Tuesday 14 August 2012

အချက်အလက်များကို သိုလှောင်သိမ်းဆည်းနိုင်မယ့် အကောင်းဆုံး Cloud သိုလှောင်မှုစနစ်များ



Cloud သိုလှောင်မှုစနစ်ဟာ အချက်အလက်တွေကို back up ပြုလုပ်ရာမှာ thumb drive နဲ့ external hard drive တို့ပေါ်မှာ ပြုလုပ်သကဲ့သို့ အသုံးပြုနိုင်မယ့် နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ cloud သိုလှောင်မှုစနစ်ရဲ့ ထူးခြားချက်ကတော့ ကွန်ပျူတာများ၊ လက်တော့ပ်များ၊ စမတ်ဖုန်းများနဲ့ tablet များကဲ့သို့ ထုတ်ကုန်အများ အပြားကနေ ချောမွေ့စွာ synchronize ပြုလုပ်နိုင်စေခြင်း ဖြစ်ပါတယ်။ ဒါကြောင့် အင်တာနက်ချိတ်ဆက်မှု ရှိရုံနဲ့ အချက်အလက်များကို အခမဲ့ သိုလှောင်သိမ်းဆည်းထားနိုင်တဲ့ ဝန်ဆောင်မှု မြောက်များစွာအနက်မှ အကောင်းဆုံး Cloud သိုလှောင်မှုစနစ်များကို ရွေးချယ် ဖော်ပြလိုက်ပါတယ်။


Google Drive
www.drive.google.com ကနေ download ရယူပြီး အသုံးပြုနိုင်တဲ့ Google Drive ဟာ Gmail နဲ့ Google Docs အသုံးပြုသူများအတွက် ဖြန့်ချိပေးထားတဲ့ cloud သိုလှောင်မှုစနစ်တစ်ခုဖြစ်ပါတယ်။ Gmail ပေါ်ကနေ document တွေကို e-mail နဲ့ပေးပို့ခြင်းအစား အရွယ်အစားကြီးမားတဲ့ ဖိုင်တွေကို Google Drive ကနေ တစ်ဆင့် ဝေမျှပေးနိုင်မှာပါတယ်။

Google Docs နဲ့ ဝေမျှခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းတို့ ပြုလုပ်ရာမှာ အွန်လိုင်းပေါ်ကနေ ပြုလုပ်ရမှာဖြစ် ပါတယ်။ ဒါ့အပြင် document များ၊ spreadsheet များနဲ့ presentation များကို ဖန်တီးနိုင်စေတဲ့အပြင် တစ်ချိန်တည်းမှာပင် document တစ်ခုတည်းကို အသုံးပြုသူ အမြောက်အများမှ ပြင်ဆင်မှုများပြုလုပ်နိုင်ပါ တယ်။ ပြုလုပ်လိုက်တဲ့ ပြောင်းလဲမှုတိုင်းကို new revision အနေနဲ့သိုလှောင်သိမ်းဆည်းပေးထားပြီး ရက် ၃၀ အတွင်းပြုလုပ်ထားတဲ့ ယခင် revision များကိုလည်း ပြန်လည်အသုံးပြုနိုင်ပါတယ်။

Google Drive ဟာ HD video, Adobe Illustrator နဲ့ Photoshop အပါအဝင် ဖိုင်အမျိုးအစား ၃၀ ကျော်ကို သက်ဆိုင်ရာ program ကို ထည့်သွင်းအသုံးပြုထားခြင်းမရှိရင်တောင်မှ အသုံးပြုသူရဲ့ Web browser ပေါ်မှာဖွင့်ပေးနိုင်ပါတယ်။ ဒါ့အပြင် ဖိုင်များကိုလည်း Google Docs format အနေနဲ့    ပြောင်းလဲ ပေးနိုင်ပါတယ်။

