Tuesday 14 August 2012

သမာသမတ်ကျသည့် အထူးကိုယ်စားလှယ်တစ်ဦး ပြောင်းလဲတာဝန်ပေးရန် ကမ္ဘာ့ကုလသမဂ္ဂကို RNDP တောင်းဆို

ရခိုင်ပြည်တွင် ဇွန်လက ဖြစ်ပေါ်ခဲ့သော ဆူပူအကြမ်းဖက်မှုများအား လေ့လာရန်ရောက်ရှိ လာသော မစ္စတာ သောမတ် အိုဟေး ကင်တားနားအနေဖြင့် ဘက်နှစ်ဖက်အား လေ့လာခဲ့ခြင်းမျိုးမဟုတ်ဘဲ တဘက်တည်းသာတွေ့ဆုံးပြီး တဖက်သတ် အမြင်များကိုသာ သတင်းစာရှင်းလင်းပွဲတွင်ပြောကြား ခဲ့ခြင်းကြောင့် ကင်တားနားနေရာတွင် သမာသမတ်ကျသည့် အထူးကိုယ်စားလှယ် တစ်ဦး ပြောင်းလဲ  တာဝန်ပေး ရန် ကမ္ဘာ့ကုလသမဂ္ဂကို တောင်းဆိုလိုက်ကြောင်း RNDP ၏ အတွင်းရေးမှူး ခိုင်ပြည်စိုး ကပြောသည်။

" အဲဒီသတင်းစာရှင်းလင်းပွဲမှာ ရခိုင်တိုင်းရင်းသားတွေ မကြိုက်တဲ့၊ တိုင်းရင်းသားတွေကြားမှာ မရှိတဲ့ ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို သုံးသွားတယ်၊ ရိုဟင်ဂျာတွေဟာခွဲခြားဆက်ဆံမှုတွေခံနေရတယ် ဆိုပြီးပြောသွားတယ်၊ ဒီလိုပြောဆိုမှုတွေဟာ သူ့အနေနဲ့ တဖက်သတ်ပြောဆိုမှုတွေသာ ဖြစ်တယ်၊ ဒီလိုပြောဆိုမှုတွေဟာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တစ်ဦး အနေနဲ့ သမာသမတ်ကျတဲ့ ပြောဆိုမှုမျိုး မဟုတ်ဘူးလို့ မြင်တယ်၊ ဒါကြောင့် မစ္စတာ ကင်တားနားနေရာမှာ သမာသမတ်ကျတဲ့ အထူးကိုယ်စားလှယ်တစ်ဦး ခန့်အပ်ပေးဖို့ တောင်းဆိုတာ ဖြစ်တယ် " ဟု ခိုင်ပြည်စိုးက ပြောသည်။

ကုလသမဂ္ဂလက်အောက်ရှိ အဖွဲ့အစည်းများနှင့် INGOs အဖွဲ့အစည်းမျာမှ ရခိုင်ပြည်နယ်အတွင်း ကူညီထောက်ပံ့ရေးလုပ်ငန်းများတွင် ဘင်္ဂလီနှင့် ရခိုင်တိုင်းရင်းသားများအကြား ခွဲခြားဆက်ဆံမှု များရှိ ခဲ့ကြောင်း ကို သူကဆက်ပြောသည်။

" ရခိုင်မှာ အရေးအခင်းဖြစ်ပြီးနောက်ရော၊ မဖြစ်ခင်ကာကရော ရခိုင်တွေဟာ ခွဲခြားဆက်ဆံခံခဲ့ရတယ်။ ဒီလိုခွဲခြားဆက်ဆံမှုတွေဟာ ဘူးသီးတောင်၊ မောင်တောနယ်က ဒေသခံတွေကြားမှာ ပျံ့နှံ့နေတယ်။ ဒါကြောင့် အဲဒီဒေသတွေကို သွားပြီး ကျနော်လေ့လာခဲ့တယ်။ INGOs၊ UNHCR၊ BAG စတဲ့အဖွဲ့တွေက ရခိုင်တိုင်းရင်းသားကျေးရွာတွေမှာ အိမ်သာလေးတစ်လုံး၊ ရေကန်လည်းတစ်ခု၊ ကျောင်းလေး တစ်ဆောင်၊ ဆေးခန်းလေးတစ်ဆောင် လှူထားတာ မတွေ့ရဘူး။ သူတို့လှူထားတာတွေက ဘင်္ဂ လီရွာတွေ မှာ ဘဲ တွေ့ရတယ်၊ ဆင်းရဲနွမ်းပါတာ တူပါလျှက်နဲ့ ရခိုင်တိုင်းရင်းသားတွေကို မကူညီဘဲ၊ ဘာ့ကြောင့် ဘင်္ဂလီကုလားတွေကို သာကူညီရတာလဲ။ ဒါတွေကို ကြည့်ခြင်းအားဖြင့် ရခိုင်တိုင်းရင်းသားတွေအပေါ်မှာ ခွဲခြားဆက်ဆံမှုတွေ ရှိနေတယ်" ဟု ခိုင်ပြည်စိုးက ပြောသည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဗဟိုဌာနချုပ်မှ ကုလသမဂ္ဂအထူးကိုယ်စားလှယ် သောမတ်(စ်) ကင်တားနား၏ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားချက်နဲ့ပတ်သက်၍ အချက် (၅)ချက်ပါ သဘော ထား ကြေငြာချက်အမှတ်- ၅/၂၀၁၂ ကို သြဂုတ်လ(၁၂)ရက်နေ့က ထုတ်ပြန်ခဲ့သည်။

