Tuesday 10 June 2014

မော်တော်ယာဉ် ဥပဒေအသစ်တွင် ထိုင်ခုံခါးပတ်ပတ်ရန်နှင့် လက်ကိုင်ဖုန်း မပြောရန် ထည့်သွင်းရေးဆွဲသွားမည်

မော်တော်ယာဉ် မောင်းနှင်စဉ်တွင် ထိုင်ခုံ ခါးပတ်ပတ်ရန်နှင့် လက်ကိုင်ဖုန်း ပြောဆိုခြင်း မပြုရန်ကို အသစ်ပြင်ဆင် ရေးဆွဲမည့် မော်တော်ယာဉ်ဥပဒေ၌ ထည့်သွင်း ရေးဆွဲ သွားမည်ဖြစ်ကြောင်း အမှတ်(၂) ယာဉ်ထိန်းတပ်ဖွဲ့ခွဲရုံးရှိ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

လက်ရှိတွင် မော်တော်ယာဉ် မောင်းနှင်ရာ၌ ထိုင်ခုံခါးပတ်ပတ် ရန်နှင့် လက်ကိုင်ဖုန်း ပြောဆိုခြင်း မပြုရန် သတိပေး နှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိပြီး ယခုပြင်ဆင်ရေးဆွဲလျက်ရှိသည့် မော်တော် ယာဉ်ဥပဒေ၌ အဆိုပါအချက်များကိုထည့်သွင်းရေးဆွဲကာ ဥပဒေအရ အရေးယူဆောင်ရွက်သွားရန် စီစဉ်သွားမည်ဖြစ် ကြောင်း သိရသည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး က ''အရင်က ကားဟောင်းတွေဖြစ်တဲ့ အတွက် ထိုင်ခုံခါးပတ်မပါ တာများတယ်။ အဲဒီအချိန်တုန်းကလဲ ပညာပေးဆောင်ရွက်ဖို့ အကြံပြုခဲ့တယ်။ အခုက ကားအသစ် ကားအကောင်းတွေလဲ များ လာပြီဖြစ်သလို ခါးပတ်ပတ်ဖို့လဲလိုလာပြီ။ ခရီးသည် တင်ကားတွေ မှာလဲ ကားကောင်း ကားသစ်တွေဆိုရင် ခါးပတ်ပါပြီးသားပဲလေ။ မပါရင်ဖြုတ်ထား တာပဲဖြစ် မယ်။ အဝေးပြေးကားတွေအနေနဲ့ကတော့ ယာဉ်မောင်းရော ခရီးသည်တွေပါ ထိုင်ခုံခါးပတ်ပတ်ထားသင့် တယ်။ အဲဒီအတွက် မတော်တဆအခြေအနေတွေမှာ လွင့်ထွက်သွားတာ မျိုးတွေမဖြစ်အောင်ကာကွယ် နိုင်တယ်''ဟုပြောသည်။

လက်ရှိတွင် ပြည်တွင်းသို့ မော်တော်ယာဉ်တင်သွင်းမှုများပြား လာသည်နှင့်အမျှ ယာဉ်မတော် တဆဖြစ် ပွားမှု နှုန်းမှာလည်း နှစ်စဉ် မြင့်တက်လာခဲ့သည်ကို တွေ့ရသည်။

ယာဉ်မတော်တဆမှု တချို့ မှာလည်း ယာဉ်မောင်းတချို့ လက်ကိုင်ဖုန်းပြောဆိုမောင်းနှင်မှု ကြောင့် ဖြစ်ပွားမှု များ ရှိခဲ့ကြောင်း သိရသည်။

ဆုလဲ့ဝင့်
The Union Daily

No comments:

Post a Comment