Wednesday 19 February 2014

သမီးကလေးကျေးရွာ ဖြစ်စဉ်အပါအ၀င် ကျူးကျော်ကိစ္စများအတွက် အစိုးရအနေဖြင့် စီစဉ်ဆောင်ရွက်နေကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်ပြောကြား

Photo
ဖေဖော်ဝါရီ ၁၈ ရက်က ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့တွင် သမီးကလေးကျေးရွာအား အင်အားသုံး ဖယ်ရှားခြင်းအပါအ၀င် မြေယာမဲ့ပြည်သူများ အရေး၊ သိမ်းဆည်းခံ တောင်သူလယ်သမားတို့အရေးအား ဖြေရှင်းရန် ဆန္ဒထုတ်ဖော်နေကြစဉ်

သမီးကလေးကျေးရွာ ဖယ်ရှားခံရမှု ဖြစ်စဉ်အပါအ၀င် ကျူးကျော် ကိစ္စများနှင့်ပတ်သက်၍ မေးမြန်းမှုကို အခြားဒေသများမှ ရန်ကုန်သို့ပြောင်းရွှေ့လာပြီး ငှားရမ်းနေထိုင်သူများ၊ ငှားရမ်းခ မပေးရသည့်နေရာတွင် ကျူးကျော်နေထိုင်သူများ မိမိနေထိုင်ရန်ရှိသော်လည်း အကျိုးအမြတ်ရယူလိုသောကြောင့် မြေဦး၊ နေရာ ဦးပြီး နေထိုင်သူအများစုဖြစ်ကြောင်းနှင့် ကျူးကျော်ကိစ္စများကို ဖြေရှင်းရန် အစိုးရအနေဖြင့် ဆောင် ရွက်နေကြောင်း နိုင်ငံတော်သမ္မတ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က The Daily Eleven သတင်းစာသို့ ပြန် လည်ဖြေကြားသည်။

    
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ရှိ သမီးကလေးကျေးရွာအား ဖေဖော်ဝါရီ ၄ ရက် အစောပိုင်း အချိန်တွင် တပ်ပိုင်မြေကို ကျူးကျော်သည်ဟုဆိုကာ ဖျက်သိမ်းခဲ့ပြီး ကျေးရွာသူရွာသားများမှာ ပဲခူးတိုင်းဒေသကြီးအတွင်းမှ အလိုင်နီဆည်ဘေးရှိ အောင်သိဒ္ဓိဘုန်းတော်ကြီးကျောင်းဝင်း၌ ခိုလှုံနေရလျက်ရှိသည်။ သို့သော်လည်း ဒေသဆိုင်ရာအာဏာပိုင်များက အဆိုပါရွာသားများကို ကျောင်း တိုက် အတွင်းမှ ထွက်ပေးရန် အမိန့်ထုတ်ခဲ့ခြင်းကြောင့် အဆိုပါဖြစ်စဉ်အပါအ၀င် ရန်ကုန်တိုင်းဒေ သကြီးအတွင်း ဖြစ်ပွားနေသော ကျူးကျော်ဖယ်ရှားမှု ပြဿနာများအပေါ် အစိုးရအနေဖြင့် မည်သို့ ကိုင်တွယ် လုပ်ဆောင်ရန် စီစဉ်ထားမှု ရှိ မရှိ သိလိုကြောင်း သမ္မတ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်ထံသို့ ဆက် သွယ်မေးမြန်းခဲ့သည်။

