Friday 21 March 2014

အခြေခံဥပဒေ ပြင်ဆင်ရေး မိုးကုတ်တွင် ဒေါ်အောင်ဆန်းစုကြည် ဟောပြောမည်

Photo: အခြေခံဥပဒေ ပြင်ဆင်ရေး မိုးကုတ်တွင် ဒေါ်အောင်ဆန်းစုကြည် ဟောပြောမည်

မန္တလေး၊ မတ် ၂၀

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့တွင် မတ်လ ၂၂ ရက်နေ့နှင့်၂၃ ရက်တို့၌ အခြေခံဥပဒေ ပြင်ဆင်ရေး လူထုဟောပြောမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (ဗဟို) ပြန်ကြားရေးထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ ဟောပြောပွဲများကို မတ်လ ၂၂ ရက်နေ့ ညနေ ၄ နာရီတွင် မိုးကုတ် ပြည်သူ့အားကစားကွင်းနှင့် မတ်လ ၂၃ ရက်နေ့ နံနက် ၉နာရီတွင် အနောက်ပိုင်း ကျပ်ပြင် အားကစားကွင်းတို့တွင် ပြုလုပ်မည် ဖြစ်ကြောင်း ဗဟိုပြန်ကြားရေး တာဝန်ခံဦးကြည်တိုးက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မိုးကုတ်ခရီးစဉ် အပြန်တွင် ပြင်ဦးလွင်မြို့ အင်းထိပ်ဦးကျေးရွာ တော်ဝင်နှင်းဆီခြံ၌  မန္တလေးမြို့တော်မှ စာရေးဆရာ၊ ကဗျာဆရာများနှင့် တွေ့ဆုံရန် ရှိကြောင်း မန္တလေးမြို့ခံ စာရေးဆရာများက ပြောကြားသည်။

၂၀၀၈ခုနှစ် အခြေခံဥပဒေ ပြင်ဆင်ရေး ပုဒ်မ ၅၉(ဃ) (စ)၊ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဆန္ဒပြပွဲများကို  ရန်ကုန်၊ မန္တလေးနှင့် နယ်မြို့အချို့တို့၌ ပြုလုပ်ခဲ့သည်။

မန္တလေး၊ ပြင်ဦးလွင်နှင့် ရန်ကုန်မြို့တော်တို့တွင် မတ်လ ၂၃ ရက်နေ့တွင် အခြေခံဥပဒေ ပြင်ဆင်ရေး ပုဒ်မ ၅၉ (ဃ)(စ) ပြင်ဆင်ရေး၊ တရားဥပဒေ စိုးမိုးရေး၊ ပြည်သူကို ဖိနှိပ်သော ဥပဒေများ ဖျက်သိမ်းရေး၊ ပုဒ်မ ၁၈ ဖျက်သိမ်းရေး၊ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး၊ တစ်နိုင်ငံလုံး ခြွင်းချက်မရှိ အပစ်အခတ်ရပ်စဲရေး၊ စစ်မှန်သော ပြည်ထောင်စု ဖော်ဆောင်ရေး၊ ပြည်သူကို စော်ကားသော ဝန်ကြီးများ အလိုမရှိ စသည့်အချက်များ ပါဝင်သည့် ဆန္ဒပြပွဲများ ပြုလုပ်သွားမည် ဖြစ်ပြီး ယင်းမြို့များရှိ ဒီမိုကရေစီ အင်အားစုများ ပါဝင်မည် ဖြစ်ကြောင်း အဆိုပါ ဒီမိုကရေစီ အင်အားစုများထံမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment