Thursday 4 October 2012

ဥပဒေနှင်မညီသော ရဲတပ်ဖွဲ့ပစ်ခတ်မှုကို တိုင်းလွှတ်တော် သို့်တိုင်ကြား

စက်တင်ဘာ ၂၇ ရက်နေ့ညက ရှားခဲအင်းဝန်ထမ်းများနှင့် ရွာသားများအကြား ဖြစ်ပွားသည့် ပြဿနာကို ရဲတပ်ဖွဲ့မှ ဖြေရှင်းစဉ် လူအုပ်ထဲသို့ သေနတ်ဖြင့်ပစ်ခတ်မှုမှာ ဥပဒေနှင့် မညီကြောင်း ယင်းကျေးရွာ သားများက ဧရာဝတီတိုင်းလွှတ်တော် ဥက္ကဋ္ဌသို့ ယမန်နေ့က လာရောက်တိုင်ကြားခဲ့သည်။

ဧရာဝတီတိုင်း ကျုံပျော်မြို့နယ် ရှားခဲကျေးရွာသားများနှင့် အင်းဝန်ထမ်းများအကြား အငြင်းပွား  မှုဖြစ်ပြီးနောက် ရဲတပ်ဖွဲ့ပစ်ခတ်မှုကြောင့် လူ ၂ဦးသေဆုံးရမှုကို ကျေးရွာသားများက ယမန့်နေ့ မွန်းလွဲ ၂နာရီက ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်သို့ လာရောက်တိုင်းကြားခြင်းဖြစ်သည်။

အခင်းဖြစ်ပွားသည့်ညက ရဲတပ်ဖွဲ့ဝင်များက မိမိတို့လုံခြုံရေးအတွက် ကာကွယ်သည့်အနေဖြင့် လူအုပ် ထဲသို့ ပစ်ခတ်ခဲ့ရသည်ဟု ဆိုသော်လည်း အဓိကရုဏ်းနှိမ်နှင်းသည့်အခါ လုပ်ဆောင်ရမည့် လုပ်နည်း အဆင့်များကို ကျင့်သုံးခြင်းမရှိပဲ လူအုပ်အတွင်း ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ကျေးရွာသားများက တိုင်း လွှတ်တော်ဥက္ကဋ္ဌထံ တိုင်ကြားခဲ့သည်။

အဓိကရုဏ်းနှိမ်နှင်းသည့်အခါမျိုးတွင် လုံခြုံရေး တပ်ဖွဲ့အနေဖြင့် အကာအရံချခြင်း၊ ဒုတိယအနေဖြင့် အသံချဲ့စက်ဖြင့် သတိပေးခြင်း၊ ယင်းနောက်တွင် စည်း ၃ဆင့်ခြားပြီး သံဆူးကြိုးကဲ့သို့သော အတား အဆီးများ ကိုကျော်လာသည့်အခါ ပစ်မိန့်တောင်းခံပြီးနောက်တွင် ပစ်ခတ်ရမည်၊ ပစ်ခတ်ရာ တွင် လည်း ခြေထောက်သို့ မှန်း၍ ပစ်ခတ်ရမည်ဟု ယမန်နေ့က တိုင်းလွှတ်တော် တာဝန်ရှိသူတဦးက ရှင်းလင်းပြောကြားခဲ့သည်။

တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဖြစ်သူ ဦးဆန်းဆင့်ကလည်း `ယခုပစ်ခတ်မှုသည် ဥပဒေနှင့်မညီပဲ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများက ဥပဒေကြောင်းအရ အရေးယူရမည်ဖြစ်သည်´´ဟုလည်း မှတ်ချက်ပြုေ ပာဆိုသွားသည်။

ယင်းကဲ့သို့ လာရောက်တိုင်ကြားသူများထဲတွင် ၀ိုင်းဝိုင်းလည် ငါးထုတ်လုပ်ရေး အင်းဝန်ထမ်း ၂၁ ဦးက ရိုက်နှက်မှုဖြင့် သေဆုံးရသူ ဦးတလုပ် ခေါ် ၀င်းနိုင်၏ သားဖြစ်သူ ကိုအောင်တင်ဝင်း ကိုယ်တိုင်ပါဝင်သည်။

ပစ်ခတ်လူစုခွဲသည့် စက်တင်ဘာ ၂၇ ရက်မတိုင်မီကတည်းက အင်းဖျက်ဆီးမှုဖြင့် ကျေးရွာသားများနှင့် အင်းဝန်ထမ်းများအကြား ရန်စောင်နေခဲ့သဖြင့် ရဲဝန်ထမ်း ၂၀၀ ၀န်းကျင်အင်းတ၀ိုက်   ရောက်ရှိနေပြီးဖြစ် သည်ဟုလည်း ကျေးရွာသားများက ရှင်းပြကြသည်။

ကျေးရွာသားများ က ပြောဆိုရာတွင် ဦးတလုပ် ခေါ် ၀င်းနိုင်အား အုပ်စုဖြင့် ရိုက်နှက်ခဲ့သည့် ၂၁ ဦးပါ အင်းဝန်ထမ်းများအား ယခုအချိန်ထိ ဖမ်းဆီးအရေးယူခြင်းမရှိသေးသည့်သဖြင့် ကျေးရွာသားများအနေဖြင့် ရန်ပြုလာမည့် အန္တရာယ်နှင့်ရင်ဆိုင်နေရကြောင်းလည်း ပြောဆိုသွားသည်။

ရဲတပ်ဖွဲ့ဝင်များ ချထားသော်လည်း ကျေးရွာသားများအနေဖြင့် လုံခြုံသည်ဟု မခံစားရကြောင်းလည်း ၎င်းတို့က ပြောသည်။

ကျုံပျော်မြို့နယ် ရှားခဲအင်း လေလံရခြင်းမရခြင်း နှင့်ပတ်သက်၍ လက်ရှိ အင်းလုပ်ကိုင်ခွင့်ရထားသည့် ၀ိုင်းဝိုင်းလည် ငါးထုတ်လုပ်ရေး သမအသင်းနှင့် ကျေးရွာသားများ အငြင်းပွားလျှက်ရှိရာမှ စက်တင်ဘာ ၂၇ ရက်နေ့တွင် ဦးတလုပ်အား ၀ိုင်းဝန်းရိုက်နှက်မှုဖြစ်ပွားပြီးနောက် တုတ်ဒါးများကိုင်ဆောင်ထားသည်ဟုဆို သည့် ကျေးရွာသားများအား ရဲတပ်ဖွဲ့မှ ပစ်ခတ်ခဲ့ရာ ၂ ဦးသေဆုံးပြီး ၂ဦးဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ ။

Ref:YPI

No comments:

Post a Comment