Thursday 26 July 2012

ပြည်တွင်းထုတ်ဖိုက်ဘာကြိုးများသည် အရည်အသွေးအားဖြင့် ဈေးကွက်၌ယှဉ်ပြိုင်နိုင်သည်ဟုဆို

မြန်မာနိုင်ငံ၏တစ်ခုတည်းသော ဖိုက်ဘာထုတ်လုပ်သည့် စက်ရုံမှထွက်ရှိလာသည့် ဖိုက်ဘာကြိုးများသည် ပြည်ပမှဝင်ရောက်လာသော ဖိုက်ဘာကြိုးများနှင့်အရည်အသွေးပိုင်း၌ ယှဉ်ပြိုင်နိုင်သည်ဟု ဆိုသော်လည်း ဈေးနှုန်းအနေဖြင့်ယှဉ်ပြိုင်နိုင်သေးခြင်းမရှိကြောင်း ရတနာပုံဖိုက်ဘာကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဒေါ်သိင်္ဂီလင်းကဆိုသည်။ ““အခွန်အခတွေကလည်းကြီးတယ်လေ။ ဒီတော့ဈေးနှုန်းကတော့ မသက်သာဘူး။ ပြီးခဲ့တဲ့လကတော့ အခွန်တွေလျော့လာခဲ့တယ်။ ဈေးနှုန်းအနေနဲ့ နည်းနည်းတော့ယှဉ်ပြိုင်လာနိုင်တာပေါ့။ အရည်အသွေးပိုင်းကတော့ ပြည်ပကသွင်းလာတဲ့ ဟာတွေထက်သာတယ်။ ပြည်ပသွင်းတာတွေက တရုတ်ဘက်က အများဆုံးပဲ”” ဟု ဒေါ်သိင်္ဂီလင်းကပြောသည်။ 

ရတနာပုံဖိုက်ဘာစက်ရုံအနေဖြင့် အဓိကကုန်ကြမ်းဖြစ်သည့် ဖိုက်ဘာကြိုးမျှင်များကို အမေရိကန်နှင့် ဂျပန်နိုင်ငံတို့မှတင်သွင်းထုတ်လုပ်လျှက်ရှိသည့်အတွက် အခြားသောနိုင်ငံများမှထုတ်လုပ်သည့် ဖိုက်ဘာကြိုးများနှင့် အရည်အသွေးပိုင်းဆိုင်ရာ၌ ပိုမိုအားသာချက်များရှိသည် ဟုသိရသည်။ ““စက်ရုံကနေ တစ်လကို ဖိုက်ဘာကြိုး ကီလိုမီတာ ၁၅၀၀ လောက်အထိထုတ်လုပ်နိုင်တယ်။ ၂၀၁၁ ခုနှစ်ဧပြီလကနေ ၂၀၁၂ ခုနှစ် ဧပြီလအထိ ဖိုက်ဘာကြိုး ကီလိုမီတာ ၆ ထောင်လောက် ထုတ်လုပ်ပြီးခဲ့ပြီ။ အခုနောက်ပိုင်းတော့ ဆက်သွယ်ရေးလုပ်ငန်းရဲ့ Backbone အတွက်ထုတ်နေတယ်”” ဟု၎င်းင်းကပြောသည်။ ရတနာပုံဖိုက်ဘာစက်ရုံသည် ၎င်းတို့ စက်ရုံမှထွက်ရှိလာသည့် ဖိုက်ဘာကြိုးများ အရှေ့အလယ်ပိုင်းနိုင်ငံများသို့တင်ပို့ရောင်းချနိုင်သည့် ရည်ရွယ်ဆောင်ရွက်ခဲ့သော်လည်း လက်ရှိအချိန်၌ ပြည်တွင်းလိုအပ်ချက်အတွက်ကိုသာ ထုတ်လုပ်လျှက်ရှိကြောင်းသိရသည်။ မြန်မာနိုင်ငံ၌ ဆက်သွယ်ရေးလုပ်ငန်းများတိုးချဲ့လုပ်ကိုင်လာသည် နှင့်အမျှ ဖိုက်ဘာကြိုးထုတ်လုပ်ခြင်းလုပ်ငန်းမှာ တွယ်ကျယ်မှုရှိလာခဲ့ကြောင်းသိရသည်။ ““စက်ရုံအနေနဲ့ကတော့ ပြည်တွင်းလိုအပ်ချက် ကိုထုတ်ပေးနိုင်တဲ့အခြေအနေမှာရှိပါတယ်။ အခုဆိုရင်တပ်မတော်က ဖိုက်ဘာဆက်ကြောင်းတွေရှိတယ်။ ၀န်ကြီးဌာနဖြစ်တဲ့ဆက်သွယ်ရေးက ဆက်ကြောင်းတွေရှိတယ်။ ကုမ္ပဏီတွေကလည်း မိုဘိုင်းဖုန်းသန်း ၃၀ စီမံကိန်းအတွက်ဆိုပြီးလုပ်နေတဲ့ ဖိုက်ဘာဆက်ကြောင်းတွေရှိတယ်။ ဖိုက်ဘာကို အမတို့ဆီက၀ယ်တာတွေလည်းရှိတယ် ပြည်ပက၀ယ်သုံးနေကြတာလဲရှိတယ်””ဟု ဒေါ်သိင်္ဂီလင်းကပြောသည်။

ref:IJ

No comments:

Post a Comment