Thursday 4 October 2012

ရန်ကုန်မြို့ရှိ မပြီးစီးသေးဘဲ ရပ်တန့်နေသည့် အိမ်ရာစီမံကိန်းကြီးများကို တည်ဆောက်သည့်ကုမ္ပဏီ ၂၈ ခုအား တွေ့ဆုံပြီး အိမ်ရာများ အမြန်ပြီးစီးအောင်ဆောက်လုပ်ကာ အများပြည်သူအား သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးရန် ညွှန်ကြားခဲ့ဟု သိရ

ရန်ကုန်မြို့ရှိ မပြီးစီးသေးဘဲ ရပ်တန့်နေသည့် အိမ်ရာစီမံကိန်းများကို တည်ဆောက်သည့် ကုမ္ပဏီ ၂၈ ခု အား ပြီးခဲ့သည့် စက်တင်ဘာလ ၂၃ ရက်နေ့၌ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက တွေ့ဆုံပြီး ယင်းအိမ်ရာ စီမံကိန်းများအား အမြန်ပြီးစီးအောင် ဆောက်လုပ်ကာ အများပြည်သူအား အစိုးရမှ သတ်မှတ်ပေးသည့် သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးရန် ညွှန်ကြားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေ က အောက်တိုဘာလ ၂ ရက်နေ့က ပြုလုပ်ခဲ့သော ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်  စတုတ္ထပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် ပြောကြားခဲ့သည်။
 ရန်ကုန်မြို့ရှိ မပြီးစီးသေးဘဲ ရပ်တန့်နေရသည့် အိမ်ရာစီမံကိန်းများတွင် အချို့မှာ တန်ဖိုးနည်း အိမ်ရာ စီမံကိန်းများလည်း ပါဝင်ပြီး တန်ဖိုးမြင့်အိမ်ရာစီမံကိန်းများလည်း ပါဝင်ကြောင်း သိရှိရသည်။
''ရန်ကုန်မြို့မှာ On going Project တွေ ဆောက်လုပ်တဲ့နေရာမှာ ရပ်တန့်နေရတဲ့ အနေအထားတွေကို အား လုံး လည်း တွေ့မြင်နေရပါတယ်။ အဲဒီစီမံကိန်းတွေထဲမှာ အချို့တန်ဖိုးနည်း စီးမံကိန်းတွေလည်း ပါနေ တယ်။ တန်ဖိုးမြင့် စီမံကိန်းတွေလည်း ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၃ ရက်နေ့ က ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်းက မပြီးစီးသေးတဲ့ ကုမ္ပဏီ ၂၈ ခုနဲ့ တွေ့ဆုံခဲ့တယ်။ ရန်ကုန်မြို့မှာ ရပ်တန့်ပြီး မပြီးစီးသေး တဲ့ စီမံကိန်းတွေ ပြီးစီးအောင်လုပ်ဖို့ တိုက်တွန်းပါတယ်။ အထူးသဖြင့် Appartment တွေ၊ တိုက်ခန်းတွေ ပြီးစီးအောင် ဆက်ဆောက်ဖို့ပါ။ ဒီနေ့မှာ မပြီးစီးသေးတဲ့ စီမံကိန်းတော်တော်များများက အစိုးရကိုအပ်ရမဲ့ အပိုင်းတွေ မှာ အချိုးတွေရှိတယ်။ ဟိုအရင်ကဆိုရင် ၂၀း၈၀၊ နောက် ၄၀း၆၀၊ နောက် ၅၀း ၅၀ အချိုးတွေနဲ့ လုပ်တာ။ နောက်ဆုံး အချိုးတစ်ခုရရှိပြီး ပေးရမဲ့အပိုင်းမှာ အခန်းပေးဖို့အတွက် အခက်အခဲတွေ နည်းနည်း ရှိနေခဲ့ တယ်။ ပြည်သူလူထုလည်း သက်သက်သာသာ နေနိုင်အောင်၊ အခုဆောက်ရမဲ့ဟာတွေကို ဆက်ေ ဆာက် ပါ။ အစိုးရကိုပေးရမယ့် အခန်းသည် ၄၀း၆၀ ဆိုတဲ့အချိန်မှာ အစိုးရကို ၄၀ ပေးရမယ့်အခန်းသည် အပ်စရာ မလိုဘဲ ငွေပဲပေးဆိုပြီး ပြောကြားခဲ့ပါတယ်''ဟု ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးမြင့်ဆွေ က ပြောကြား ခဲ့သည်။
''ဒီအိမ်ရာတွေက အခန်းတွေကို တန်ဖိုးဖြတ်တဲ့အခါမှာ သက်သာတဲ့ဈေးနှုန်းနဲ့ တန်ဖိုးဖြတ်အဖွဲ့တစ်ဖွဲ့ ဖွဲ့ပြီး ၁ စတုရန်းပေ ကို ၆ သောင်းနဲ့ ဖြတ်ပေးမယ်ဆိုရင် ကုမ္ပဏီက လူထုကိုရောင်းတဲ့အခါမှာ ၁ စတုရန်းပေကို ၁ သိန်းနဲ့ ရောင်းလို့မရဘူး။ ဘယ်လောက်နဲ့ တန်ဖိုးဖြတ်မယ်ဆိုတာကိုလည်း အောက်မှာလည်း ဆိုင်း ဘုတ်ကြီးထောင် ထားမယ်။  အဲဒီထက်သင့်တင့်နှုန်းလေး ပဲတင်ပြီးတော့ ရောင်းပေးရမယ်လို့ ကုမ္ပဏီတွေ ကို ညွှန်ကြားဆောင်ရွက်ခဲ့ပါတယ်''ဟု ဦးမြင့်ဆွေက ပြောကြားခဲ့သည်။
တွေ့ဆုံမှာကြားခဲ့သည့် ကုမ္ပဏီ ၂၈ ခုတွင် နာမည်ကြီးဆောက်လုပ်ရေး ကုမ္ပဏီများဖြစ်သော ရွှေသံလွင်၊ မက်စ် မြန်မာ၊ ရွှေတောင်၊ ယုဇန၊ မောင်ဝိတ်၊ ဒဂုံအင်တာနေရှင်နယ်ကုမ္ပဏီ၊ Asia World  ၊ ဇေကမ္ဘာ စသည့်ကုမ္ပဏီ တို့ ပါဝင်ကြောင်း သိရှိရသည်။
တွေ့ဆုံခဲ့သည့် ကုမ္ပဏီအချို့နှင့် ၎င်းတို့တည်ဆောက်သည့် အိမ်ရာစီမံကိန်းများ
ရွှေသံလွင်ထရေးဒင်းကုမ္ပဏီလီမိတက် မေယုဂါးဒင်းအိမ်ရာစီမံကိန်း(ဗိုလ်တထောင်)
မက်စ်မြန်မာကုမ္ပဏီ Pyay Tower Project(စက်မှုလယ်ယာနှင့် သစ်တောပိုင်မြေနေရာ၊ ပြည်လမ်း)
ရွှေတောင်ကုမ္ပဏီ Central Area Development Projet
(၄၅၊ ၄၆၊ ၄၇၊ ၄၈ လမ်းနေရာ၊ ဗိုလ်တထောင်)
Asia World Co.Ltd လှည်းတန်းအိမ်ရာစီမံကိန်း
ယုဇနကုမ္ပဏီ + CCC  ဆောက်လုပ်ရေး (Hiway Complex) ကမာရွတ်ခရီးသည်တင်ယာဉ်ရပ်နားစခန်းနေရာ
ဒဂုံအင်တာနေရှင်နယ်ကုမ္ပဏီ Grand Golden View Tower (ဦးဝိစာရအ၀ိုင်းအနီး၊ ဒဂုံမြို့နယ်)
National Development  Co.Ltd အောင်ဇေယျ Square အိမ်ရာစီမံကိန်း
(အောင်ဇေယျကြိုးတံတားအနီး၊ အင်းစိန်မြို့နယ်)
ဇေကမ္ဘာကုမ္ပဏီလီမိတက် Pyay Garden Condominium ကမာရွတ်ခရီးသည်တင်ယာဉ်ရပ်နားစခန်းနေရာ
မေခလာကုမ္ပဏီလီမိတက် Airport View Tower


ref:EMG

No comments:

Post a Comment