Wednesday 19 February 2014

စင်ကာပူတက္ကသိုလ်နှင့် မြန်မာတက္ကသိုလ်များ ဥပဒေပညာရပ်ဆိုင်ရာ ပူးပေါင်း

ရန်ကုန်နှင့်မန္တလေးတက္ကသိုလ်နှစ်ခုနှင့် စင်ကာပူနိုင်ငံ National University of Singapore, Singapore Management University တို့ ဥပဒေဆိုင်ရာဘာသာရပ်များတွင် ပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရန် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးလိုက်ပြီဖြစ်သည်။


ရန်ကုန်တက္ကလိုလ် ဥပဒေပညာဌာနတွင် ဖေဖော်ဝါရီ ၁၈ ရက်ကလည်းကောင်း၊ မန္တလေးတက္ကသိုလ် ဥပဒေ ပညာဌာနတွင် ဖေဖော်ဝါရီ ၁၉ ရက်ကလည်းကောင်း ပညာရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ ရေး ထိုးခဲ့ကြောင်း ဖေဖော်ဝါရီ ၁၈ ရက်က ရန်ကုန်တက္ကသိုလ်၌ပြုလုပ်သော စာနယ်ဇင်းရှင်းလင်းပွဲအရ သိရသည်။

“ဒီလိုလုပ်လိုက်ခြင်းအားဖြင့် ပညာသင်ကြားရေးစနစ်မှာ ခေတ်နဲ့အညီ အရည်အသွေးမြင့်တဲ့ ပညာတွေ သင်ကြားနိုင်ဖို့ အထောက်အကူပြုတဲ့ ခြေလှမ်းတစ်ရပ်ကို စတင်လိုက်သလို ဖြစ်သွားတယ်။ စင်ကာပူကို မြန်မာနိုင်ငံက ကျောင်းသားတွေက တရားဝင် သွားလေ့လာလို့ရတယ်။ စင်ကာပူက ဆရာတွေကလည်း မြန်မာနိုင်ငံတွေမှာ လာသင်ပေးသွားဖို့ရှိတယ်”ဟု ရန်ကုန်တက္ကသိုလ် ဥပဒေပညာဌာနမှ ဌာနမှူး ဒေါ်ခင် မာရီက ပြောသည်။

ထိုသို့ နှစ်နိုင်ငံ ပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွက် လက်မှတ်ရေးထိုးခြင်းကြောင့် နှစ်နိုင်ငံ ပညာရေးဖလှယ်မှုများ၊ သင်တန်းများကို တွဲဖက်လုပ်ကိုင်နိုင်မည့်အပြင် နောက်ပိုင်းတွင် ပညာသင်ဆု များလည်း ထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံသုတေသနစင်တာများကိုလည်း တွဲဖက်ဖွင့်လှစ်သွား မည်ဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာတင်ထွန်းက ပြောသည်။

ရန်ကုန်တက္ကသိုလ်တွင် ပညာရေးပူးပေါင်းမှုအဖြစ် ထိုင်း၊ ဂျပန်၊ သြစတြေးလျ၊ ကိုရီးယားနိုင်ငံတို့ အပါ အ၀င် အာဆီယံနိုင်ငံ ခြောက်နိုင်ငံနှင့် ပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့ပြီး နောက်ထပ် အခြားနိုင်ငံ ၁၀ နိုင်ငံနှင့်လည်း ရေးထိုးသွားမည်ဟု ဒေါက်တာတင်ထွန်းက ပြောသည်။

Mizzima - News in Burmese

No comments:

Post a Comment