Friday 21 March 2014

လျှပ်စစ်ဓာတ်အားခများ တိုးမြှင့်ကောက်ခံရန် လွှတ်တော်က အတည်ပြုပြီးနောက် အရပ်ဘက် လူ့အဖွဲ့အစည်းအချို့က ယခင်နှုန်းထားအတိုင်း တစ်နိုင်ငံလုံးတွင် သတ်မှတ်ထားရှိပေးရေး ဆန္ဒပြတောင်းဆိုရန် စီစဉ်

၂၀၁၃ ခုနှစ် နိုဝင်ဘာလအတွင်းက မီတာခများတိုးမြှင့်ကောက်ခံမည့်အပေါ် ဆန္ဒထုတ်ဖော်ခဲ့ကြသူများအား တွေ့ရစဉ်(ဓာတ်ပုံ-မင်းသိန်းနိုင်)
လျှပ်စစ်ဓာတ်အားခများကို ၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်တွင် တိုးမြှင့်ကောက်ခံရန် ပြည်ထောင်စု လွှတ်တော်မှ မတ် ၁၉ ရက်တွင် အတည်ပြုခဲ့ပြီးနောက် အရပ်ဘက် လူ့အဖွဲ့အစည်းအချို့မှ တစ်နိုင်ငံလုံးတွင် ယခင်ဓာတ်အားခ နှုန်းထားအတိုင်း သတ်မှတ်ထားရှိပေးရန် အစိုးရအား ဆန္ဒပြတောင်းဆိုသွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ အဆိုပါ ဆန္ဒပြတောင်းဆိုမှု ပြုလုပ်ရန်အတွက် ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့၊ ဒီမိုကရေစီအင်အားစု၊ Generation Wave  အဖွဲ့နှင့် အခြားအရပ်ဘက် လူ့အဖွဲ့အစည်းများမှ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“အစိုးရအနေနဲ့ ပြည်သူလူထု စားဝတ်နေရေးအခက်အခဲတွေ၊ အလုပ်အကိုင် ရှားပါးမှုတွေ၊ နေထိုင်ရေးအခက်အခဲတွေကို ပြေလည်အောင် ဦးစားပေးဆောင်ရွက်တာမျိုး မရှိဘဲ မရှိဆင်းရဲသားပြည်သူတွေကို အခွန်အခတွေ တိုးမြှင့်တာတို့ လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံ တာတွေဟာ ပြည်သူတွေကို ဆင်းရဲတွင်းက ရုန်းထွက်လို့မရအောင် ပြုလုပ်တာပဲ ဖြစ်ပါတယ်။ ဒီလိုမျိုးပြည်သူတွေရဲ့ စားဝတ်နေရေးမပြေလည်အောင် အစိုးရအနေနဲ့ ပြုလုပ်တာက ကျွန်တော်တို့ပြည်သူတွေ လူ့အခွင့်အရေး ချိုးဖောက်ခံရတာပါပဲ။ အဲဒီအတွက် ပြည်သူတွေရဲ့ ဆန္ဒကို အစိုးရထပ်မံ သိရှိအောင် ဆန္ဒပြတောင်းဆိုသွားမှာပါ” ဟု ကုန်ဈေးနှုန်းကျဆင်းရေး အဖွဲ့မှ ကိုထင်ကျော်က မတ် ၂၀ရက်တွင် The Daily Eleven သတင်းစာသို့ ပြောကြားသည်။

ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့အနေဖြင့် မတ် ၂၄ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တိုင်းတရား လွှတ်တော်ရှေ့၌ လျှပ်စစ်မီတာခများ တိုးမြှင့်ကောက်ခံခြင်းနှင့် လွှတ်တော် အုပ်ချုပ်ရေး ကဏ္ဍများတွင် တရားဥပဒေ စိုးမိုးမှု မရှိခြင်းတို့ကို လူဦးရေ ၁၀၀ဖြင့် ဆန္ဒပြမည်ဖြစ်ကြောင်း သိရသည်။