၎င်းဝန်ဆောင်မှုကို PC နဲ့ Mac အသုံးပြုသူများအပြင် Android နဲ့ iOS ထုတ်ကုန်များ အတွက် ဖြန့်ချိ ပေးထားပါ တယ်။

Google Drive ကို ကွန်ပျူတာပေါ်မှာ download ပြုလုပ်ပြီးတဲ့အခါမှာ folder တစ်ခုကို ဖန်တီးပေးထားပါ တယ်။ ဖိုင်တွေကို drag and drop လုပ်ပြီး အဆိုပါ folder ထဲကို ထည့်သွင်းနိုင်ပါတယ်။ အကယ်၍ အသုံးပြုသူရဲ့ operating system ဟာ Google Drive ကို အထောက်အပံ့မပေးထားဘူးဆိုရင် Google ID နဲ့ sign in လုပ်ပြီး သုံးနိုင်တဲ့ Web version ကနေ ဖိုင်တွေကို upload လုပ်နိုင်ပါတယ်။

Google Drive ကို အသုံးပြုသူများအတွက် အခမဲ့သိုလှောင်မှုပမာဏအဖြစ် 5GB ပေးထားပါတယ်။ 5GB နဲ့ မလုံလောက်သူများအနေနဲ့ 25GB အတွက် တစ်လကို အမေရိကန်ဒေါ်လာ ၂.၄၉၊ 100GB အတွက် တစ်လကို အမေရိကန်ဒေါ်လာ ၅၊ 200GB အတွက် တစ်လကို အမေရိကန်ဒေါ်လာ ၁၀၊ 400GB အတွက် တစ်လကို အမေရိကန်ဒေါ်လာ ၂၀ အသီးသီး အဆင့်မြှင့်တင်ကာ အသုံးပြုနိုင်ပါတယ်။

Microsoft SkyDrive
Microsoft ရဲ့ SkyDrive www.skydrive.com ဟာ စွမ်းဆောင်ရည်မြင့်တဲ့ တစ်ကိုယ်ရေသုံး cloud သိုလှောင်မှုစနစ်ဖြစ်ပါတယ်။ အချက်အလက် သိုလှောင်ခြင်း၊ ဖိုင်များကို အသုံးပြုခြင်း၊ ပူးပေါင်းဆောင် ရွက်မှုပြုလုပ်ခြင်း၊ ဓာတ်ပုံနဲ့ ဖိုင်ဝေမျှမှုကို ပြသခြင်းစတဲ့ feature များပါဝင်ပါတယ်။

SkyDrive ဝန်ဆောင်မှုဟာ အချက်အလက်သိုလှောင်မှုအတွက် 7GB အခမဲ့ ပေးထားပါတယ်။ အဆိုပါ သိုလှောင်မှုပမာဏဟာ အသုံးပြုသူ ၉၉.၉၄ ရာခိုင်နှုန်းအတွက် လုံလောက်တဲ့ပမာဏဖြစ်ပြီး Office document ၂၀,၀၀၀ နဲ့ ဓာတ်ပုံ ၇,၀၀၀ သိမ်းဆည်းထားနိုင်တယ်လို့ Microsoft ကုမ္ပဏီက ပြောကြား ထားပါတယ်။ အဆိုပါပမာဏနဲ့ မလုံလောက်သူများအနေနဲ့ 20GB အတွက် တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၁၀၊ 50GB အတွက် တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၂၅ နဲ့ 100GB အတွက် တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၅၀ နဲ့ အဆင့်မြှင့်တင် အသုံးပြုနိုင်ပါတယ်။

၎င်းဝန်ဆောင်မှုကို Windows နဲ့ Mac အပြင် SkyDrive.com ကနေတစ်ဆင့် အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် Windows ဖုန်းများ၊ iPhone နဲ့ iPad အတွက်လည်း SkyDrive app များကို download ရယူပြီး အသုံးပြုနိုင်ပါတယ်။ အသုံးပြုဖို့အတွက် Windows Live ID တစ်ခု ပိုင်ဆိုင်ထားရမှာဖြစ်ပါတယ်။

