Wednesday 6 January 2016

တရုတ်ပိုင် ကျွန်းတုများပေါ်မှ လေယာဉ်ပြေးလမ်းတွင် လေယာဉ်တစ်စီး ပထမဆုံးအကြိမ် ဆင်းသက်

ကျွန်းတုပေါ်မှ လေယာဉ်ပြေးလမ်းပြ မြေပုံ
တောင်တရုတ်ပင်လယ်အတွင်း တရုတ်ရေတပ်က တည်ဆောက်ထားသည့် လူလုပ်ကျွန်းတုများပေါ်မှ လေယာဉ်ပြေးလမ်းတွင် လေယာဉ်တစ်စီး ပထမဆုံးအကြိမ် ဆင်းသက်ခဲ့ကြောင်း သိရသည်။
စပရတ်လေ ကျွန်းစုအနီးတဝိုက်ရှိ သန္တာကျောက်တန်းများကို အခြေပြုကာ တရုတ်ရေတပ်က ကျွန်းတုများ တည်ဆောက်ပြီး လေယာဉ်ပြေးလမ်းတစ်ခုကို ဖောက်လုပ်ခဲ့သည်။ အဆိုပါဒေသတွင် တရုတ်နှင့်ဒေသတွင်း နိုင်ငံများကြား ရေပိုင်နက် အငြင်းပွားမှုများ ဖြစ်ပေါ်နေပြီး တရုတ်၏လေယာဉ်ပြေးလမ်း ဖောက်လုပ်မှုအပေါ် ဝေဖန်ကန့်ကွက်မှုများ ရှိခဲ့သည်။

ယခုအခါ တရုတ်သည် ပထမဆုံးအကြိမ် လေယာဉ်တစ်စီးကို အဆိုပါ ပြေးလမ်းပေါ်တွင် အောင်မြင်စွာ စမ်းသပ်ဆင်းသက်နိုင်ခဲ့ပြီဟု ကြေညာခဲ့သည်။ ထို့ကြောင့် တင်းမာမှုများ တစ်ကျော့ပြန် မြင့်တက်လာမည့် အလားအလာ ရှိနေသည်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြီးခဲ့သည့် သီတင်းပတ်ကုန်တွင် အရပ်ဖက် လေယာဉ်တစ်စီး အဆိုပါ ပြေးလမ်းပေါ် အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ကြောင်း ကြေညာခဲ့သည်။

ထို့နောက် ဗီယက်နမ်က အဆိုပါ လုပ်ဆောင်မှုအပေါ် သံတမန်ရေးအရ ချက်ချင်း ဆန္ဒပြကန့်ကွက်ခဲ့ပြီး ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အလားတူ ကြေညာခဲ့သည်။ ထိုနှစ်နိုင်ငံစလုံးက အဆိုပါ လေယာဉ်ပြေးလမ်း တည်ရှိရာနေရာသည် တရုတ်၏ ပိုင်နက်ကို ကျော်လွန်နေကြောင်း ထောက်ပြထားကြသည်။

“စိုးရိမ်ရပါတယ်။ တရုတ်ဟာ တောင်တရုတ်ပင်လယ် တစ်ခုလုံးကို ဒီနေရာကနေ ဗဟိုပြုထိန်းချုပ်သွားနိုင်တယ်။ ဒါဆိုရင် ဒေသတွင်း ရေလမ်းခရီး သွားလာမှုနဲ့ လေကြောင်းပျံသန်းမှုတွေရဲ့ လွတ်လပ်ခွင့်ကိုပါ ထိပါးလားနိုင်တယ်”ဟု ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

တရုတ်သည် အမေရိကန်နှင့် ဒေသတွင်းနိုင်ငံများ ကန့်ကွက်နေသည့်တိုင် ကျွန်းတုများ တည်ဆောက်သည့်လုပ်ငန်းကို ဆက်လက်အကောင်အထည် ဖော်နေသလို နောက်ထပ် လေယာဉ်ပြေးလမ်းသစ်တစ်ခုကိုပါ ဖောက်လုပ်နေပြီဟု သတင်းများ ထွက်ပေါ်နေသည်။

တရုတ်က တောင်တရုတ်ပင်လယ် ဧရိယာတစ်ခုလုံးနီးပါးကို ၎င်းတို့ ပိုင်နက်အဖြစ် သတ်မှတ်ကြေညာထားခြင်းကြောင့် ဒေသတွင်း နိုင်ငံများနှင့် အငြင်းပွားမှုများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

Ref: Reuters
7Day Daily

No comments:

Post a Comment