Friday 21 March 2014

အိမ်အကူကို မီးပူနှင့်ထိုး ရေနွေးပူဖြင့် လောင်းကာ သော့ခတ် ပိတ်လှောင် ထားသည့် အိမ်ရှင်ကို အမှုဖွင့်

ကမာရွတ်မြို့နယ် ဘုရင့်နောင်တာဝါ(၂)ရှိ လေးလွှာတိုက်ခန်းတွင် အသက် ၂၅ နှစ်အရွယ် အိမ် အကူအမျိုးသမီးကို မီးပူဖြင့်ထိုး၊ ရေနွေးပူဖြင့်လောင်းပြီး သံတုတ်ဖြင့်ရိုက်နှက်ကာ တစ်ပတ် ကြာ နေအိမ်အတွင်း သော့ခတ်ပိတ်လှောင်ထားသည်ဆိုသည့် အိမ်ရှင်အမျိုးသမီးကို ကမာ ရွတ်မြို့မ ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ သိရှိရသည်။ 

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ကုန်ပေးကြီး ကျေးရွာတွင် နေထိုင်သူ မသီတာဝင်းမှာ ယခုနှစ် ဇန်နဝါရီလမှ စ၍ အဆိုပါ တိုက်ခန်းတွင် အိမ်အကူအလုပ် လုပ်ကိုင် ခဲ့ရာမှ မတ်လ ၁၀ ရက်နေ့က ၎င်းအိမ်သန့်ရှင်းရေး လုပ်ဆောင်မှုကို အိမ်ရှင် အမျိုးသမီးက မကျေနပ်ဖြစ်ပြီး ဆဲဆို၍ မီးပူဖြင့်ထိုး၊ ရေနွေးပူဖြင့် လောင်းပြီး သံတုတ်ဖြင့် ရိုက်နှက်ကာ နေအိမ်အတွင်း သော့ခတ်ပိတ်ထားခဲ့ကြောင်း အိမ်အကူ အမျိုးသမီးက ရဲစခန်းထံ တိုင်ကြား ချက်များအရ သိရှိရသည်။

ယင်းကဲ့သို့ အိမ်အကူ ပိတ်လှောင် ခံထားရစဉ် မတ်လ ၁၈ ရက် နံနက် ၉ နာရီခွဲခန့်က အိမ်ရှင် အမျိုးသမီးက အိမ်အကူကို ဆပ်ပြာ ထွက်ဝယ်ခိုင်းရာ မရမ်းကုန်းမြို့နယ် အမှတ် (၅) ရပ်ကွက် တွင် နေထိုင်သူ ၎င်း၏ အစ်မထံ ထွက်ပြေး လွတ်မြောက်ခဲ့ကြောင်း အဆိုပါ ရဲစခန်းထံမှ သိရှိ ရသည်။ 

“အိမ်ရှင်က ငွေငါးရာတန် ပေးပြီး ဆပ်ပြာထွက်ဝယ်ခိုင်းတုန်း ဈေးဝယ်ခိုင်းတဲ့ ပိုက်ဆံကို တာဝါမှာ ရှိတဲ့ လုံခြုံရေး အစောင့်ကို ပြန်ပေးခိုင်းပြီး သူ့အစ်မဆီ ထွက်ပြေးခဲ့တာ။ စခန်း လာတိုင်ကြားချိန်မှာ ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာ ဒဏ်ချက်တွေကို ဓာတ်ပုံနဲ့ မှတ်တမ်းတင် ထားပါတယ်။ အမှုဖွင့် တိုင်ကြားသူကို ခေါ်စစ်ဆေးဖို့ လတ်တလော ဆောင်ရွက်နေဆဲပါ” ဟု ကမာရွတ်မြို့မ ရဲစခန်းမှ အမှုစစ် ရဲအရာရှိက ရှင်းပြသည်။ 

ရိုက်နှက်ခံရသူ မသီတာဝင်း၏ မျက်နှာ၊ လက်နှင့် ခြေထောက်တို့တွင် ညိုမည်းစွဲ ဒဏ်ရာ များနှင့် ဖူးရောင်ပေါက်ပြဲ ဒဏ်ရာများ ရရှိခဲ့ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ပြင်ပလူနာအဖြစ် ကုသခဲ့ရကြောင်း၊ အိမ်အကူကို ဒဏ်ရာများ ရရှိအောင် ရိုက်နှက်ခဲ့သော အိမ်ရှင် အမျိုးသမီးကို ကမာရွတ်မြို့မ ရဲစခန်းက (ပ) ၁၁၅/၁၄၊ ပုဒ်မ၃၂၆/၂၉၄/၃၄၂ ဖြင့် အမှုဖွင့်ပြီး စုံစမ်း စစ်ဆေး လျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးထံမှ သိရှိရသည်။

အဆိုပါ အိမ်အကူကို ရိုက်နှက်ခဲ့သည်ဟု အမှုဖွင့် တိုင်ကြားခံရသော အိမ်ရှင် အမျိုးသမီးကို မတ်လ ၂၀ ရက်နေ့ နံနက်ပိုင်းက သွားရောက် မေးမြန်းသော်လည်း အခန်းသော့ ပိတ်ထား သဖြင့် မေးမြန်းခွင့် မရခဲ့ပေ။

The Voice Weekly

No comments:

Post a Comment