Thursday 26 July 2012

ပဲခူးမြို့တွင် ပဲခူးမြစ်ရေကြီးမှု ဖြစ်ပေါ်လျက်ရှိ

ပဲခူးမြို့တွင် ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ(၂၆)ရက်နေ့ နံနက်ပိုင်းမှစတင်၍ ပဲခူးမြစ်ရေကြီးမှုဖြစ်ပေါ်လျှက်ရှိပြီး ပဲခူးမြို့ပေါ်ရှိ အချို့ရပ်ကွက်များနှင့် ပဲခူးနယ်တ၀ိုက်ရှိ အနိမ့်ပိုင်းကျသော ကျေးလက်ဒေသများတွင်
 ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်လျှက်ရှိကြောင်း သိရသည်။




ပဲခူးရိုးမဒေသ အပါအ၀င် ပဲခူးနယ်တ၀ိုက်တွင် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေ ဆက်တိုက်မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ပဲခူးမြစ်ရေသည် ဇူလိုင်လ(၂၆)ရက်နေ့ နံနက်(၅း၃၀)နာရီအချိန်တွင် ပဲခူးမြို့၌ ပဲခူးမြစ်၏ မြစ်ရေကြီးအမှတ် ဖြစ်သည့် (၈၆၀)စင်တီမီတာကို
 ကျော်လွန်သွားခဲ့ပြီး မြစ်ရေကြီးမှု စတင်ဖြစ်ပေါ်ခဲ့သည်။ ပဲခူးမြစ်ရေသည် ဆက်လက်မြင့်တက်လျှက်ရှိပြီး နံနက်(၇း၃၀)နာရီ အချိန်တွင် (၈၆၇)စင်တီမီတာသို့ ရောက်ရှိခဲ့ပြီးနောက် နေ့လည်(၁၁း၃၀)နာရီအချိန်တွင် (၈၇၂)စင်တီမီတာသို့ ရောက်ရှိနေသည်။



ထို့ကြောင့် ပဲခူးမြို့အနောက်တော အရပ်သို့ သွားရာ ရွှေသာလျောင်း လမ်းမကြီးတွင် ရေ(၁)ပေခန့်အထိ
 ကျော်နေပြီး မြို့ပေါ်အချို့ရပ်ကွက်များတွင် လှေများဖြင့် သွားလာနေကြရသည်။ ပဲခူးနယ်တ၀ိုက်တွင် မိုးရွာသွန်းမှု ဆက်လက်အားကောင်းနေ၍ ပဲခူးမြို့တွင် မြစ်၏စိုးရိမ်ရေအမှတ် ဖြစ်သည့်(၉၁၀) စင်တီမီတာကို ရောက်ရှိသွားနိုင်သည့် အခြေအနေများရှိနေကြောင်း သိရသည်။ အဆိုပါ စိုးရိမ်ရေအမှတ် သို့ရောက်ရှိပါက ပဲခူးမြို့၊ ခေါင်းဆေးကျွန်းအရပ်တွင် ရန်ကုန်-မန္တလေး အဝေးပြေး ကားလမ်းမကြီးအား
 ရေကျော်မည်ဖြစ်ပါသည်။


ပဲခူးမြစ်သည် ဇူလိုင်လနှင့် သြဂုတ်လများတွင် မြစ်ရေကြီးမှု နှစ်စဉ်ဖြစ်ပေါ်လေ့ရှိပြီး ယမန်နှစ် ၂၀၁၁ ခုနှစ်၊ ဇူလိုင်လ(၂၃)ရက်နေ့တွင် စိုးရိမ်ရေအမှတ်အထိ ရောက်ရှိခဲ့ပြီး မြစ်ရေကြီးမှု ဖြစ်ပေါ်ခဲ့သည်။ထို့ပြင် ၂၀၁၁ ခုနှစ်၊ သြဂုတ်လအတွင်း၌လည်း မြစ်ရေကြီးမှု ဆက်လက်ဖြစ်ပေါ်ခဲ့ပြီး သြဂုတ်လ(၁၀)ရက် နေ့တွင် ပဲခူးမြို့၌ မြစ်ရေအမှတ်(၉၆၀) စင်တီမီတာအထိ ရောက်ရှိခဲ့ပြီး ပဲခူးမြစ်ရေကြီးမှု သမိုင်းတစ်လျှောက်တွင် အမြင့်မားဆုံး စံချိန်ဖြစ်ခဲ့သည်။ ပဲခူးမြို့သည် ပင်လယ်ရေမျက်နှာပြင်အထက်(၃၂)ပေသာ မြင့်ကြောင်း
သိရသည်။ ယခု ပဲခူးမြစ်ရေကြီးမှုကြောင့် အချို့ကျေးလက်ဒေသများမှ စိုကင်ပျိုးပြီး လယ်ယာမြေ ဧရိယာများ ရေနစ်မြှုပ်မှုများ ဖြစ်ပေါ်လျှက်ရှိကြောင်း သိရသည်။ ယခုအချိန်တွင် ပဲခူးနယ်တ၀ိုက်၌ မိုးရာသီစပါး စိုက်ပျိုးမှုလုပ်ငန်းများ ပြီးစီးလုနီးပါး အခြေအနေတွင်ရှိပြီး မြစ်ရေကြီးမှု ဆက်လက်ဖြစ်ပေါ်ပါက စိုက်ပျိုးပြီး လယ်ယာမြေဧရိယာ အများအပြား ပျက်စီးဆုံးရှုံး သွားနိုင်ကြောင်း သိရသည်။


ref:EMG

No comments:

Post a Comment