Thursday 4 October 2012

အမေရိကရောက် ဦးအေးသာအောင်နှင့် ယူတီကာရှိ မြန်မာမိသားစုများနှင့် တွေ့ဆုံဆွေးနွေး

Thursday, 4 October 2012

Ayetharaunginutika2 

အမေရိကသို့ရောက်ရှိနေသော ဦးအေးသာအောင်သည် အောက်တိုဘာလ ၁ ရက်နေ့က ယူတီကာမြို့မှ မြန်မာမိ သားစုများနှင့် တွေ့ဆုံခဲ့ပြီး မြန်မာ့အရေး၊ တိုင်းရင်းသားအရေးနှင့် ပက်သက်၍ မေးမြန်းခြင်းများပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ယင်းတွေ့ဆုံဆွေးနွေးပွဲသို့ ရခိုင်၊ ကရင်၊ ဗမာ အမျိုးသား ၁၅၀ ခန့် တက်ရောက်ခဲ့ပြီး ဦးအေးသာအောင်အား ဂုဏ်ပြုသည့်အနေဖြင့် ရခိုင်သီချင်း၊ ရခိုင်အကများဖြင့် ကြိုဆို ဖျော်ဖြေခဲ့သည်။
ရခိုင်ဒီမိုကရေစီအဖွဲ့ချူပ်(အမေရိက) ဒု-ဥက္ကဌ ခိုင်လင်းမှ ဦးအေးသာအောင်၏ အတ္ထုပတ္တိကို ဖတ်ကြားပြီးနောက် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေနှင့် ရှေ့ဆက်သွားမည့် ဖယ်ဒရယ်ပြည်ထောင်စုအကြောင်းများကို ဦးအေးသာအောင်မှ ရှင်းလင်းပြောကြားပြီး တက်ရောက်သော မြန်မာမိသားစုများနှင့် အပြန်အလှန် အမေးအဖြေ၊ ဆွေးနွေးဖလှယ်မှုများ ပြုလုပ်ခဲ့သည်။
ဦးအေးသာအောင်မှ "ပြည်တွင်းပြည်ပက အချို့ သော သူတွေရဲ့ ထင်မြင်ယူဆနေကြသလို အပြောင်းအလဲတစ်ခုပေါ်ကို မရောက်သေးပါဘူး။ အပြောင်းအလဲဖြစ်ဖို့ အတွက် အလှည့်အကွက်တစ်ခုပေါ်မှာဘဲ ရှိနေပါသေးတယ်။ ဒီအလှည့်အကွက်က အပြောင်းအလဲပေါ်ကို ရောက်သွားနိုင်မလားဆိုတာကတော့ အခက်အခဲတွေ အတားအဆီးတွေ အများကြီးရှိတဲ့အတွက် ပြည်သူတွေမျှော်လင့်တဲ့ ပြည်သူတွေလိုလားတဲ့ ကျနော်တို့ မျှော်မှန်းတဲ့ အပြောင်းအလဲဖြစ်ဖို့ အတွက် ဦးတည်နေပြီလား သေချာနေပြီလားဆိုတာကို ဘယ်လိုမှ ဒီနေ့ အချိန်အခါမှာ အာမခံချက် ပေးနိုင်မှာမဟုတ်ဘူးဆိုတာ ကျနော်ပြောလိုတယ်။ ဒီ အာမခံချက်ကို ကျနော်လည်းမပေးနိုင်သလို ကျန်တဲ့ခေါင်းဆောင်တွေလည်း ပေးနိုင်လိမ့်မယ်လို့ ကျနော်ကတော့ မယူဆပါဘူး။ ဘာကြောင့်လဲဆိုတော့ အဓိက ကျနော်တို့ အတွက် အဟန့် အတားသည် ၂၀၀၈ အခြေခံဥပဒေဖြစ်ပါတယ်။ ဒီတော့ လွှတ်တော်အတွင်း လွှတ်တော်အပ နိုင်ငံရေးကို ဟန်ချက်ညီညီဘယ်လိုလုပ်မလဲ ။ အမှန်က ကျနော်တို့ ရည်မှန်းချက်က ၂၀၀၈ဖွဲ့စည်းပုံ ပြင်ဆင်ရေး ။ ၂၀၀၈ မပြင်ဘဲနှင့် ဒီမိုကရေစီနိုင်ငံဖြစ်ဖို့  မဖြစ်နိုင်ပါဘူး ။ ဘာဖြစ်လို့လဲဆိုတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ပါလီမန်ရဲ့ ပြင်ပမှာ သီးခြားအာဏာတွေရှိနေတယ်။ အချိန်မရွေး အာဏာသိမ်းခွင့်ပေးထားတယ်။  ဒီနေ့  နိုင်ငံရေးအခြေအနေအရ ကျနော်တို့ သည် အကောင်းဘက်ကို သွားနေပြီလို့  ပြောနိုင်သော်လည်းဘဲ နိုင်ငံရေးအခြေခံအားဖြင့် တကယ့်ကို ကျနော်တို့  မျှော်မှန်းတဲ့ ဒီမိုကရေစီနိုင်ငံ ၊ တိုင်းရင်းသားများရဲ့ လိုလားတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ဖြစ်ဖို့  ရောက်ဖို့  ကျနော်တို့  အများကြီး ကြိုးစားရဦးမယ် ။ အများကြီး ပြင်ဆင်ကြရဦးမယ်"လို့ အခမ်းအနားတွင်ပြောကြားသွားသည်။ 

From - (arakantimes.net)

 

No comments:

Post a Comment