The Daily Eleven ၏ မေးမြန်းချက်အပေါ် ဦးရဲထွဋ်က ပြန်လည်ဖြေကြားရာတွင် "(၁) ယခုကျူးကျော်သူ အများစုက အခြားဒေသကနေ ရန်ကုန်ကိုပြောင်းရွှေ့လာပြီး ငှားရမ်းနေထိုင်သူတွေက ငှားခမပေးရတဲ့နေ ရာ ကို လာရောက်ကျူးကျော်နေထိုင်သူများ၊ မိမိနေထိုင်ရန်ရှိသော်လည်း အကျိုးအမြတ်ရယူလိုတာကြောင့် မြေဦး၊ နေရာဦးပြီး နေထိုင်သူများက အများစုဖြစ်ပါတယ်။ (၂) ကျူးကျော်ကိစ္စများကို ဖြေရှင်းနိုင်ဖို့အတွက် ပထမဆုံးအချက်က ရန်ကုန်မှာသာမက တိုင်းပြည်ရဲ့နေရာဒေသအသီးသီးမှာ စီးပွားရေး၊ ဖွံ့ဖြိုးတိုးတက်မှုနဲ့ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးဖို့ ဆောင်ရွက်နေပါတယ်။ ဒါမှ မြို့ပြကို ရွှေ့ပြောင်းလာသူ အရေအတွက်ကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။ ဒုတိယအချက်က ရန်ကုန်နဲ့ တိုင်းဒေသကြီး ပြည်နယ် အသီးသီးမှာ တန်ဖိုးသင့်လူနေအိမ်ရာများ၊ မြေကွက်လွတ်များ ဖော်ထုတ်ပြီး အမှန်တကယ်မြေယာမဲ့ များလက်ကို ရောက်ရှိအောင် ဆောင်ရွက်နေပါတယ်။ တတိယအချက်ကတော့ အပြောင်းအလဲကာလကို အခွင့်ကောင်းယူပြီး ကျူးကျော်နေထိုင်လိုသူများကို ငွေကြေးရယူ အကွက်ချပေးတဲ့ နောက်ကွယ်က လှုပ်ရှားဆောင်ရွက်သူများ၊ အမြတ်ထုတ်သူများကိုလည်း ဥပဒေနဲ့အညီ ကိုင်တွယ်ဆောင်ရွက် သွားမှာဖြစ် ပါ တယ်" ဟု ပြန်လည်ဖြေကြားသည်။
    
ဦးရဲထွဋ်၏ ဖြေကြားမှုတွင် သမီးကလေးကျေးရွာနှင့် ပတ်သက်၍  တိတိကျကျပြန်လည်ဖြေဆိုခဲ့သည်ကို မတွေ့ရဘဲ ကျူးကျော်များမှာ မကြာသေးခင်အချိန်ကမှ လာရောက်အခြေချသူများဟု ပြောကြားထား သည်။ သမီးကျေးရွာဒေသခံများကမူ ၎င်းတို့ကျေးရွာသည် ၂၀၁၃ ခုနှစ်မှ ဖြစ်ပေါ်လာခြင်းမဟုတ်ဘဲ လွန်ခဲ့သော နှစ်ပေါင်း ၂၀ မှ ၃၇ နှစ်အတွင်း အခြေချနေထိုင်ခဲ့သော ကျေးရွာဖြစ်သည်ဟု ပြောဆိုကြ သည်။ သမီးကလေးကျေးရွာ၌ရှိသော လဂွမ်းပြင် ရေလှောင်တမံစီမံကိန်း၏ ကျောက်စာကဗ္ပည်းမော်ကွန်း တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက် ၂၀၀၀ ပြည့်နှစ်က တည်ဆောက်ပြီးစီးခဲ့သည့် လဂွမ်းပြင်ရေ လှောင်တမံစီမံကိန်းမှာ လှည်းကူးမြို့နယ် သမီးကလေးကျေးရွာ အနီး တည်ရှိနေကြောင်း ၂၀၀၀ ပြည့်နှစ် နိုဝင်ဘာ ၂၈ ရက်နေ့စွဲဖြင့် ရေးထိုးဖော်ပြထားသည်။

အစိုးရအနေဖြင့် သမီးကလေးကျေးရွာ အားအင်အားသုံး ဖယ်ရှားခြင်းအပါအ၀င် မြေယာမဲ့ပြည်သူများ အရေး၊ သိမ်းဆည်းခံ တောင်သူလယ်သမားတို့အရေးအား ဖြေရှင်းရန် ဆန္ဒပြမှုတစ်ခု ဖေဖော်ဝါရီ ၁၈ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့တွင် ဖြစ်ပွားခဲ့သည်။ အဆိုပါ ဆန္ဒပြမှုကို ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှုအင်အားစုမှ ကိုထင်ကျော်ဦးဆောင်သော အဖွဲ့အပါအ၀င် အခြားနိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၁၀၀ ခန့်မှ ပူးပေါင်းပါဝင်ခဲ့ကြပြီး သမီးကလေးကျေးရွာအပါအ၀င် အခြားမြေယာ မဲ့ပြည်သူ များ၊ မြေယာသိမ်းဆည်းခံ တောင်သူများအတွက် "လူသားဆန်စွာ နေထိုင်ခွင့်ရရှိရေး၊ မြေယာ မဲ့ပြည် သူ များအရေး အစိုးရက အမြန်ဆုံးဖြေရှင်းပေးရေး၊ မဖြေရှင်းနိုင်ပါက တိုင်းဒေသကြီး အစိုးရအပါအ၀င် ပြည်ထောင်စုအစိုးရကိုပါ လွှတ်တော်များမှတစ်ဆင့် အယုံအကြည်မရှိ အဆိုတင် သွင်းရေး စသော ကြွေးကြော်သံများဖြင့် မဟာဗန္ဓုလပန်းခြံကိုပတ်ကာ ဆန္ဒပြခဲ့ကြသည်။ ဆန္ဒပြသူများ သည် သမီးကလေးကျေးရွာ၏ ဖျက်ဆီးခံရသော ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် ဆေးခန်းတို့၏ ဓာတ်ပုံဗီနိုင်းပိုစတာများကို ကိုင်ဆောင်ခဲ့ကြပြီး ယခုဆန္ဒပြပွဲသည် ကျောက်တံတားမြို့နယ်ရဲစခန်းက ခွင့်ပြုသော်လည်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးက ခွင့်မပြုခဲ့ကြောင်း သိရသည်။
    
ဖယ်ရှားခံသမီးကလေးကျေးရွာမှ ဒေသခံများသည် ပဲခူးတိုင်းဒေသကြီးအတွင်းမှ အလိုင်နီဆည်ဘေးရှိ အောင်သိဒ္ဓိ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း၌ ယာယီတဲများထိုး၍ နေထိုင်လျက်ရှိပြီး သက်ဆိုင်ရာက ဆည်မြောင်းပိုင်မြေပေါ်တွင် ဆောက်ထားသည်ဟုဆိုကာ အဆိုပါတဲများအနက် ကျောင်းသားမရှိသည့် အိမ်ထောင်စုများအား ဖယ်ရှားပေးရန် ဖေဖော်ဝါရီ ၁၇ ရက်က နောက်ဆုံးသတိပေးခဲ့ပြီးနောက် ၎င်းတို့မှာ ယာယီတဲများကိုဖျက်သိမ်းကာ အောင်သိဒ္ဓိဘုန်းကြီးကျောင်း ဓမ္မာရုံထဲသို့ ပြောင်းရွှေ့နေထိုင်ခဲ့ရကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁၇ ရက် ည ၁၁ ခန့်တွင် အလိုင်နီကျေးရွာအုပ်ချုပ်ရေးမှူးက အောင်သိဒ္ဓိ ဘုန်းတော် ကြီးကျောင်း ဆရာတော်ဦး အဂ္ဂဓမ္မထံ မြို့နယ်အုပ်ချုပ်ရေးမှူးက ဆက်သွယ်ခိုင်းသဖြင့် ဖုန်းဖြင့်ဆက် သွယ်ပြီး လက်ရှိ ဓမ္မာရုံထဲတွင် နေထိုင်နေသည့်လူများအား မည်သည့်အချိန်တွင် ပြောင်းရွှေ့ပေးနိုင် မလဲဟု မေးမြန်းခဲ့ကြောင်း သိရသည်။

