Wednesday 19 February 2014

“၀” တပ်သားများကို ရဟတ်ယာဉ်မောင်းသင်ပေးမည့် သတင်းမှာ မှားယွင်းပြီး တရုတ်အစိုးရအနေဖြင့် မြန်မာ၏နယ်မြေနှင့် အချုပ်အခြာအာဏာကို လေးစားကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ပြန်ကြားကြားရေးတာဝန်ခံ ပြောကြား

‘ဝ’တပ်သားများကို ရဟတ်ယာဉ်မောင်းသင်ပေးမည့် သတင်းမှာ မှားယွင်းပြီး တရုတ်အစိုးရအနေဖြင့် မြန်မာ၏ နယ်မြေနှင့် အချုပ်အခြာအာဏာကို လေးစားကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ပြန်ကြားရေး တာဝန်ခံ မစ္စတာ Lei Zhen က ဖေဖော်ဝါရီ ၁၇ ရက်တွင် The Daily Eleven သတင်းစာသို့ ပြောကြားသည်။


ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ‘ဝ’ တပ်သား ၃ဝ အား ရဟတ်ယာဉ်မောင်းသင်ရန် တရုတ်သို့ စေလွှတ်မည့်သတင်းများ ထွက်ပေါ်ခဲ့ပြီး ထိုသတင်းများ မမှန်ကြောင်း ‘ဝ’ သွေးစည်းညီညွတ်ရေးပါတီ (UWSP) ၏ ပြောရေးဆိုခွင့်ရသူ ဦးအောင်မြင့်က ငြင်းဆိုခဲ့သည်။

ထိုသတင်းများ စတင်ထွက်ပေါ်ချိန်ကပင် သတင်းများမှန်ကန်ခြင်း ရှိ၊ မရှိကို မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံရုံး သို့ The Daily Eleven က အီးမေးလ်မှတစ်ဆင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ချက်ချင်း အကြောင်းပြန်ခဲ့ခြင်း မရှိဘဲ ဖေဖော်ဝါရီ ၁၇ ရက်ရောက်မှသာ ထွက်ပေါ်ခဲ့သော သတင်းမှားကြောင်း အကြောင်းပြန် ခဲ့ခြင်းဖြစ်သည်။

“ဒီအကြောင်းတွေကို မြန်မာသတင်းစာမှာ ဖတ်မိပါတယ်။ အချက်အလက်တွေကို ပြန်စစ်တဲ့အခါ ဒါဟာ မှားပေါတယ်” ဟု မစ္စတာ Lei Zhen ကဆိုသည်။

UWSP အနေဖြင့်လည်း ထိုသတင်းများကို ငြင်းဆိုထားပြီး ဖြစ်ကြောင်းနှင့် တရုတ်အစိုးရအနေဖြင့် မြန်မာ၏ နယ်မြေနှင့် အချုပ်အခြာအာဏာကို လေးစားကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

“တရုတ်အစိုးရအနေနဲ့ မြန်မာနိုင်ငံရဲ့နယ်မြေနဲ့ အချုပ်အခြာအာဏာကို လေးစားပါတယ်။ မြန်မာနိုင်ငံရဲ့ အနီးကပ်အိမ်နီးချင်းကောင်းအဖြစ် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အမြဲထောက်ပံ့ပေးပြီး ရေရှည်တည်တံ့တဲ့ အပစ်အခတ်ရပ်စဲရေးကနေ နိုင်ငံရေးဆွေးနွေးမှု၊ ငြိမ်းချမ်းတဲ့ ဖြေရှင်းမှုရရှိအောင် ထောက်ပံ့ပေးနေပါတယ်။ နယ်စပ်ဒေသတွေမှာလည်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းရေး ရရှိအောင် မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ လက်တွဲလုပ်ဆောင်နေပါတယ်” ဟု မစ္စတာ Lei Zhen က ဆက် လက်ပြောကြား ခဲ့ သည်။

၂ဝ၁၃ ခုနှစ် ဧပြီ ၂၉ ရက်က ‘ဝ’ သွေးစည်းညီညွတ်ရေး တပ်မတော်သည် တရုတ်ထံမှ TY ၉ဝ ဝေဟင်ပစ် ဒုံးကျည်တပ်ဆင်ထားသော Mi ၇ဝ အမျိုးအစား စစ်ရဟတ်ယာဉ် ငါးစင်းရရှိခဲ့သည်ဟု Janes Intelligence ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။ ထိုသို့ပေးပို့လိုက်သည့် ရဟတ်ယာဉ်သည် ငါးစင်းဖြစ်သော်လည်း အစိုးရသတင်းရင်းမြစ် တစ်ခု၏ အဆိုအရ နှစ်စင်းသာဖြစ်ကြောင်းနှင့် ထိုရဟတ်ယာဉ်များကို တရုတ်နိုင်ငံမှ တိုက်ရိုက်တင်ပို့ခြင်း မဟုတ်ဘဲ လာအိုမှတစ်ဆင့် မဲခေါင်မြစ်ကို ဖြတ်သန်းကာ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်ဟု Janes Intelligence က ဖော်ပြသည်။ သို့သော် ထိုသတင်းကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် UWSP/UWSA တို့က ငြင်းဆိုခဲ့သည်။

ဖေဖော်ဝါရီ ၁၁ ရက်တွင် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်အချို့၏ ပြောစကားအား ကိုးကားပြီး ‘ဝ’ တပ်သား ၃ဝ ဦးအား ရဟတ်ယာဉ်မောင်းသင်ရန် တရုတ်သို့စေလွှတ်မည့် သတင်းကို ဧရာဝတီ သတင်းဌာနက ဖော်ပြခဲ့သည်။

“ရဟတ်ယာဉ်မောင်းဖို့ ပိုင်းလော့တွေ ပညာသင်ဖို့ သွားမယ်ဆိုတာ၊ ကျွန်တော်တို့ ဒီက တက္ကသိုလ်အောင်တဲ့ သူတောင် မရှိဘူး။ ဘယ်လိုသွားသင်မလဲ။ ဘယ်လိုသွားမောင်းမလဲ” ဟု UWSP ၏ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်က ဖေဖော်ဝါရီ ၁၂ ရက်တွင် The Daily Eleven သို့ ပြောကြားသည်။

သို့သော် ‘ဝ’ တပ်သားများကို တရုတ်ထောက်လှမ်းရေးများက စစ်ပညာသင်ကြားပေးသည်ဆိုသော သတင်းများမှာ ကာလအတန်ကြာကပင် ထွက်ရှိခဲ့ပြီးဖြစ်သည်။

Eleven Media Group 

No comments:

Post a Comment