" ကျနော်တို့က ဒီထုတ်ပြန်ချက်ကို ကုလသမဂ္ဂကို ပို့ပေးမှာဖြစ်တယ်၊ နောက်ပြီး ပြည်သူ လူထုထဲ ကိုလည်း ဖြန့်ဝေ သွားမှာပါ " ဟုခိုင်ပြည်စိုးက ပြောသည်။

သြဂုတ်လ(၁၀)ရက်နေ့က နိုင်ငံရေးပါတီ(၂၄)ခုကလည်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ် အိုဟေး ကင်တားနား၏ နေရာတွင် အခြားသူတစ်ဦးအား အစားထိုးပေးရန် ကုလသမဂ္ဂ ဒုတိယ အတွင်းရေးမှူးချုပ် မစ္စတာ ဗီဂျေး နမ်ဘီယား၏ နိုင်ငံရေးအကြံပေး Mrs. Marianne Hagen နဲ့ တွေ့ဆုံစဉ် တိုက်တွန်း ပြောကြားခဲ့ကြောင်းသိရသည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဗဟိုဌာနချုပ်က သြဂုတ်လ ၁၂ ရက်နေ့တွင် ထုတ်ပြန် လိုက်သော ကြေငြာချက်ကိုလည်း မူရင်းအတိုင်းမှ ကူးယူပြီး တင်ပြလိုက်သည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဗဟိုဌာနချုပ်

စစ်တွေမြို့၊ ရခိုင်ပြည်နယ်

ကြေငြာချက် အမှတ် - ၅ / ၂၀၁၂

နေ့စွဲ - ၁၂/၈/၂၀၁၂

၁၃၇၄ - ခု၊ ဝါဆိုလပြည့်ကျော်(၁၂)ရက်၊ တနင်္ဂနွေနေ့

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီသည် ၈-၆-၂၀၁၂ နေ့ မောင်တောမြို့နယ်၊ ရခိုင်တိုင်းရင်းသား များ၏ အိမ်များ၊ တခြားအဆောက်အဦးများကို မီးရှို့ဖျက်ဆီး၊ သတ်ဖြတ်ခံရခြင်းမှ စတင်ဖြစ်ပွားခဲ့ သည့် ဒေသတွင်း မတည်မငြိမ်မှုများကို နိုင်ငံရေးပါတီတစ်ခု၏ မူဝါဒရေးရာများနှင့်အညီ ဘက်လိုက်မှုမရှိစေ ဘဲ ဖြစ်ရပ်မှန်များကို အချိန်နှင့်တပြေးညီ လေ့လာစောင့်ကြည့်လျှက်ရှိပါသည်။

ရခိုင်တိုင်းရင်းသားများကို ကိုယ်စားပြုဖွဲ့စည်းထားသည့် ပါတီတစ်ရပ်အနေဖြင့် မိမိတို့လူ့အဖွဲ့အစည်းနှင့် မိမိတို့၏နယ်မြေ အစဉ်တည်တံ့ရပ်တည်နိုင်ရေးအတွက် ပါတီဖွဲ့စည်းပုံ စာမျက်နှာ(၂)၊ နိုင်ငံရေးကဏ္ဍ အပိုဒ်(ဆ)တွင် " ၁၉၈၂ - ခုနှစ်၊ မြန်မာနိုင်ငံသား ဥပဒေကိုအခြေခံ၍ ရခိုင်ပြည်နယ်အတွင်း တိုင်းရင်းသားမ ဟုတ်သည့် လူမျိုးခြားများ တရားမဝင် ဝင်ရောက်အခြေချက်နေထိုင်မှုကို တားဆီးပိတ် ပင်ရေးကြိုး ပမ်းဆောင်ရွက်ရန် " ဟူ၍ လည်းကောင်း၊ စာမျက်နှာ(၈)၊ အုပ်ချုပ်ရေးကဏ္ဍတွင် " ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့် အရေးကြေငြာစာတမ်းပါ ပြဌာန်းချက်များနှင့် အညီ လူ့အခွင်အရေးအပြည့်အဝရရှိရေး ကြှိုးပမ်းဆောင် ရွက်ရန် " ဟူ၍လည်းကောင်း ဖော်ပြပါရှိပါသည်။

ဇွန်လအတွင်းဖြစ်ပွားခဲ့သည့် မတည်မငြိမ်မှုနှင့်ပတ်သတ်၍ လေ့လာစုံစမ်းရန်ရောက်ရှိလာသည့် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် သောမတ်(စ်)ကွင်တားနားသည် သတင်းစာ ရှင်းလင်းပွဲ ၌ ဒေသ ခံပြည်သူများ၏ ဆန္ဒကို အလေးမထားဘဲ တစ်ဖက်သက်ပြောဆိုသွားသည်ကို တွေ့ရှိရသည့်။

