Wednesday 19 February 2014

နိုင်ငံတော်သမ္မတနှင့် ဘင်္ဂလားဒေ့ရှ် ကြည်းတပ်ဦးစီးချုပ် တွေ့ဆုံ၍ နယ်စပ်ဖြတ်ကျော် အကြမ်းဖက်မှုများနှင့်ပတ်သက်ပြီး ဆွေးနွေး

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဘင်္ဂလားဒေ့ရှ်တပ်မတော် ကြည်းတပ်ဦးစီးချုပ် General Iqbal Kaim Byuiyan, psc တို့သည် ဖေဖော်ဝါရီ ၁၈ ရက် မွန်းလွဲပိုင်းက နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌တွေ့ဆုံ၍ နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော် အကြမ်းဖက်မှုနှင့် လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်ရန်တို့နှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့သည်ဟု နိုင်ငံတော်သမ္မတရုံး ၀က်ဘ် ဆိုက်တွင် ဖော်ပြထားချက်အရ သိရသည်။


ထို့ပြင် နိုင်ငံတော်သမ္မတနှင့် ဘင်္ဂလားဒေ့ရှ်တပ်မတော် ကြည်းတပ်ဦးစီးချုပ်တို့သည် နှစ်နိုင်ငံနယ်စပ်ဒေသ ၌ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် အလေးထားဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံသို့ ဦးတည်လာသည့် ဖောက်ခွဲဖျက်ဆီးရေးသမား သုံးဦးအား ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့မှု အခြေအနေများနှင့် ပတ်သက်ပြီးလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီး ကိုကို၊ ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်၊ ဦးဝဏ္ဏမောင်လွင်၊ ဦးအောင်ကြည်၊ ဦးအောင်မင်းတို့ တက်ရောက်ခဲ့ကြပြီး ဘင်္ဂလားဒေ့ရှ် တပ်မတော် ကြည်းတပ်ဦးစီးချုပ်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးနှင့် စစ်သံမှူးတို့ လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment