Tuesday 10 June 2014

နယ်စပ်ပြဿနာ ဖြေရှင်းရန် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ညွှန်ချုပ်အဆင့် ယနေ့တွေ့မည်

နယ်စပ်ပြဿနာများကို ဖြေရှင်းရန် မြန်မာနိုင်ငံနယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်တို့မှ ညွှန်ချုပ်အဆင့်ရှိပုဂ္ဂိုလ်များ ဇွန်လ ၁၀ ရက်နေ့တွင် မြန်မာနိုင်ငံတွင် တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်အခြေစိုက် banglanews 24 သတင်းဌာနတွင် ဇွန်လ ၉ ရက်နေ့က ဖော်ပြ သည်။ 

ယင်းအစည်းအဝေးတွင် မူးယစ်ဆေးဝါး တရားမဝင် ဝင်ရောက်မှု ရပ်ဆိုင်းရေး၊ နှစ်နိုင်ငံ နယ်ခြားစောင့် တပ်များ ပစ်ခတ်မှု ရပ်ဆိုင်းရေး၊ နယ်နိမိတ်မျဉ်းတစ်လျှောက် ပူးပေါင်းကင်းလှည့်ရေး စသည့်အချက်များကို ဆွေးနွေးမည် ဖြစ်ကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။ 

အဆိုပါ အစည်းအဝေးကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) မှ ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ် Aziz Ahmed နှင့် မြန်မာနိုင်ငံ နယ်ခြားစောင့် ရဲတပ်ဖွဲ့ (BGP) မှ ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ်ဇော်ဝင်းတို့ တက်ရောက်မည် ဖြစ်ကြောင်း banglanews 24 သတင်းတွင် ဖော်ပြထားသည်။ 

နှစ်နိုင်ငံ နယ်ခြားစောင့်တပ်များ၏ ညွှန်ကြားရေးမှူးချုပ်များ တွေ့ဆုံစဉ် နယ်စပ် ညှိနှိုင်းစီမံခန့်ခွဲရေး အစီ အစဉ် (CBMP) ကို အဆိုပြု တင်ပြသွားမည် ဖြစ်ကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။ 

အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်မှ ရဲမှူးချုပ် ဝင်းခေါင်၊ ဒုတိယရဲမှူးကြီး မင်းအောင်၊ နိုင်ငံခြားရေး ဝန်ကြီးဌာနတို့ကို ဆက် သွယ်မေးမြန်းခဲ့ရာ ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပေ။ 

နယ်စပ်ပြဿနာများနှင့် ပတ်သက်၍ အမှတ် (၁) နယ်ခြားစောင့်ရဲ ကွပ်ကဲရေးမှူး အဖွဲ့ရုံးမှ ကွပ်ကဲရေးမှူး ရဲမှူးချုပ်တင်ကိုကို ဦးဆောင်သည့် အဖွဲ့နှင့် BGB မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် Second Commander Khon dokar farid Hassan ဦးဆောင်သည့် အဖွဲ့တို့ ဇွန်လ ၅ ရက်နေ့က မောင်တောတွင် အလံတင် အစည်းအဝေး ပြုလုပ်ခဲ့သည်။ 

ယင်းအစည်းအဝေးတွင် အကြမ်းဖက်သမားများကို နှစ်နိုင်ငံ နယ်ခြားစောင့်တပ်များက ပူးပေါင်းတိုက်ဖျက် ရန်၊ တရားမဝင် ကူးသန်းသွားလာမှုကို တားမြစ်ရန်၊ အစည်းအဝေးတွင် တင်ပြချက်များ ကို အပြန်အလှန် လေးစားရန်တို့ကို သဘောတူညီမှု ရရှိခဲ့ကြောင်း မောင်တောခရိုင် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။ 

ရဲမှူးချုပ်တင်ကိုကိုက နှစ်နိုင်ငံ နယ်စပ်အနီး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အပြစ်မဲ့ပြည်သူများကို တရားမဝင် လက်နက်ကိုင်များ အကြမ်းဖက် သောင်းကျန်းသူများက ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်း အခြေပြု၍ အကြမ်းဖက် လုပ်ရပ်များကို လွတ်လပ်စွာ လုပ်ကိုင်နေမှုသည် လုံးဝ မသင့်တော်ကြောင်း၊ ဖြစ်စဉ်များနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ် အစိုးရ လျစ်လျူရှုမှုကို ပြင်းပြင်းထန်ထန် ကန့်ကွက်သည်ဟု အလံတင် အစည်းအဝေးတွင် ပြောဆိုခဲ့ကြောင်း ယင်းရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

အဝါရောင် ပြောက်ကျားဝတ်စုံ ဝတ်ဆင်ထားသူတစ်ဦး မေလ ၂၈ ရက်နေ့ နံနက်ပိုင်းက မိုင်တိုင် အမှတ် ၅၁ နှင့် ၅၂ အကြား မြန်မာပိုင်နက်အတွင်း နယ်စပ်ခြံစည်းရိုးနှင့် ပေ ၈၀ ခန့် အကွာသို့ ချဉ်းကပ်လာစဉ် မြန်မာလုံခြုံရေး ကင်းပုန်းတပ်ဖွဲ့က ပစ်ခတ်မှုကြောင့် (BGB) မှ တပ်ကြပ်အဆင့်ရှိသူ Nayek Mizanur Rahman ဆိုသူ ကျဆုံးသွားရာ ၎င်းကို ပြန်ပေးရန် ဘင်္ဂလားဒေ့ရှ်ဘက်က တောင်းဆိုခဲ့ပြီး မေလ ၃၀ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနယ်ခြားစောင့် လုံခြုံရေးတပ်များကြား မိနစ် ၂၀ ခန့်ကြာ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

The Voice Weekly 

No comments:

Post a Comment