Friday 21 March 2014

မြန်မာ့ပြည်ပချေးငွေ ထက်ဝက်နီးပါး တရုတ်ထံမှချေး၊ ကန်ဒေါ်လာ သန်း လေးထောင်ကျော် အထိရှိ

 ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါက်တာလင်းအောင် နှင့် ဦးကျော်ခိုင်ဝင်း (မယ်စဲ့)
မြန်မာနိုင်ငံက နိုင်ငံတကာထံ ချေးယူငွေများတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ချေးယူထားငွေ မှာ ပြည်ပချေးငွေ စုစုပေါင်း၏ ထက်ဝက်ခန့် ရှိပြီး အမေရိကန်ဒေါ်လာ ၄၀၂၈ ဒဿမ ၁၉၃ သန်း ရှိကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာလင်းအောင်က ပြောကြား သည်။

မတ်လ ၂၀ ရက်နေ့တွင် ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ပေးဆပ်ရန် ကျန်ရှိသည့် ချေးငွေ ပမာဏကို သိရှိလိုသည့် မယ်စဲ့ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ခိုင်ဝင်း၏ မေးခွန်းနှင့် ပတ်သက်ပြီး ၎င်းက အထက်ပါ အတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံက ချေးငွေ ယူထားသော ပြည်ပနိုင်ငံ အဖွဲ့အစည်း ၁၆ ခုသို့ ပေးဆပ်ရန် ကျန်ရှိငွေ ပမာဏ အမေရိကန်ဒေါ်လာ ၉၅၈၄ ဒသမ ၈၉၄ သန်းရှိပြီး ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ အထိ ချေးယူထားငွေများ ဖြစ်ကြောင်း ဒေါက်တာ လင်းအောင်က ပြောကြားသည်။

အဆိုပါ ချေးငွေများမှာ အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့ IMF ၏ ငွေလဲလှယ်နှုန်းအရ တွက်ချက် ထားသော ပမာဏ ဖြစ်ပြီး ချေးငွေလက်ကျန် ပမာဏသည် အချိန်နှင့်အမျှ ဖြစ်ပေါ်နေသော ငွေလဲနှုန်း ပြောင်းလဲမှု၊ စာရင်းပိတ်နေ့တွင် ပြည်ပချေးငွေ ထုတ်ယူ သုံးစွဲခြင်းနှင့် အရင်းအတိုး ပြန်လည် ပေးဆပ်ခြင်းတို့ကြောင့် ကိန်းဂဏန်း ပြောင်းလဲမှု ရှိနို င်ကြော င်း ၎င်းကဆိုသည်။

ယင်းသို့ ချေးငွေ ပမာဏကို ထုတ်ပြန်ပေးသော်လည်း မည်သည့် အချိန်က စတင် ချေးယူ ခဲ့ကြောင်းကိုမှု ထည့်သွင်း ပြောဆိုသွားခြင်း မရှိပေ။

ချေးငွေများကို ပွင့်လင်းမြင်သာမှု အားနည်းစွာ ချေးယူခဲ့သော်လည်း အစိုးရသစ် လက်ထက် တွင် လွှတ်တော် သဘောထား ရယူပြီးမှသာ ချေးယူရခြင်း ဖြစ်ပြီး အသုံးချသည့် လုပ်ငန်းများ ကိုသာ စိစစ်ရန် အရေးကြီးကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်မြင့်အောင်က ပြောကြားသည်။

“ချေးတဲ့သူကတော့ သူ့အတွက် အကျိုးအမြတ် ဘာရလဲ ကြည့်ပြီးမှ ချေးမှာပါ၊ အရင်အစိုးရ လက် ထက် က ချေးခဲ့တာဆိုလည်း အမွေပေးခဲ့တာလို့ပဲ သဘောထားရမှာပါ” ဟု ၎င်းကဆို သည်။

ပေးဆပ်ရန် ကျန်ရှိ နိုင်ငံများ၊ ငွေကြေး အဖွဲ့အစည်း များနှင့် နိုင်ငံတစ်ခုချင်း ပေးဆပ်ရန် ကျန်ငွေ ပမာဏများမှာ IDA မှ ၈၆၂ ဒသမ ၅၅၈ သန်း၊ ADB မှ ၆၁၃ ဒသမ ၀၅၁ သန်း၊ OPEC မှ ၁၈ ဒသမ ၁၃၁ သန်း၊ အိန္ဒိယနိုင်ငံမှ ၁၉၃ ဒသမ ၈၅၄ သန်း၊ ကိုးရီးယားနိုင်ငံမှ ၄၈ ဒသမ၂၁၁ သန်းနှင့် ဂျပန်နိုင်ငံမှ ၁၉၂၇ ဒသမ ၉၆၃ သန်း ရှိကြောင်း ဘဏ္ဍာရေး ဝန်ကြီးဋ္ဌာနမှ သိရသည်။

ထို့အပြင် ထိုင်းနိုင်ငံမှ ၅၁ ဒသမ ၅၂၅ သန်း၊ မလေးရှားနိုင်ငံမှ ၉၀ သန်း၊ ဆာဗီးယား နိုင်ငံမှ ၁၁ ဒသမ ၄၁၃ သန်း၊ ဂျာမနီနိုင်ငံမှ ၉၂၃ ဒသမ ၅၉၆ သန်း၊ ဖင်လန်နိုင်ငံမှ ၃ ဒသမ ၄၄၇ သန်း၊ ပြင်သစ်နိုင်ငံမှ ၆၀၀ ဒသမ ၅၉၈ သန်း၊ နယ်သာလန်နိုင်ငံမှ ၁၀ ဒသမ ၈၈၄ သန်း၊ သြစတြေးယား နိုင်ငံမှ ၁၅၅ ဒသမ ၃၄၆ သန်း၊ အင်္ဂလန်နိုင်ငံမှ ၄၄ ဒသမ ၂၃၈ သန်း၊ ကနေဒါနိုင်ငံမှ ၅ ဒသမ ၁၈၆ သန်း၊ အီတလီနိုင်ငံမှ ၃ ဒသမ ၁၇၀ သန်း၊ ဆော်ဒီအားရေဗျနိုင်ငံမှ ၂ ဒသမ ၅၃၀ သန်း ပြန်လည် ပေးဆပ်ရန် ကျန်ရှိကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနမှ သိရသည်။

The Voice Weekly

1 comment:

  1. လူကြီး လူခေါင်းတွေ မူလက မရှိပဲ လူကြီးဖြစ်လာမှ ချမ်းသာကြွယ်ကြတာ ဒီအကြွေးတွေရဲ့ အစိတ်အပိုင်းတွေ နေမှာ။ နတ်မသိလည်း လူသိကြပါလိမ့်မယ်။ ဆင်ခြင်တော်မူကြပါကုန်။

    ReplyDelete