“ အရင်တစ်ခေါက် လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ဖို့ စီစဉ်တာကို ပြည်သူလူထုတွေအနေနဲ့ ကန့်ကွက် ဆန္ဒပြမှုကို ပြုလုပ်ခဲ့ ပြီးပါပြီ။ ဒီလိုဆန္ဒပြမှုတွေ ရှိခဲ့တာကို အစိုးရအနေနဲ့ရော၊ လွှတ်တော် အနေနဲ့ပါ တိုးမြှင့်ဖို့အတည်ပြုခဲ့တာက ပြည်သူ့ဆန္ဒတွေကို လျစ်လျူရှုပြီး ကိုယ်လုပ်ချင်ရာ လုပ်တဲ့ အစိုးရလို့ သတ်မှတ်ပါတယ် တိုးမြှင့်လိုက်တဲ့ မီတာခတွေက မရှိဆင်းရဲသားတွေအတွက် အရမ်းကိုဝန်ပိစေပါတယ်။ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေဖြစ်တဲ့ ခရိုနီတွေအတွက် ပြည်သူတွေကို ဂုပ်သွေးစုပ်ဖို့ အခွင့်အလမ်းတွေ ရှိလာနိုင်ပါတယ်။ တစ်နိုင်ငံလုံး ယခင်ဓာတ်အားခနှုန်းအတိုင်းသတ် မှတ်ထားရှိပေးဖို့ အစိုးရကို တစ်ကိုယ်တော် ဆန္ဒပြမှုတွေအပြင် အဖွဲ့အစည်းတွေနဲ့ပါ ဆန္ဒပြမှုတွေ ပြုလုပ်သွားမှာပါ”ဟု Generation Youth အဖွဲ့မှ ကိုတင်ထွဋ်ပိုင်က ပြောကြားသည်။

အစိုးရမှ လျှပ်စစ်ဓာတ်အားခ တိုးမြှင့်ကောက်ခံရန်အတွက် ပြည်ထောင်စုလွှတ်တော်မှ မဲခွဲဆုံးဖြတ်ရာတွင် အတိုက်အခံပါတီများမှ ကိုယ်စားလှယ် ၁၈ ဦးသာ မတ်တတ်ရပ် ကန့်ကွက် ခဲ့ကြပြီး ထောက်ခံသည့် လွှတ်တော်ကိုယ်စားလှယ်များသဖြင့် လွှတ်တော်က အတည်ပြုခဲ့ခြင်းဖြစ်သည်။

၂၀၁၃ခုနှစ် နိုဝင်ဘာလအတွင်း အစိုးရမှ လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံအစီအစဉ်အပေါ် ကန့်ကွက်ကြောင်း ဆန္ဒပြမှုကို နိုင်ငံတစ်ဝန်း ပြုလုပ်ခဲ့သဖြင့် လွှတ်တော်တွင် လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံမှုကို ဆွေးနွေးခဲ့ကြသော်လည်း ယခင်ရလဒ်အတိုင်းသာ ထွက်ပေါ်ခဲ့သဖြင့် ပြည်သူလူထုမှ စိတ်ပျက်လျှက်ရှိကြောင်း သိရသည်။

ထိုသို့ အစိုးရမှ လျှပ်စစ်ဓာတ်အားခ တိုးမြှင့်ကောက်ခံရန် တင်ပြမှုအားလွှတ်တော်မှ အတည်ပြုခဲ့မှုကို တရားလွှတ်တော် ရှေ့နေ ဦးကျော်ဟိုးက“အခုလို မီတာခတွေ တိုးကောက်တာ မဖြစ်သင့်ဘူး၊ ပြည်သူတွေ ဖြစ်ချင်တဲ့ပုံက လျှပ်စစ်မီးကို ကျယ်ကျယ် ပြန့်ပြန့် သုံးလို့ရမယ်။ သင့်တင့်လျောက်ပတ်တဲ့ ငွေလည်းဖြစ်ရမယ်။ ခုက မီတာခတက်ရင် ကုန်ဈေးနှုန်းပါတက်မှာ။ အစိုးရအနေနဲ့က လျှပ်စစ်မီးကို အရှုံးခံပြီးတောင် ပေးသင့်တယ်။ ကျွန်တော်တို့နိုင်ငံက သယံဇာတပေါကြွယ်ဝတဲ့ နိုင်ငံပါ။ ဒီကရတဲ့ ပိုက်ဆံတွေကို အရှုံးပေါ်တဲ့ ၀န်ကြီးဌာနတွေမှာ ပြန်လည်ဖြည့်စွက်သွားလို့ ရတာပဲ”ဟု သုံးသပ်ပြောကြားသည်။