ဆရာတော်က "မနေ့က ည ၁၁ နာရီလောက်မှာ ဦးဇင်းဆီကို အလိုင်နီ ကျေးရွာအုပ်ချုပ်ရေးမှူးက ဆက်တယ်။ သူကပြောတာတော့ ပဲခူးမြို့နယ် အုပ်ချုပ်ရေးမှူးက ဆက်ခိုင်းလို့ဆက်တာပါလို့ပြောတယ်။ သူကဘာပြောလဲဆိုတော့ ဒီဓမ္မာရုံထဲမှာ နေထိုင်နေတဲ့သူတွေကို ဘယ်နေ့လောက် ပြောင်းရွှေ့ပေး မလဲလို့မေးတယ်။ ဦးဇင်းလဲ ညဥ့်နက်နေလို့ သိပ်ရှည်ရှည်ဝေးဝေးမပြောတော့ဘဲ ကလေးတွေစာမေးပွဲပြီး တဲ့ တစ်ပတ်အတွင်းတော့ရွှေ့ပေးမယ်လို့ ပြောလိုက်တယ်" ဟု မိန့်ကြားသည်။

ယခုကဲ့သို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရတို့က ပြောင်းရွှေ့ရန် ဖိအားပေးခြင်း ခံနေ ရသော သမီးကလေးကျေးရွာမှ ဒေသခံများကို ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) က ၎င်းတို့ဒေသသို့ ခေါ်ဆောင်ရန်အတွက် မော်တော်ယာဉ်များဖြင့် ထွက်ခွာလာပြီဖြစ်ကြောင်းနှင့် ဖေဖော်ဝါရီ ၁၉ ရက်တွင် အဆိုပါဒေသသို့  ရောက်ရှိမည်ဖြစ်ကြောင်း (DKBA) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်က ပြောကြားသည်။

၎င်းက "ဒီနေ့ပဲ ကျွန်တော့်လက်အောက်က တပ်မှူးသုံးဦးကို ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်ကနေ ကားကြီးနှစ်စီး၊ ကားလေးသုံးစီးနဲ့ စေလွှတ်လိုက်ပါပြီ။ ဒီကိုလိုက်ချင်တဲ့သူရှိရင် ခေါ်သွားမှာပါ။ ကျွန်တော်တို့ဘက်ကတော့ အတင်းအကျပ်ကြီးလိုက်ခဲ့ပါလို့တော့ မခေါ်ပါဘူး။ သူတို့ဆန္ဒရှိရင် လိုက်လို့ ရပါတယ်။ ကျွန်တော်တို့ကသူတို့ အားလုံးကို လူသားထဲကလူ ဖြစ်တယ်လို့ပဲ မြင်ပါတယ်။ ကရင်ပြည်နယ် မှာ သူတို့သူဌေးမဖြစ်ရင်တောင်မှ အလုပ်အကိုင်အခွင့်အလမ်းရှိမယ်။ နေထိုင်စရာနေရာကတော့ သေ ချာပေါက် ရမယ်လို့ ကျွန်တော်ပြောရဲပါတယ်" ဟုဆိုသည်။

အိမ်ဖျက်သိမ်းခံ ရွာသားတစ်ဦးဖြစ်သူ ဦးရွှေမောင်က "ကျွန်တော်တို့ကတော့ ဖြစ်နိုင်ရင် ဒီနေရာမှာပဲနေ ချင်တာပေါ့။ ဒါပေမဲ့ အစိုးရကကျွန်တော်တို့အပေါ်ကို တစ်ခုခုမပေးနိုင်ရင်တော့ ကရင်ပြည်နယ်ကို လိုက် သွားမှာပါ။ ဒါကလည်း အများဆန္ဒအရပါ။ ဘယ်လိုဆုံးဖြတ်မှန်းတော့ မသိသေးပါဘူး။ အားလုံးလိုက်မယ် ဆိုရင် ကျွန်တော်လည်းလိုက်မှာပါ" ဟု The Daily Eleven သတင်းစာသို့ ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment