Friday 21 March 2014

မြန်မာနိုင်ငံ ဒေသအချို့တွင် ရက်ပိုင်းအတွင်း အချိန်အခါမဟုတ် မိုးရွာသွန်းမည်

မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းမှ ရွေ့လျားလာသည့် လေပွေလှိုင်းများ၏ အရှိန်ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် မတ်လ ၂၀ ရက်နေ့မှစ၍ နောက်ငါးရက်အတွင်း အချိန် အခါမဟုတ် မိုးများ ရွာသွန်းမည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက မတ်လ ၂၀ ရက်တွင် ကြေညာချက် ထုတ်ပြန်သည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်း ရွာသွန်းမည် ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဒါမျိုးက အရမ်းကို အပူချိန် မြင့်တက်လာတဲ့ အခါမျိုးမှာ ဖြစ်တတ်တယ်။ အခုဆိုရင် အပူချိန် လွန်ကဲမှုနဲ့ ခရမ်းလွန်ရောင်ခြည် အန္တရာယ်က အရမ်းကို အရေးကြီးနေပြီ” ဟု မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင်က ဆိုသည်။

ရန်ကုန် အပါအဝင် မန္တလေး၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် နေ့အပူချိန်များ ယခု ရက်ပိုင်းအတွင်း ဆက်လက် မြင့် တက်နေပြီး လေပွေလှိုင်းများ ဝင်ရောက်လာနိုင်သော်လည်း မိုးတိမ်တောင်များ ဖြစ်ပေါ်နိုင်ခြေ မရှိကြောင်း ၎င်းက ခန့်မှန်း ပြောကြားသည်။

ကယားပြည်နယ် ဘော်လခဲမြို့တွင် ထူးခြား နေ့အပူချိန် ၄၂ ဒီဂရီစင်တီဂရိတ်နှင့် အောင် လံမြို့နှင့် ဟင်္သာတမြို့တို့တွင် ၄၁ ဒီဂရီ စင်တီဂရိတ်အထိ အပူချိန်များ မြင့်တက် ရောက် ရှိနေကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ တိုင်းတာချက်များအရ သိရ သည်။

The Voice Weekly

No comments:

Post a Comment