“ မီတာခကို တိုးပြီး မကောက်စေချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ လစာတွေက တိုးလာရင် တော်သေးတယ်။ ကျွန်တော်တို့က ၀န်ထမ်းတွေလေ။ လစာမတိုးလာဘဲ ကုန်ဈေးနှုန်းတွေကလည်း သင်္ကြန်တောင် မရောက်သေးဘဲ တက်နေတဲ့အခါကျတော့ ဖြစ်နိုင်ရင် မီတာခကို မတက်စေချင်ဘူး။ အစိုးရနဲ့ ပြည်သူကြားမှာ မျှတစေချင်တယ်။ မီတာခ နှစ်ဆတက်လိုက်တာဟာ ပြည်သူကို ပိုပြီးခံစားရစေပါတယ်။ အစိုးရအနေနဲ့ လျှပ်စစ်တွေကို ပြည်ပပို့တာ ကျွန်တော်တို့ ပြည်သူတွေမှာ ပြောပိုင်ခွင့်မရှိဘူး ဖြစ်နေတယ်။ ပြည်သူတွေနဲ့ ညှိနှိုင်းပြီးမှ လုပ်သင့်တယ်လို့ မြင်တယ်။ မီတာခတော့ တက်တော့မယ် မင်းတို့သဘောတူ လို့လားလို့ အစိုးရက လာမေးတာတွေ ဆန္ဒပြုတာတွေလည်း မရှိဘူး” စမ်းချောင်းမြို့နယ်၊ မင်းလမ်းတွင် နေထိုင်သော ဦးဝင်းဇော်က မြို့နယ်လျှပ်စစ်ဌာနတွင် မီတာခဆောင်ပြီးနောက် ၎င်း၏အမြင်ကို ပြောကြားခဲ့သည်။

နိုင်ငံအတွင်း ရေအားလျှပ်စစ်ဖြင့် ထုတ်လုပ်မှုမှာ ရာခိုင်နှုန်း ၈၀ ရှိပြီး အရင်းမှာ ၁၅ ကျပ်ရှိကာ အိမ်သုံး တစ်ယူနစ်လျှင် ၃၅ ကျပ်နှုန်းနှင့် စက်မှုသုံး တစ်ယူနစ်လျှင် ၇၅ ကျပ်နှုန်းဖြင့် ရောင်းချနေသည့်အတွက် မည်သည့်အတွက်ကြောင့် အရှုံးမပေါ်နိုင်ကြောင်း၊ နိုင်ငံတော်မှ အရှုံးခံ ထုတ်လုပ်နေရခြင်းအတွက် လျှပ်စစ်သုံးစွဲခ တိုးမြှင့်ကောက်ခံရခြင်းသည် ရေရှည်တွင် ပြည်သူများ အကျိုးရှိစေရန်ဆိုသည်ထက် နောင်လျှပ်စစ်ကဏ္ဍတွင် ၀င်ရောက်လုပ်ကိုင်မည့် ကုမ္ပဏီများအား အကာအကွယ်ပေးခြင်းသာ ဖြစ်သည်ဟု အတိုက်အခံလွှတ်တော် ကိုယ် စားလှယ် များ က ဝေဖန်ခဲ့ကြသည်။

Eleven Media Group

No comments:

Post a Comment