Thursday 4 October 2012

ပြည်သူနဲ့ တပ်မတော် တသားထည်း ဖြစ်သွားမှ နိုင်ငံတိုးတက်မှု စိတ်ချရမှာ

 
အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီယားပြည်နယ်၊ လော့စ် အိန်ဂျလိစ်မြို့တွင် ကျင်းပ တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာမိသားစုများ တွေ့ဆုံပွဲ၌ ပရိသတ်များရဲ့ မေးခွန်းတခု ဖြစ်တဲ့ “သမ္မတ ဦးသိန်းစိန်နဲ့ လက်တွဲ လုပ်ကိုင်တဲ့အခါမှာ ဘယ်လောက်အထိ စိတ်ချပြီး လုပ်ကိုင်နိုင်မလဲ ခင်ဗျာ။“ ဆိုတဲ့ မေးခွန်းကို ပြန်လည် ဖြေကြားရာတွင် ဒေါ်အောင်ဆန်းစုကြည်က “ကျမကတော့
ဘယ်သူတဦးတယောက်နဲ့ လက်တွဲပြီးတော့ လုပ်ဆောင်မယ်လို့ ဒီလို စိတ်ထဲမှာ မထားပါဘူး။ နိုင်ငံအတွက် အကျိုးပြုနိုင်မယ်ဆိုလို့ရှိရင် ကျမတို့ဟာ အားလုံးနဲ့ အတူလက်တွဲပြီး လုပ်ဆောင်ရမှာပါ။ အရေးအကြီးဆုံးကတော့ တပ်မတော်နဲ့ လက်တွဲပြီး လုပ်ဆောင်ရမှာ ပဲ။ ဒါ ကျမတို့ အမြဲပဲ ပြောနေတဲ့ ကိစ္စ ပါ။ ဒီတော့ တပ်မတော်ဟာ ကျမတို့ပြည်သူတွေနဲ့ တသားထည်း ဖြစ်သွားပြီးတော့ ပြည်သူတွေရဲ့ဆန္ဒဟာလည်း တပ်မတော်ရဲ့ ဆန္ဒပဲ၊ တပ်မတော်ရဲ့ဆန္ဒဟာလည်း ပြည်သူတွေရဲ့ ဆန္ဒပါပဲဆိုတဲ့ အခြေအနေ ရောက်သွားမှသာလျှင် ကျမတို့ မြန်မာနိုင်ငံရဲ့ တိုးတက်မှုဟာ စိတ်ချရပြီလို့ ကျမတို့ ပြောမှာပါ။ အရေးကြီးတာက လူကို စိတ်ချနိုင်ဖို့ မဟုတ်ပါဘူး၊ အခြေအနေကို စိတ်ချနိုင်ဖို့ ပါ။ ကျမတို့ တိုးတက်ရေး အခြေအနေကို စိတ်ချအောင်လို့ ကျမတို့ လုပ်သွားရမှာ ဖြစ်ပါတယ်။“ လို့ ပြောဆိုသွားပါတယ်။
လက်ရှိ အစိုးရဟာ ယခင် စစ်အစိုးရအတွင်း တာဝန်ထမ်းဆောင်ခဲ့သူ စစ်ဗိုလ်ချုပ်ကြီးများ အများစု ပါဝင်တဲ့ အစိုးရ ဖြစ်ပါတယ်။ ထို စစ်ဗိုလ်ချုပ်ဟောင်းကြီးများဟာ ဒီမိုကရေစီစနစ်ကို ပြောင်းလဲလိုသူများ ဖြစ်တယ်လို့ အကြမ်းဖျဉ်း သုံးသပ်နိုင်သော်လည်း ပြည်သူတွေရဲ့ ဆန္ဒနဲ့ အာဏာပိုင်တွေရဲ့ ဆန္ဒတို့အကြားက ကိစ္စများကို ရှုမြင်တဲ့အခါ မတူညီမှုတွေ ရှိနေတယ်လို့ သုံးသပ်မှုများ ရှိပါတယ်။ လက်ရှိ မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဟာ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေအရ တရားဝင် အာဏာသိမ်းခွင့် ရထားသူ ဖြစ်ပါတယ်။ ထို ကာကွယ်ရေး ဦးစီးချုပ်ဟာ လက်ရှိ မြန်မာသမ္မတကို ကျောထောက်နောက်ခံပြုတယ်ဆိုပေမယ့် (ဥပမာ - ငြိမ်းချမ်းရေးဆွေးနွေးပွဲကိစ္စလိုမျိုးတွေမှာ) လက်ရှိအစိုးရနဲ့ သဘောမတူတဲ့အခါ အချိန်မရွေး အာဏာသိမ်းနိုင်ပါတယ်။ ဒီမိုကရေစီနိုင်ငံအဖြစ် အသွင် ကူးပြောင်းခဲ့တဲ့ နိုင်ငံအချို့ဟာ နောက်ပိုင်းမှာ ယခင် အာဏာရှင်ပုံစံနဲ့ သဏ္ဍာန်တူတဲ့ အုပ်ချုပ်ပုံဆီ ပြန်လည် ကူးပြောင်းခဲ့တဲ့ သာဓကတွေလည်း ရှိနေပါတယ်။ ဒါ့ကြောင့် ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ “ဒီတော့ တပ်မတော်ဟာ ကျမတို့ပြည်သူတွေနဲ့ တသားထည်း ဖြစ်သွားပြီးတော့ ပြည်သူတွေရဲ့ဆန္ဒဟာလည်း တပ်မတော်ရဲ့ ဆန္ဒပဲ၊ တပ်မတော်ရဲ့ဆန္ဒဟာလည်း ပြည်သူတွေရဲ့ ဆန္ဒပါပဲဆိုတဲ့ အခြေအနေ ရောက်သွားမှသာလျှင် ကျမတို့ မြန်မာနိုင်ငံရဲ့ တိုးတက်မှုဟာ စိတ်ချရပြီလို့ ကျမတို့ ပြောမှာပါ။“ ဆိုတဲ့ စကားမှာ တွေးစရာတွေ အများကြီး ပါဝင်နေပါတယ်။ ထို့အတူ ပြည်သူနဲ့ တပ်မတော်တို့ရဲ့ ဆန္ဒတွေ အမြန်ဆုံး တသားထည်း ဖြစ်နိုင်ဖို့ဆိုရင် ပြည်တွင်းပြည်ပရှိ မြန်မာအားလုံး တတ်နိုင်တဲ့ဘက်က ၀ိုင်းဝန်း လုပ်ဆောင်ဖို့ လိုအပ်ကြောင်း လေ့လာ သုံးသပ်မှုများ ရှိနေပါတယ်။

မူရင်းသတင်း - DVB


No comments:

Post a Comment