ နီးစပ်တဲ့ လမ်းမပေါ်မှာပဲ ချပေးသွားမယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ ယာဉ်လိုင်းတွင် ကိုရီးယားနိုင်ငံထုတ် HYUNDAI Starex အမျိုးအစား ၁၁ ယောက်စီး ယာဉ်များဖြင့် ပြေးဆွဲသွားမည် ဖြစ်ပြီး ယာဉ်စီးခမှာ တစ်ထောင်ကျပ် ဖြစ်ကြောင်း အဆိုပါအသင်း ဥက္ကဋ္ဌ ဦးအေးသောင်း က ပြောကြားသည်။

ငွေကြေးတတ်နိုင်သူများက စုပေါင်းအငှားယာဉ် စီးနင်းပြီး ရုံးသွားရုံးပြန် လုပ်နေသူများ ရှိသဖြင့် ကျပ် တစ်ထောင်တန်ကား ဆိုသော်လည်း စီးနင်းကြမည် ဖြစ်ကြောင်း၊ မြို့နယ်အားလုံးတွင် ယင်းကဲ့သို့ ယာဉ်များ ပြေးဆွဲစေလိုကြောင်း နယ်မြို့များသို့ မကြာခဏ သွားရလေ့ ရှိသည့် ဆရာဖြစ်သင်တန်း တက်ရောက်နေသူ ဒေါ်သီရိက ပြောကြားသည်။

“ခုဟာက ဒီလမ်းကြောင်းပေါ်က သူတွေအတွက်တော့ အဆင်ပြေပေမယ့် ကျန်တဲ့ မြို့နယ်တွေက အဆင် မပြေနိုင်ဘူး။ ညနေပိုင်း အောင်မင်္ဂလာ အဝေးပြေးကို ဘယ်ကားမှ မလိုက်ချင်ကြဘူး။ ဒီလို တစ်ထောင်တန် ကားတွေ မြို့နယ်တိုင်းမှာ ရှိသင့်တယ်” ဟု ၎င်းကဆိုသည်။

ယင်းအပြင် အခြားမြို့နယ်များမှ အောင်မင်္ဂလာအဝေးပြေးဝင်းသို့ စင်းလုံး ငှားရမ်းလိုပါက ဖုန်း ၀၉-၂၀၅၁၂၄၆၊ ၀၉-၅၀၆၅၃၉၄ သို့ ဆက်သွယ်ငှားရမ်းနိုင်ပြီး အိမ်တိုင်ရာရောက် လာကြိုမည် ဖြစ်ကာ ယာဉ်စီးခ ကျပ်တစ်သောင်း ကျသင့်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

The Voice Weekly 

No comments:

Post a Comment