Tuesday 10 June 2014

နေ့စားလပေး ပညာရေးဝန်ထမ်း ခန့်အပ်စာရင်း သြဂုတ်လတွင် ထုတ်ပြန်မည်

ပဲခူးတိုင်းအရှေ့ခြမ်း တောင်ငူမြို့နယ် အခြေခံပညာကျောင်းများအတွက် နေ့စာလပေး မူလတန်းပြဆရာ ဝင်ခွင့် လျှောက်ထားသူ ၇၅၀ အနက် ခန့်အပ်ပေးမည့် လူစာရင်းကိုမူ သြဂုတ်လ နောက်ဆုံးပတ်ခန့်တွင် ထုတ်ပြန်နိုင်ဖွယ် ရှိကြောင်း တောင်ငူမြို့နယ် ပညာရေးမှူးရုံး တာဝန်ရှိသူတစ်ဦးထံမှ စုံစမ်းသိရှိရသည်။

မေလ ၉ ရက်နေ့က ရေးဖြေ စာမေးပွဲ ကျင်းပနိုင်ခဲ့ရာ ရေးဖြေ အောင်မြင်သူ ၂၈၅ ယောက်သာမက ရေးဖြေ အောင်မြင်မှု မရှိသူ ၄၀၀ နီးပါးကိုပါ မေလ ၁၄ ရက်နေ့တွင် ည ၁၀ နာရီခန့်အထိ လူတွေ့ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ဆရာ ဆရာမ လိုအပ်ချက်အရ အများစုကို နေ့စားလပေး မူလတန်းပြ ဆရာအဖြစ် ခန့်ထားပေးရန် ရှိကြောင်း တောင်ငူမြို့နယ် ပညာရေးမှူး ရုံးထံမှ စုံစမ်းသိရှိရသည်။

“မြို့နယ်အတွင်း နေ့စားလပေး ဆရာ ၃၀၀ လောက် ခန့်ဖို့ ရှိနေပါတယ်။ နောက်ပြီး ပြည်နယ်တွေမှာက လိုအပ်ချက် ပိုများနေလို့ နေရာမရွေး တာဝန်ထမ်းပါမယ် ဆိုတဲ့ ဘွဲ့ရဝန်ထမ်း တော်တော်များများက ဒီမြို့နယ်ထဲမှာ မရရင်တောင် တခြား ပြည်နယ်နဲ့ တိုင်းတွေမှာ အလုပ်ခန့်သွားဖို့ ရှိနေပါတယ်” ဟု တောင်ငူမြို့နယ် ပညာရေးမှူးရုံးမှ လက်ထောက်ပညာရေးမှူး တစ်ဦးက ဆိုသည်။

တောင်ငူမြို့နယ်အတွင်း အခြေခံပညာ မူလတန်းကျောင်းပေါင်း ၆၈၃ ကျောင်း အပါအဝင် ကျောင်းပေါင်း ၈၈၀၊ ကျောင်းသား ၁၇၀,၇၉၃ ယောက်တွင် ဆရာ ဆရာမ အင်အား ၇၁၃၈ ဦးရှိပြီး ဆရာနှင့် ကျောင်းသားဦးရေ အချိုးမှာ မူလတန်းပညာရေးတွင် ဆရာတစ်ဦးလျှင် ကျောင်းသား ၂၆ ဦး ရှိနေကြောင်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ အစီရင်ခံစာများအရ သိရသည်။

The Voice Weekly 

No comments:

Post a Comment