Thursday 26 July 2012

ဆီးဂိမ်းအကြို နိုင်ငံတကာစစ်တုရင်ပြိုင်ပွဲ ကျင်းပမည်

(၂၇)ကြိမ်မြောက် ဆီးဂိမ်းတွင်ပါဝင်မည့် စစ်တုရင်ပြိုင်ပွဲအတွက် ဆီးဂိမ်းအကြို နိုင်ငံတကာ
စစ်တုရင်ပြိုင်ပွဲကို အောက်တိုဘာ ၁၄ ရက်မှ ၂ဝ ရက်အထိ ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ စင်ထရယ်ဟိုတယ်၌ ကျင်းပ မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် (၂၇)ကြိမ်မြောက် ဆီးဂိမ်း၌ပါဝင်မည့် နိုင်ငံအားလုံးကို ဖိတ်ကြားထားပြီး

 မြန်မာ့လက်ရွေးစင် စစ်တုရင်အားကစားသမားများကိုလည်း ၎င်းပွဲများတွင် ထပ်မံစိစစ်နိုင်မည်ဖြစ်၍ ဆီးဂိမ်းအတွက် ကြိုတင်ပြင်ဆင်ခြင်း တစ်မျိုးဖြစ်ကာ နိုင်ငံတကာစစ်တုရင် အားကစားသမားများအား မြန်မာ့စစ်တုရင် အားကစားနည်းကို အတွေ့အကြုံ ရရှိစေရန်၊ ကစားနည်းနှင့်သက်ဆိုင်သော စည်းမျဉ်း၊ စည်းကမ်းများအား ပိုမိုသဘောပေါက်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။ ၎င်းပြိုင်ပွဲကို (၂၇) ကြိမ်မြောက် ဆီးဂိမ်းတွင် ကျင်းပမည့် အားကစားနည်းအတိုင်းကျင်းပသွားမည်ဖြစ်ကာ အပြည်ပြည်ဆိုင်ရာစစ်တုရင်၊ အာဆီယံ စစ်တုရင်နှင့် မြန်မာ့ရိုးရာ စစ်တုရင်ဟူ၍ ကစားနည်းသုံးမျိုးပါဝင် မည်ဖြစ်သည်။

အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် အပြည်ပြည်ဆိုင်ရာစစ်တုရင် အားကစားနည်း တစ်မျိုး တည်းကိုသာ နှစ်စဉ်ကျင်းပခဲ့ပြီး အာဆီယံစစ်တုရင်ကစားနည်းကို အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပသည့် (၂၆)ကြိမ်မြောက် ဆီးဂိမ်း၌ထည့်သွင်းကျင်းပခြင်းဖြစ်ကာ မြန်မာ့ရိုးရာ စစ်တုရင်အားကစားနည်းအား
 မြန်မာနိုင်ငံတွင် ကျင်းပမည့် ဆီးဂိမ်း၌ ပထမဆုံးအကြိမ်အဖြစ် ထည့်သွင်းကျင်းပခြင်းဖြစ်သည်။
မြန်မာ့စစ်တုရင် ကစားနည်းသည် ကစားသည့်အရုပ် ၃၂ ရုပ်တူညီမှုရှိသော်လည်း ကစားခုံ၊ ကစားရုပ်၊ နေရာချမှုနှင့် ကစားရုပ်ရွေ့လျားမှုမှာ အပြည်ပြည်ဆိုင်ရာစစ်တုရင်၊ အာဆီယံ စစ်တုရင်ကစားပုံတို့နှင့် ကွာခြားမှုရှိသည်။ မြန်မာ့ရိုးရာစစ်တုရင်ကစားခုံမှာ

ဆေးရောင်ခြယ်အကွက်များမပါရှိဘဲ ထောင့်ဖြတ်မျဉ်း နှစ်ကြောင်းအား ကြက်ခြေခတ်ရေးဆွဲထားပြီး ရွေ့လျားသည့် ကစားရုပ်တွင် နယ်ရုပ်၊မြင်း၊ ရထား၊ ဆင်၊ စစ်ကဲ၊ မင်းကြီး စသည့်အရုပ် ခြောက်မျိုးသာပါဝင်သည်။ မြန်မာ့လက်ရွေးစင်စစ်တုရင်အားကစားသမား များကို သြဂုတ်လမှစ၍ စခန်းသွင်း လေ့ကျင့်မှုများ ပြုလုပ်သွားမည်ဖြစ် ကြောင်းသတင်းရရှိသည်။

No comments:

Post a Comment