Tuesday 10 June 2014

မိုဘိုင်းလ်ဘဏ်စနစ် လုပ်ကိုင်ခွင့် ပုဂ္ဂလိကဘဏ်အချို့ တစ်ပတ်အတွင်း ထပ်မံခွင့်ပြုမည်

အင်တာနက်လိုင်း နှေးကွေးနေဆဲ ဖြစ်သည့် မြန်မာနိုင်ငံတွင် ဘဏ်ဝန်ဆောင်မှုများကို မိုဘိုင်းလ်ဖုန်းဖြင့် သုံးစွဲနိုင်မည့် မိုဘိုင်းလ်ဘဏ်စနစ် လုပ်ကိုင်ရန် တင်ပြထားသော ပုဂ္ဂလိကဘဏ်များအနက် အချို့ကို ယခုသီတင်းပတ် အတွင်းမှ စတင်၍ ထပ်မံလုပ်ကိုင်ခွင့် ပြုမည် ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ မိုဘိုင်းလ်ဘဏ်စနစ် ဝန်ဆောင်မှုကို ယခု ထပ်မံလုပ်ကိုင်ခွင့် ပေးမည့် ဘဏ်များအနက် ပထမပုဂ္ဂလိကဘဏ် လီမိတက်နှင့် သမဝါယမဘဏ် လီမိတက် (CB Bank) ဘဏ်တို့ ပါဝင်ကြောင်း ၎င်းကဆိုသည်။ “မိုဘိုင်းလ်ဘဏ်စနစ်ကို လတ်တလော လုပ်ငန်း လုပ်ကိုင်နေတာက အင်းဝဘဏ်နှင့် မြဝတီဘဏ်တို့ ဖြစ်တယ်” ဟု ၎င်းက ပြောဆိုသည်။

သမဝါယမဘဏ်သည် လတ်တလောတွင် မိုဘိုင်းလ်ဘဏ်စနစ်၏ ဝန်ဆောင်မှု အချို့ဖြစ်သည့် မိုဘိုင်းလ် ဖုန်းဖြင့် ဘဏ်ငွေစာရင်း အချင်းချင်း ငွေလွှဲပြောင်းခြင်း၊ ငွေစုစာရင်းများ စစ်ဆေးခြင်းနှင့် နိုင်ငံတကာတွင် အသုံးပြုနိုင်သည့် ခရီးသွားကတ်များသို့ ငွေလွှဲပြောင်းခြင်းများကို စမ်းသပ် ဝန်ဆောင်မှု ပေးနေကြောင်း CB ဘဏ်၏ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဖေမြင့်က ပြောကြားသည်။ 

ဘဏ်ဖွင့်လှစ်ရန် အခက်အခဲ ရှိသော ဒေသများတွင် ဘဏ်များက အေးဂျင့်များ ထားရှိ၍ ငွေလွှဲခြင်း၊ ဘဏ် ငွေ စာရင်း လွှဲပြောင်းခြင်း၊ လစာငွေ လွှဲပြောင်းခြင်း၊ ဘဏ်အပ်ငွေ စာရင်းများကို စစ်ဆေးခြင်း၊ မိုဘိုင်းလ်ဖုန်းဖြင့် ငွေလဲနှုန်းများ ကြည့်ရှုနိုင်ခြင်း၊ ဘဏ်ခွဲများ၏ တည်နေရာ ကြည့်ရှုခြင်း စသည်တို့ကို ဖုန်း အင်တာနက်၊ ဖုန်းစာတိုပို့စနစ်၊ ကုတ်စနစ်များဖြင့် အသုံးပြုနိုင်သော ဝန်ဆောင်မှု ဖြစ်သည့် မိုဘိုင်းလ်ဘဏ် ဝန်ဆောင်မှုကို အဆင်ပြေစွာ အသုံးပြုနိုင်ရန် ဆက်သွယ်ရေးလိုင်းများ ကောင်းမွန်ရန် လိုကြောင်း ပြည်တွင်းဘဏ်လုပ်ငန်းရှင် တစ်ဦးက ပြောသည်။ 

“ဆက်သွယ်ရေး လိုင်းတို့ ဘာတို့ ဆိုတဲ့ Infrastructure (အခြေခံ အဆောက်အဦး) တွေကို ဘဏ်တွေက တည်ဆောက်လို့ မရဘူး။ အစိုးရဘက်က အကောင်အထည်ဖော်ပေးမှ ရမှာ” ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံတွင် မိုဘိုင်းလ်ဘဏ် ဝန်ဆောင်မှုကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ဝန်းကျင်မှ စ၍ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း လက်အောက်ရှိ အင်းဝဘဏ် လီမိတက်ကို လုပ်ကိုင်ခွင့်ပြုခဲ့သည်။

The Voice Weekly 

No comments:

Post a Comment