Thursday 4 October 2012

မြစ်ဆုံထက်ကြီးသော ရေအားလျှပ်စစ်စီမံကိန်း သံလွင်မြစ်၌ တည်ဆောက်မည်


Thursday, 4 October 2012

 

ရပ်ဆိုင်းထားသည့် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းထက်ကြီးသော ရေအားလျှပ်စစ် စီမံကိန်းတစ်ခုကို သံလွင်မြစ်ပေါ်တွင် တည်ဆောက်ရန် ပြင်ဆင်နေကြောင်း ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် က ပြောသည်။ အဆိုပါ စီမံကိန်းသည် ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းတုံမြို့နယ် တာဆန်းတွင် တည်ရှိပြီး တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၇၁၀၀ ထုတ်ယူနိုင်မည်ဟု သိရသည်။ “ဒီနေရာမှာ ကျောက်တောင်တွေပဲ ရှိတယ်။ ပြောင်းရွှေ့ရမယ့် ဒေသခံ အနေအထားကလည်း အနည်းဆုံးနေရာ ဖြစ်နေတယ်” ဟု အဆိုပါနေရာကို ရွေးချယ်ရခြင်းအကြောင်းနှင့် ပတ်သက်၍ ဝန်ကြီးချုပ်က ပြောသည်။ အဆိုပါ စီမံကိန်းကို ယခင်က အီတာလျံ-ထိုင်း ကုမ္ပဏီနှင့် ပူးပေါင်းလုပ်ဆောင်ရန် လျာထားခဲ့သော်လည်း ယခုအခါ တရုတ်ကုမ္ပဏီနှင့် မြန်မာလုပ်ငန်းရှင်များ ပူးပေါင်းလုပ်ဆောင်နေသည်ဟု သိရသည်။ အဆိုပါ စီမံကိန်းကို သံလွင်မြစ်ပေါ်တွင် တာတမံနှစ်ဆင့် တည်ဆောက်မည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် ယခုလက်ရှိ အသုံးပြုနေသော လျှပ်စစ်ပမာဏ၏ နှစ်ဆကျော် ထုတ်ယူနိုင်သည်ဟု ဝန်ကြီးချုပ်က ပြောသည်။ မိုင်းတုံမြို့နယ် အမှတ်(၂) မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဝင်းမြတ်ဦးက “ဒီစီမံကိန်းက ထွက်ရှိလာတဲ့ လျှပ်စစ်ဓာတ်အားတွေကို ရှမ်းပြည်နယ်အတွက် အသုံးပြုပေးပြီးတော့ ရရှိလာတဲ့ အကျိုးအမြတ်တချို့ကို ပြည်နယ်ဖွံ့ဖြိုးရေး ရန်ပုံငွေအတွက် ထည့်ဝင်ပေးမယ် ဆိုရင်တော့ ကန့်ကွက်စရာ မရှိပါဘူး” ဟု ပြောသည်။ အဆိုပါ ဆည်တမံ ဆောက်လုပ်မည့်ကိစ္စကို အင်န်ဂျီအိုတချို့မှ ယခင်က ကန့်ကွက်မှုများ ပြုလုပ်ထားသော်လည်း ရှမ်းတိုင်းရင်းသားလက်နက်ကိုင် RCSS နှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြေလည်ပြီးပါက စီမံကိန်း ဖြစ်မြောက်လာနိုင်ကြောင်း ၎င်းက ပြောသည်။ အဆိုပါ စီမံကိန်း ဆောက်လုပ်မည့် နေရာသည် ယခင်က နယ်မြေ မတည်ငြိမ်မှုကြောင့် ပြည်သူ အများစုမှာ ပြောင်းရွှေ့သွားခဲ့ရပြီး တောင်နှစ်လုံးကြားတွင် တည်ရှိ၍ လယ်မြေ အနည်းငယ်သာရှိကြောင်း ၎င်းက ပြောသည်။ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဆိုပါ စီမံကိန်းမှ ထွက်လာမည့် လျှပ်စစ်ဓာတ်အားများကို ရှမ်းပြည်နယ်အနှံ့ သွယ်တန်း၍ မဟာဓာတ်အားလိုင်းသို့လည်း ချိတ်ဆက်သွားမည် ဖြစ်ကြောင်းနှင့် အဆိုပါ စီမံကိန်းကို ဖော်ဆောင်နေသော ပြည်တွင်းပြည်ပ ကုမ္ပဏီများမှာ CTGC၊ IGOEC နှင့် EGAT တို့ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် အောက်တိုဘာ ၄ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။  

 ခေတ်လူငယ်

No comments:

Post a Comment