Thursday 4 October 2012

အောက်တိုဘာလ ၃ရက်နေ့ ညပိုင်းက သင်္ဃန်းကျွန်းမြို့နယ်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွား


Thursday, 04 October 2012 00:00
 
အောက်တိုဘာလ ၃ရက်နေ့ ညပိုင်းက သင်္ဃန်းကျွန်မြို့နယ် မီးလောင်ကျွမ်းမှုဖြစ်စဉ် မြင်ကွင်း

အောက်တိုဘာလ ၃ရက်နေ့ ညပိုင်းက သင်္ဃန်းကျွန်မြို့နယ် လေးထောင်ကန်ရပ်ကွက် ကန်တော်မွန်အိမ်ယာ AAA ကားအပိုပစ္စည်းဆိုင်ဘေးရှိ လေထိုးကျွတ်ဖာဆိုင်၊ ရှော့အိတ်ဇောဘားဆိုင်နှင့် အင်ဂျင်ဝိုင်အဟောင်းအရောင်းဆိုင်များတွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။

အဆိုပါမီးလောင်မှုဖြစ်ရခြင်း အကြောင်းအရင်းကို မီးသတ်ဌာနသို့ ဆက်သွယ်မေးမြန်းရာဖြစ်စဉ်နှင့် ပတ်သက်၍ တာဝန်ရှိသူများမှ စုံစမ်းစစ်ဆေးလျက်ရှိကြောင်းသိရသည်။ မီးလောင်မှုကြောင့် ၁၀ပေ x ၃၀ပေ ဆိုင်ခန်း ၄ခန်းနှင့် ၅ပေ ပတ်လည် ဆိုင်ခန်းတစ်ခန်း မီးလောင်ကျွမ်းခဲ့ကြောင်း သိရပါသည်။

မီးလောင်မှုဖြစ်စဉ်အနီးရှိ AAA ကားအပိုပစ္စည်းအရောင်းဆိုင်မှ ၀န်ထမ်းတစ်ဦးဖြစ်သူ ဦးစိုးမင်းဦးက ''မီးလောင်တာ သိသိချင်း ဆိုင်ကို မီးမကူးအောင် ရေပုံးနှစ်ပုံးဆွဲပြီး မီးငြိမ်းသတ်ဖို့ လုပ်ဆောင်ခဲ့တာပါ။ ပေါက်ကွဲမှုဖြစ်စဉ် နှစ်ကြိမ်လောက်ဖြစ်တော့ အနားကို မကပ်ရဲတော့ဘူး။ ဘာပေါက်ကွဲမှန်းတော့ မသိဘူး။ အထဲမှာ လေအိုးတွေတော့ ရှိတယ်။ မီးသတ်တပ်ဖွဲ့ဝင်တွေ ရောက်တာမြန်တဲ့အတွက် ကျွန်တော်တို့ဆိုင်မှာတော့ ဆုံးရှုံးမှု မရှိပါဘူး''ဟု ပြောကြားခဲ့ပါသည်။
ယင်းမီးလောင်မှုဖြစ်စဉ်ကို မီးသတ်ဌာနမှ ည ၉နာရီ ၁၀မိနစ်အချိန်တွင် သတင်းရရှိခြင်းဖြစ်ကြောင်း၊ ည ၉နာရီ ၃၅မိ နစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး ၉ နာရီ ၄၅ မိနစ်အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်းနှင့် မီးလောင်ကျွမ်းမှုကြောင့် ငွေကျပ် ၂၅သိန်း ကျော် ဆုံးရှုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်စဉ်နှင့်ပတ်သတ်၍ သင်္ဃန်းကျွန်းမြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး ဖြစ်သူဦးခင်မောင်ထွန်းက ''မီးသတ်တပ်ဖွဲ့ဝင်တွေ လုပ်ငန်းဆောင်ရွက်မှုတွေ အဆင်ပြေစေဖို့ ပြည်သူတွေအနေနဲ့ ကူညီဖို့ လိုအပ်ပါတယ်။ ဒီနေ့မှာဆိုရင် လူတွေ၊ စက်ဘီးတွေကြောင့် မီးသတ်ယာဉ်တွေ ၀င်ထွက်သွားလာတာ ခက်ခဲမှုတွေ ကြုံရပါတယ်။ မီးလောင်မှုဖြစ်စဉ်အနီးမှာ အကာအကွယ် မရှိဘဲ ရှိနေမယ်ဆိုရင် အန္တရာယ် အရမ်းများပါတယ်''ဟု ပြောပြခဲ့ပါသည်။
အဆိုပါမီးလောင်မှုဖြစ်စဉ်သို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ အုပ်ချုပ်မှုယာဉ် ၆ စီး၊ မီးသတ်ယာဉ် ၂၅ စီး၊ အထောက်အကူပြုယာဉ် ၈ စီးတို့နှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ မီးငြိမ်းသတ်မှု ပြုလုပ်ခဲ့ကြောင်းနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲမှ ရဲတပ်ဖွဲ့ဝင်များကလည်း မီး လောင်မှုဖြစ်စဉ်အနီးတွင် လုံခြုံရေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

Eleven

No comments:

Post a Comment