SkyDrive မှာပါဝင်တဲ့ ထူးခြားတဲ့ feature တစ်ခုကတော့ Windows  desktop အတွက်ဖြန့်ချိထားတဲ့ SkyDrive app အသုံးပြုထားတဲ့ remote Windows PC မှ မည်သည့်ဖိုင်ကိုမဆို ရယူနိုင်ခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် Microsoft Office document များကိုအသုံးပြုတဲ့အခါမှာ ဖိုင်တွေကို convert လုပ်စရာမလိုဘဲ ပူးပေါင်းလုပ်ဆောင်နိုင်တဲ့ စနစ်လည်း SkyDrive မှာ ပါဝင်လာပါတယ်။

ဖိုင်တွေကို offline အနေနဲ့ ဖန်တီးနိုင်သလို အွန်လိုင်းပေါ်သို့ ရောက်နေတဲ့အခါမှာလည်း Google Docs လိုမျိုး real-time editing လုပ်ဆောင်မှု feature များနဲ့ အသုံးပြုနိုင်ပြီး version တွေကိုလည်း ခြေရာခံနိုင် ပါတယ်။ ဝေမျှလိုတဲ့ဖိုင်များကို ကြည့်ရှုနိုင်သလို Office for Mac, Office for Windows နဲ့ browser ကနေ သုံးနိုင်တဲ့ Office Web Apps တို့ကိုအသုံးပြုပြီး Word, PowerPoint နဲ့ Excel ဖိုင်များကို ပြင်ဆင် နိုင်ပါတယ်။

Dropbox
Dropbox, www.dropbox.com ကိုတော့ Windows နဲ့ Mac အပြင် Linux operating system နဲ့လည်း အသုံးပြုနိုင်ပါတယ်။ မိုဘိုင်း app များအနေနဲ့ iPhone, iPad, Android နဲ့ BlackBerry ထုတ်ကုန်များ အတွက်လည်း ဖြန့်ချိပေးထားပါတယ်။

အသုံးပြုသူများအတွက် သိုလှောင်မှုပမာဏ 2GB အခမဲ့ ပေးထားပြီး သုံးစွဲသူအသစ်များကို ခေါ်ဆောင်နိုင် ခဲ့ပါက  သိုလှောင်မှုပမာဏ 500MB စီ ထပ်မံရရှိမှာဖြစ်ပါတယ်။ သိုလှောင်မှုပမာဏ အများအပြားနဲ့ အသုံးပြုလိုသူများအနေနဲ့ 50GB အတွက် တစ်လကို အမေရိကန်ဒေါ်လာ ၁၀၊ 100GB အတွက် တစ်လ ကို အမေရိကန်ဒေါ်လာ ၂၀ နဲ့ အဆင့်မြှင့်တင်ပြီး သုံးနိုင်ပါတယ်။

အလွယ်တကူ အသုံးပြုနိုင်တဲ့ Dropbox မှာ ဓာတ်ပုံနဲ့ ဗီဒီယို upload ပြုလုပ်မှု လုပ်ဆောင်နိုင်စွမ်းကို အဆင့်မြှင့်တင်ထားတဲ့အတွက် အသုံးပြုသူများအနေနဲ့ မည်သည့် ကင်မရာ၊ tablet ၊ SD card နဲ့ စမတ်ဖုန်းများမှ ဓာတ်ပုံနဲ့ ဗီဒီယိုများကို အလိုအလျောက် upload ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပထမဦးဆုံး upload ပြုလုပ်တဲ့အခါမှာ အသုံးပြုသူတိုင်းကို Dropbox က 500MB ထပ်မံ ပေးပါတယ်။ မီဒီယာဖိုင်တွေကို အများအပြား upload ပြုလုပ်တဲ့အခါမှာ 3GB အထိ ပေါင်းစပ်ပေးမှာဖြစ်တယ်လို့ ကုမ္ပဏီက ဆိုထားပါတယ်။

