Thursday 26 July 2012

ဂျပန် လေ့ကျင်းရေး ခရီးစဉ်နှင့် ပတ်သက်၍ JFA နှင့် MFF တို့ သဘောတူညီမှု ရရှိ

မြန်မာ့ လက်ရွေးစင် အသင်းအား စက်တင်ဘာလ အတွင်း ဂျပန်နိုင်ငံသို့ သွားရောက်
 လေ့ကျင့်စေရန် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် အနေဖြင့် ကြိုးပမ်း ဆောင်ရွက်လျက် ရှိရာ ယခုအခါ ဂျပန် ဘောလုံး အဖွဲ့ချုပ် (JFA) နှင့် အပြီးသတ် သဘော တူညီမှု ရရှိခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါ ခရီးစဉ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် အနေဖြင့် ဂျပန်နိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် တာဝန်ရှိ သူများထံ တိုက်ရိုက် ဆက်သွယ် ဆွေးနွေးခဲ့ခြင်း ဖြစ်ကာ ယခုကဲ့သို့ အပြီးသတ် သဘောတူညီမှု ရရှိခဲ့ခြင်း ဖြစ်ကြောင်းလည်း MFF တာဝန်ရှိသူ တစ်ဦး အဆိုအရ သိရှိရသည်။

ထို့ကြောင့် မြန်မာ့ လက်ရွေးစင် အသင်းသည် စက်တင်ဘာ ၁၈ရက်နေ့မှ ၂၉ရက်နေ့ အထိ ၁၁ရက်ကြာခန့် ဂျပန်နိုင်ငံတွင် ပူးတွဲ လေ့ကျင့်မှုများ သွားရောက် ပြုလုပ် နိုင်တော့မည် ဖြစ်သည်။ ပူးတွဲ လေ့ကျင့်ရေး ခရီးစဉ် ကာလအတွင်း မြန်မာ့ လက်ရွေးစင် အသင်း အနေဖြင့် ဂျပန်ရှိ နာမည်ကြီး ဂျေလိဂ် ကလပ်အသင်း ၃သင်းနှင့် စက်တင်ဘာ  ၂၁၊ ၂၅နှင့် ၂၈ရက်နေ့များတွင် ခြေစမ်းပွဲ ၃ပွဲ ယှဉ်ပြိုင် ကစားသွားမည် ဖြစ်ကြောင်းလည်း သိရသည်။


ထို့အတူ မြန်မာ့ လက်ရွေးစင် အသင်းသည် စက်တင်ဘာ လလယ်ပိုင်းတွင် စင်ကာပူ၊ ထိုင်း အစရှိသည့် အသင်းများနှင့်လည်း ခြေစမ်းပွဲများ ကစားရန် ပြင်ဆင်ထားကြောင်း သိရသည်။ စင်ကာပူ အသင်းမှာ မြန်မာနိုင်ငံသို့ လာရောက်ကာ စက်တင်ဘာ ၁၂ရက်နေ့တွင် ခြေစမ်းပွဲ တစ်ရပ် ယှဉ်ပြိုင် ကစားဖွယ် ရှိနေပြီး ထိုင်းအသင်းနှင့်မူ စက်တင်ဘာ ၁၅ရက်နေ့တွင် ထိုင်းနိုင်ငံသို့ သွားရောက် ယှဉ်ပြိုင် ဖြစ်ဖွယ် ရှိနေသည်။

ပတ်ဆောင်ဟွာ ကိုင်တွယ်မည့် မြန်မာ့ လက်ရွေးစင် အသင်းသည် လာမည့် အောက်တိုဘာ လဆန်းပိုင်းတွင် ၂၀၁၂ ဆူဇူကီးဖလား ခြေစစ်ပွဲ ပွဲစဉ်များအား ရန်ကုန်တွင် ကစားရမည် ဖြစ်ကာ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ အရှေ့တီမော အစရှိသည့် အသင်းများနှင့် အုပ်စုအဆင့်တွင် ရင်ဆိုင်ရမည် ဖြစ်သည် ။

ref:SM

No comments:

Post a Comment