Tuesday 10 June 2014

မြောက်ဥက္ကလာတွင် အငှားယာဉ်နှင့် မြို့ပတ်ရထားတိုက်

မြောက်ဥက္ကလာပမြို့နယ် ပုရွက်ဆိတ်ကုန်းရပ်ကွက် ရွှေဥမင် ဘုန်းကြီးကျောင်းရှေ့ရှိ ရထားသံလမ်းတွင် ဇွန်လ ၈ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က ရထားလာစဉ် သံလမ်း ဖြတ်မောင်းသော အငှားယာဉ်တစ်စီးနှင့် မြို့ပတ်ရထား တိုက်မှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရှိရသည်။

မင်္ဂလာဒုံဘက်မှ ရန်ကုန်ဘက်သို့ ခုတ်မောင်းလာသော DD-933 သရက် (၅) မြို့ပတ်ရထားမှာ မိုင်တိုင် အမှတ် ၁၀/၆ အနီးတွင် ရထားသံလမ်းကို ဖြတ်မောင်းလာသော ဆလွန်းဗင် အမျိုးအစား အငှားယာဉ်နှင့် တိုက်မိခဲ့ရာ ယာဉ်မောင်းမှာထိခိုက်ဒဏ်ရာမရရှိခဲ့ကြောင်း မြောက်ဥက္ကလာပမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦး က ရှင်းပြသည်။

“ရထားလာတဲ့အချိန်မှာ လမ်းပိတ်ထားတဲ့ မောင်းတံဂိတ်မျိုး မရှိတော့ ကားသမားက သံလမ်းကို ဖြတ် မောင်းတာ မလွတ်ဘဲ ကားနောက်ပိုင်းက ရထားစက်ခေါင်း သွားချိတ်မိပြီး တရွတ်တိုက် ပါသွားတယ်။ ကား နောက်ခန်းမှာ ခရီးသည် မပါလာတာ ကံကောင်းတယ်” ဟု မီးရထားနှင့် အငှားယာဉ် တိုက်မိစဉ်က မျက်မြင်တွေ့ရှိခဲ့သော (ခ) ရပ်ကွက်တွင် နေထိုင်သူ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးက ရှင်းပြသည်။

အဆိုပါ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သော ရထားသံလမ်း နေရာမှာ ပုရွက်ဆိတ်ကုန်း ရပ်ကွက်နှင့် (ခ) ရပ်ကွက် သို့ မော်တော်ယာဉ်များ၊ ဆိုင်ကယ်များနှင့် အများပြည်သူတို့ နေ့စဉ် ဖြတ်သန်းသွားလာနေသော လမ်း မဖြစ်ကြောင်း၊ ယင်းနေရာတွင် မောင်းတံဂိတ် မရှိသောကြောင့် ရထားလာစဉ် သံလမ်းဖြတ်ကူးသူများ ရှိသော် လည်း ယင်းကဲ့သို့ မီးရထားနှင့် မော်တော်ယာဉ် တိုက်မှုမှာ ပထမဆုံးအကြိမ် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

မြို့ပတ်ရထားနှင့် မော်တော်ယာဉ် တိုက်မှု ဖြစ်ပွားခဲ့သော်လည်း ရထားသွားလာခြင်း နှောင့်နှေးကြန့်ကြာမှု မရှိခဲ့ကြောင်း၊ မီးရထားလာစဉ် ရထားသံလမ်း ဖြတ်မောင်းနှင်ခဲ့သည့် မြောက်ဥက္ကလာပမြို့နယ် (ဈ) ရပ်ကွက်တွင် နေထိုင်သူ အသက် ၄၃ နှစ်အရွယ်ရှိ အမျိုးသားကို (ပ) ၄၃၅/ ၁၄၊ မီးရထား အက်ဥပဒေ ပုဒ်မ ၁၂၉ ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ သိရှိ ရသည်။

ဇွန်လ ၁ ရက် နံနက် ၁၁ နာရီခွဲခန့်က အင်းစိန်မြို့နယ်ရှိ ရန်ကုန် မြို့ပတ်ရထားလမ်း မိုင်တိုင်အမှတ် ၁၅/ ၂ တွင် မြို့ပတ်ရထားလာစဉ် ဂိတ်ပိတ်ထားသည်ကို အသက် ၄၂ နှစ်အရွယ် အမျိုးသားက မော်တော်ဆိုင် ကယ်ဖြင့် မြို့ပတ်ရထားရှေ့မှ ဖြတ်ကျော် မောင်းနှင်ခဲ့သဖြင့် အမှုဖွင့်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူး ရုံးထံမှ သိရှိရသည်။

အလားတူ ဇွန်လ ၃ ရက်နေ့ ညနေပိုင်းက တိုက်ကြီးမြို့နယ် မင်္ဂလာရပ်ကွက် ရန်ကုန်-ပခုက္ကူ ရထားလမ်း မိုင်တိုင်အမှတ် ၄၀/၂၄ နှင့် ၄၁/၁ အကြား လူသွားလမ်းကူး၌ ရန်ကုန်-ပခုက္ကူ အမြန်ရထား၏ အရှေ့ဘန်ဘာ နှင့် အသက် ၃၀ အရွယ် အမျိုးသား မောင်းနှင်လာသော ဆိုင်ကယ်နှင့် ဝင်တိုက်ရာမှ ဆိုင်ကယ်မောင်းသူနှင့် ဆိုင်ကယ်နောက် စီးနင်းလာသူ အသက် ၁၉ နှစ်အရွယ် လူငယ်တို့ ဒဏ်ရာများ ရရှိခဲ့သည်။

The Voice Weekly

No comments:

Post a Comment