Dropbox မှာ အခြား ဝန်ဆောင်မှုများကဲ့သို့ ဖိုင်များ၊ ဓာတ်ပုံများနဲ့ ဗီဒီယိုများကို Dropbox ပေါ်ကနေ link တစ်ခုနဲ့ ဝေမျှပေးပါတယ်။ အဖွဲ့တစ်ခုအနေနဲ့ လုပ်ဆောင်တဲ့အခါမှာ ဖိုင်များကို ဝေမျှနိုင်ပေမယ့် ၎င်းတို့နဲ့ ပြိုင်တူ edit ပြုလုပ်နိုင်ခြင်း မရှိပါဘူး။

SugarSync
၂၀၀၈ ခုနှစ်က cloud နည်းပညာကို မိတ်ဆက်ပေးခဲ့တဲ့ SugarSync, www.sugarsync.com ကို iPhone, iPad, Android, BlackBerry, Symbian, Windows Mobile နဲ့ Kindle ထုတ်ကုန်လိုမျိုး မိုဘိုင်းထုတ်ကုန်များအတွက် အထောက်အပံ့ပေးထားသလို Windows, Mac တို့နဲ့လည်း အသုံးပြုနိုင်ပါတယ်။

အခမဲ့ သိုလှောင်မှုပမာဏ 5GB ပေးထားပြီး အခကြေးငွေနဲ့ အဆင့်မြှင့်တင်လိုသူများအနေနဲ့ 30GB အတွက် တစ်လကို အမေရိကန်ဒေါ်လာ ၅၊ 60GB အတွက် အမေရိကန်ဒေါ်လာ ၁၀၊ 100GB အတွက် အမေရိကန်ဒေါ်လာ ၁၅ နဲ့ အသုံးပြုနိုင်ပါတယ်။

SugarSync ရဲ့ အကောင်းဆုံး feature ကတော့ sync လုပ်လိုတဲ့ folder များနဲ့ sync လုပ်မယ့်နေရာကို သတ်မှတ်ထားနိုင်ခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် ကွန်ပျူတာမှ ဖိုင်များကိုလည်း အသုံးပြုသူရဲ့ personal cloud ထံ အမြဲတမ်းလိုလို sync နဲ့ back up ပြုလုပ်ပေးပါတယ်။

Cloud ပေါ်မှာ သိုလှောင်သိမ်းဆည်းပြီးတာနဲ့ ဖိုင်တွေကို offline အနေနဲ့ ပြင်ဆင်နိုင်ပြီး နောက်တစ်ကြိမ် အွန်လိုင်းသို့ရောက်တဲ့အခါမှာ SugarSync က အလိုအလျောက် sync လုပ်ပေးပါတယ်။ ဖိုင်တွေကို ဝေမျှတဲ့အခါမှာ user တစ်ယောက်နဲ့ တစ်ယောက်အကြား ပြောင်းလဲထားသမျှကို SugarSync က သိမ်းဆည်းပေးပါတယ်။

SugarSync ဟာ Microsoft Outlook ကနေ attachment များကို ဝေမျှခြင်းအစား link များနဲ့ ပေးပို့တဲ့ feature သစ် အပါဝင် အလွယ်တကူ ဝေမျှနိုင်တဲ့ နည်းလမ်းများကို အထောက်အပံ့ပေးထားပါတယ်။ Links တွေကို လူမှုရေး ကွန်ရက်များပေါ်မှ document များ၊ ဓာတ်ပုံများထံဝေမျှနိုင် ပြီး ဓာတ်ပုံတွေကိုလည်း Facebook ပေါ်မှာ တင်ထားနိုင်ပါတယ်။


ref:IJ

No comments:

Post a Comment