Wednesday 19 February 2014

ဒုချရားတန်းကော်မရှင် ပြည်နယ်အစိုးရနှင့် ဆွေးနွေးမည်

ဒုချရားတန်းကိစ္စ စုံစမ်းစစ်ဆေးရေးကော်မရှင်သည် ရခိုင်ပြည်နယ်အစိုးရနှင့် ဖေဖော်ဝါရီ ၂၁ ရက်တွင် တွေ့ဆုံရန်ရှိသည်ဟု ကော်မတီအဖွဲ့ဝင်တစ်ဦးက မဇ္ဈိမကို ပြောသည်။

“စစ်ဆေးမှုတွေအားလုံးပြီးရင် အစိုးရအဖွဲ့နဲ့တွေ့ဆုံပြီး အသေးစိတ်ဆွေးနွေးဖို့ရှိပါတယ်”ဟု ၎င်းကမဇ္ဈိမ ကိုပြောသည်။

ရခိုင်ပြည်နယ်သို့ ဖေဖော်ဝါရီ ၁၅ ရက်က ရောက်ရှိပြီး ဒုချရာတန်းကျေးရွာသို့ ဖေဖော်ဝါရီ ၁၇ ရက်က သွားရောက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ တစ်ပတ်ကျော် စစ်ဆေးမှုများမှ စစ်ဆေးတွေ့ရှိချက် များနှင့် အကြံပြုချက်များကို ဖေဖော်ဝါရီ ၂၈ ရက်တွင် သမ္မတရုံးသို့ တင်ပြသွားမည် ဖြစ်သည်။

ယင်းအဖွဲ့ မောင်တောမြို့သို့ရောက်ရှိစဉ် နှစ်ဖက်အဖွဲ့အစည်းများက လုံခြုံရေး ပိုမိုတင်းကျပ်ရန် လိုအပ် ကြောင်း တင်ပြထားသည်။ ရခိုင်စုံစမ်းစစ်ဆေးရေးကော်မရှင်အနေနှင့် သီးခြားသတင်းထုတ်ပြန်နိုင်ခြင်း မရှိသေးဟု ကော်မရှင်အတွင်းရေးမှူး ဒေါက်တာကျော်ရင်လှိုင်က မဇ္ဈိမကို ပြောသည်။

ဒုချရားတန်းဖြစ်စဉ်နှင့်စပ်လျဉ်း၍ ၂၀၁၂ ခုနှစ်က အစိုးရဖွဲ့စည်းပေးထားသော ရခိုင်စုံစမ်းစစ်ဆေးရေး ကော်မရှင် ပထမအကြိမ် စုံစမ်းစစ်ဆေးခဲ့ပြီး နိုင်ငံတကာအဖွဲ့အစည်းများသို့ ရှင်းလင်းမှုများ ပြုလုပ်ခဲ့သည်။ ထပ်မံ၍ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သေးသည်။

နိုင်ငံတကာအဖွဲ့အစည်းများက ပါဝင်စုံစမ်းစစ်ဆေးရန် ကမ်းလှမ်းလာသော်လည်း အစိုးရအဖွဲ့က ငြင်း ဆိုကာ ဒုချရားတန်းဖြစ်စဉ် စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ထပ်မံဖွဲ့စည်းကာ စစ်ဆေးစေခဲ့ခြင်းဖြစ် သည်။

ဇန်န၀ါရီ ၁၃ရက်က ခရေမြိုင်ရဲကင်းမှ ရဲတပ်ကြပ် အောင်ကျော်မင်းသိန်းနှင့်အဖွဲ့ ဒုချရားတန်း(အလယ်) ရွာတွင် ည ၉ နာရီဝန်းကျင်က ကင်းလှည့်ရာမှ ကျေးရွာနေ ဘင်္ဂါလီလူအုပ်စုနှင့် တိုက်ခိုက်မှုဖြစ်ပေါ်ပြီး ရဲတပ်ကြပ် ပျောက်ဆုံးခဲ့သည်။

သတင်းဌာနအချို့တွင် ဘင်္ဂါလီလူအုပ်စု ၄၀ ခန့် တိုက်ခိုက်ခံရပြီး အမျိုးသမီးအချို့နှင့် ကလေးငယ်အချို့ သေဆုံးသည်ဟု သတင်းများ ဖော်ပြခဲ့သော်လည်း စုံစမ်းစစ်ဆေးသော လူ့အခွင့်ရေးကော်မရှင်အဖွဲ့က ထိုအချက်ကို အင်တာနက်သတင်းသာဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Mizzima - News in Burmese

No comments:

Post a Comment