ထို့ကြောင့် အောက်ဖော်ပြပါ သဘောထားကြေငြာချက်ကို ထုတ်ပြန်လိုက်သည် -

၁။ " ရိုဟင်ဂျာ " ဆိုသည့် စကားလုံးကို သုံးနှုန်းပြောဆိုခြင်းနှင့် ပတ်သတ်၍ သောမတ်(စ်)ကွင် တားနားသည် ရခိုင်လူမျိုးများ၏ သမိုင်းအစဉ်အလာနှင့်ဖြစ်တည်မှုကို အသိအမှတ်မပြုသည့်အပြင် သမိုင်းလိမ်များကို အားပေးမြှောက်ပင့်ရာ ရောက်နေသည်။ ထိုစကားလုံးကို သုံးနှုန်းပြောဆိုခြင်းမပြုရန် အလေးအနက်တိုက်တွန်းသည်။

၂။ " ခွဲခြားဆက်ဆံခြင်းခံနေရသည် " ဟု စွပ်စွဲပြောဆိုခြင်းသည် မစ္စတာကွင်တားနားအနေဖြင့် ဘူးသီးတောင်၊ မောင်တောမြို့နယ်များတွင် အဆမတန်လူဦးရေပေါက်ပွား မှုကြောင့် ဒေသခံ တိုင်းရင်း သားများ ၏ လူမှုအနိဌာရုံ ပေါ်ပေါက်နေမှုကို လူသားချင်း စာနာထောက်ထားမှုမရှိသည့်အပြင် ကုလသမဂ္ဂ လက်အောက်ရှိ အဖွဲ့အစည်းများနှင့် INGOs - အဖွဲ့အစည်းတချို့က တရားမဝင်ခိုးဝင်လာသည့် ဘင်္ဂလီများကို တဖက်သတ်ကူညီထောက်ပံ့နေခြင်းသည်သာ အမှန်တကယ်ခွဲခြားဆက်ဆံခြင်းဖြစ်သည်ဟု ရှုမြင်သုံးသပ်ရန် လိုအပ်သည်။

၃။ " ၁၉၈၂ - ခုနှစ်၊ မြန်မာနိုင်ငံသား ဥပဒေ(Burma Citizenship Law)ကို ပြန်လည်သုံးသပ်ပေးရန် " တောင်းဆိုခြင်းနှင့် ပတ်သတ်၍လည်း နိုင်ငံတစ်နိုင်ငံ၏ ဥပဒေပြုခွင့်အာဏာကို ဝင်ရောက် စွက်ဖက် ရာရောက်ပြီး တရားမဝင် ကျူးကျော်ဝင်ရောက်လာသည့် ဘင်္ဂလီများ၏ ထိုးနှက်ချက်ကို လက်ဆုပ် လက်ကိုင်ပြုကာ ကျစ်လစ်ခိုင်မာသည့် ရခိုင်လူ့အဖွဲ့အစည်းကို မတည်မငြိမ်ဖြစ်စေနိုင်သည့် ဆိုးကျိုး များဖြစ်ပေါ်လာနိုင်ခြင်းကြောင့် ဒေသတွင်းတည်ငြိမ်အေးချမ်းရေးကို အလေးထားစဉ်စား ရန်၊ နိုင်ငံ တစ်နိုင် ငံ  ၏ အတည်ပြုပြဌာန်းထားသည့် ဥပဒေကို လေးစားလိုက်နာရန် တိုက်တွန်းသည်။

၎။ ရခိုင်ပြည်နယ်အတွင်းသို့ စုံစမ်းလေ့လာရေး ခရီးရောက်ရှိလာသည့် ကွင်တားနားသည် ပဋိပက္ခဇစ်မြစ်ကို တစ်ဖက်သတ်အမြင်ဖြင့်တွေ့ဆုံလေ့လာပြီး ဖိအားပေးပြောဆိုမှုများရှိနေခြင်းကြောင့် ပကတိအဖြစ်မှန်တ ရား ပေါ်ထွက်နိုင်စရာအကြောင်းမရှိသည့်အတွက် ကမ္ဘာ့ကုလသမဂ္ဂအနေဖြင့် သမာသမတ်ကျသည့် အထူးကိုယ်စားလှယ်တစ်ဦး ပြောင်းလဲတာဝန်ပေးအပ်ပါရန် လေးလေးနက်နက်တောင်းဆိုသည်။

ဗဟိုအလုပ်အမှုဆောင်ကော်တီ

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ

ဆက်သွယ်ရန် - ခိုင်ပြည်စိုး

- အတွင်းရေးမှူး

ပြန်ကြားရေးတာဝန်ခံ

၀၉-၄၂၁ ၇၁၄ ၅၈၉

(ဦးမြင့်နိုင်၊ ဘဏ္ဍာရေးမှူး၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ၊ နသ - ၀၁၃)
ref:Arkantimes

No comments:

Post a Comment