Wednesday 6 January 2016

ဆော်ဒီ-အီရန် တင်းမာမှု လျှော့ချရန် တူရကီ ကြားဝင်တိုက်တွန်း

တီဟီရန်ရှိ ဆော်ဒီသံရုံးကို အီရန် ဆန္ဒပြသူများက မီးရှို့နေစဉ်
ဆွန်နီ-ရှီးဟိုက် အမြင်ကွဲပြားမှုကို အခြေခံကာ အီရန်နှင့် ဆော်ဒီအာရေးဗီးယားတို့ ဆက်ဆံရေးအဆိုးဆုံး အခြေအနေသို့ ရောက်ရှိလာပြီးနောက် နှစ်ဖက်စလုံး ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ဆောင်ရွက်ကြရန် တူရကီက ကြားဝင်တောင်းဆိုခဲ့သည်။
ရှီးဟိုက်ဘာသာရေးခေါင်းဆောင်တစ်ဦးကို ဆော်ဒီအစိုးရက ကွပ်မျက်လိုက်ပြီးနောက် တီဟီရန်မြို့ရှိ ဆော်ဒီသံရုံးကို ဦးတည်တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့သည်။ ထို့နောက်တွင် ဆော်ဒီက အီရန်နှင့် သံတမန်ဆက်ဆံရေးကို ဖြတ်တောက်လိုက်ပြီး ဆော်ဒီမှ အီရန် သံအမတ်ကိုလည်း ၄၈ နာရီအတွင်း ထွက်ခွာသွားရန် သတိပေးနှင်ထုတ်ခဲ့သည်။ ဆွန်နီ အစ္စလာမ်မစ်နိုင်ငံတစ်ခုဖြစ်သည့် ဆော်ဒီနှင့် ရှီးဟိုက် အစ္စလာမ်မစ်နိုင်ငံတစ်ခုဖြစ်သည့် အီရန်တို့ကြားတွင် ယခင်ကတည်းက ပဋိပက္ခများ ရှိခဲ့ပြီး ယခုအခါ တင်းမာမှု အမြင့်ဆုံးအဆင့် ရောက်ရှိလာခြင်း ဖြစ်သည်။

တူရကီ အစိုးရက လက်ရှိအနေအထားကို နှစ်ဖက်စလုံးက ခေါင်းအေးအေးဖြင့် ဖြေရှင်းရန်ပန်ကြားခဲ့ပြီး တူရကီ ဒုတိယဝန်ကြီးချုပ် နူမန် ကာတူလ်မတ်စ်က အရှေ့အလယ်ပိုင်းတွင် ယခုလက်ရှိ အချိန်၌ပင် အာဏာပြိုင်ဆိုင်မှုများ ကြီးမားနေပြီဟု သတိပေးခဲ့သည်။ အမေရိကန်ကလည်း နှစ်နိုင်ငံစလုံး တင်းမာမှုကို လျှော့ချရန် တိုက်တွန်းတောင်းဆိုထားသည်။

ကာတူလ်မတ်စ်က “နှစ်နိုင်ငံစလုံး လက်ရှိတင်းမာနေတဲ့ အခြေအနေကနေ အမြန်ဆုံး စွန့်ခွာစေချင်တယ်။ ဒီဖြစ်ရပ်ကြောင့် အရှေ့အလယ်ပိုင်းမှာ နောက်ထပ် ပြဿနာတစ်ခု ပေါ်လာတာပဲ အဖတ်တင်မယ်။ အခုတင် ဒေသတွင်း အာဏာပြိုင်ဆိုင်မှုတွေက တော်တော်များနေပြီ။ တော်ပြီ၊ လုံလောက်ပြီ။ ဒေသတွင်းငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ ကျွန်တော်တို့ လိုလားတယ်”ဟု ပြောကြားခဲ့သည်။

၎င်းက “ဆော်ဒီရော၊ အီရန်ပါ ကျွန်တော်တို့ရဲ့ မိတ်ဆွေတွေ ဖြစ်ပါတယ်။ သူတို့တွေအချင်းချင်း တိုက်ခိုက်နေတာကို ကျွန်တော်တို့ မလိုလားပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ ဒီဒေသတစ်ခုလုံးအတွက် မလိုလားသင့်ဆုံးကိစ္စလည်း ဖြစ်နေလို့ပါ”ဟုလည်း ဆိုသည်။

ပြီးခဲ့သည့် သီတင်းပတ်ကုန်က ဆော်ဒီသည် ရှီးဟိုက်အစ္စလာမ်မစ် ဘာသာရေးခေါင်းဆောင် ရှိတ်ခ်နီမာအယ်လ်နီမာနှင့် အခြားသူ ၄၆ ဦးကို အကြမ်းဖက်မှု စွပ်စွဲချက်များဖြင့် သေဒဏ်ပေးကွပ်မျက်ခဲ့သည်။ အဆိုပါဖြစ်ရပ်က အီရန်ဖက်မှ ဒေါသတကြီး တုံ့ပြန်မှုများ ပေါ်ပေါက်လာစေပြီး တီဟီရန်ရှိ ဆော်ဒီသံရုံးနှင့် မက်ရှ်ဟက်ဒ်မြို့ရှိ ကောင်စစ်ဝန်ရုံးတို့ကို အီရန် ဆန္ဒပြသူများက မီးရှို့ခဲ့သည်။ ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က ဟန့်တား လူစုခွဲခဲ့သည့်တိုင် အခြေအနေမှာ ဆက်လက် တင်းမာနေခဲ့သည်။

ဇန်နဝါရီ ၃ ရက် ညနေပိုင်းတွင်မူ မိမိတို့သည် သံရုံးတိုက်ခိုက်ခံရမှုနှင့် ဆက်နွှယ်၍ အီရန်နှင့် သံတမန် ဆက်ဆံရေးကို ဖြတ်တောက်လိုက်ပြီဟု ဆော်ဒီဖက်က ကြေညာသည်။ ဆော်ဒီအစိုးရသည် အီရန်သို့ အရပ်ဖက်နှင့် စီးပွားရေးသုံး လေကြောင်းလိုင်းများ ပျံသန်းခွင့်ကို ပိတ်ပင်လိုက်ပြီး ဆော်ဒီနိုင်ငံသားများကိုလည်း အီရန်သို့ မသွားရောက်ကြရန် တားမြစ်ခဲ့ကြောင်း သိရသည်။

Ref: Al Jazeera
7Day Daily

No comments:

Post a Comment