Wednesday 6 January 2016

ဓာတ်ကြိုးများ သွယ်တန်းရန် မလွတ်ဟုဆိုကာ နှစ်ပေါင်းနှစ်ရာကျော် သက်တမ်းရှိ သစ်ပင်ကြီးများ ခုတ်လှဲခံရ

သက်တမ်းရင့်သစ်ပင်ကြီးများ ခုတ်လှဲခံထားရစဉ်။ (ဓာတ်ပုံ− လင်းသက်နိုင်)
အောင်လံမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားလိုင်းကြိုးများ သွယ်တန်းရာတွင် မလွတ်ဟုဆိုကာ နှစ်ပေါင်းနှစ်ရာကျော် သက်တမ်းရှိသည့် ကုက္ကိုပင်ပေါင်း ငါးဆယ်ကျော် ခုတ်လဲခံခဲ့ရကြောင်းဒေသခံများက ပြောသည်။
အောင်လံမြို့ အရှေ့ဘက်ခြမ်း အောင်လံ - ကျောက်ပန်း တောင်း-သမ္ဘူလလမ်းပေါ်အောင်မြေကုန်းကျေးရွာရှိ လမ်းဘေးကုက္ကိုပင်ကြီးများသည် တပ်မတော်ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၅) မှ လျှပ်စစ်ဓာတ်အားလိုင်းကြိုးများသွယ်တန်းခဲ့ရာ ခုတ်လှဲခံရခြင်းဖြစ်ကြောင်း အဆိုပါကျေးရွာရှိ ဒေသခံများကပြောသည်။

‘‘ရွာလူကြီးတွေ ပြောတာကတော့ ရွာတွေပါ လျှပ်စစ်မီးရမယ်ပြောပြီး ခုတ်ကြတာပဲ။ လမ်းတစ်ခြမ်းလုံးက အပင်အားလုံး အပြောင်ပဲ’’ဟု အဆိုပါကျေးရွာရှိ ဒေသခံတစ်ဦးကပြောသည်။

ကုက္ကိုပင်ကြီးများသည် အင်္ဂလိပ်များ အုပ်ချုပ်စဉ်ကတည်းက လမ်းဘေးဝဲယာ စိုက်ပျိုးထားခဲ့သော အပင်ကြီးများဖြစ်ပြီး နှစ် နှစ်ရာကျော် သက်တမ်းရှိပြီဖြစ်ကြောင်း အောင်လံမြို့မှ အငြိမ်းစားကျောင်းဆရာတစ်ဦးက ပြောသည်။

အလားတူ ကျေးလက်မီးလင်းရေးအတွက် ဓာတ်အားလိုင်းကြိုးသွယ်တန်းမှုများ ပြုလုပ်ခဲ့သော ဆင်ပေါင်ဝဲမြို့နယ် ပြည်လမ်းမကြီးပေါ်ရှိ ကိုးပင်၊ ဖိုစွတ်၊ လှေဝန်း၊ စစ်စေးချောင်းနှင့်ဂွေးချို ကျေးရွာများတွင်လည်း သစ်ပင်ကြီးများ ခုတ်လှဲခံခဲ့ရပြီး တောင် တွင်းကြီးမြို့နယ်၊ နေပြည်တော်သွား တောင်ညိုလမ်းပေါ်ရှိ ကသာရွာ၊ ကင်ပွန်းတောင် ကျေးရွာများရှိ နှစ်ရာကျော်သက်တမ်းရှိ မန်ကျည်းပင်ကြီးများ၊ ကုက္ကိုပင်ကြီးများလည်း ခုတ်လှဲခံခဲ့ရကြောင်း အဆိုပါကျေးရွာများရှိ ဒေသခံများက ပြောသည်။

‘‘လမ်းဘေးသစ်ပင်တွေခုတ်တာက ထွေအုပ်ကနေတစ်ဆင့် တိုင်းအဆင့်အထိ တင်ပြီးလုပ်ရတာပါ။ ကျွန်တော်တို့က ထောက်ခံပေး၊ ကူစစ်ပေး၊ ဒါလောက်ပဲလုပ်ရတာ။ လမ်းဘေးသစ်ပင်က ထွေအုပ်ကပဲ စီမံတာ’’ဟု အောင်လံမြို့နယ် သစ်တောဦးစီးဌာနမှမြို့နယ် ဦးစီးအရာရှိက ပြောသည်။

အောင်လံမြို့နယ်၊ ဆင် ပေါင်ဝဲမြို့နယ်များရှိ ပြည်လမ်းမကြီးလမ်း ဘေးဝဲယာများတွင် ထူထပ်စွာရှိနေသော သစ်ပင်ကြီးများသည် အစိုးရသစ်လက်ထက်တွင် စက်သုံးဆီဆိုင်များ ဖွင့်လှစ်လာခြင်း၊ ယာမြေရောင်းဝယ်မှု များပြားလာခြင်းနှင့် တရားမဝင် ထင်းခိုး ခုတ်ယူခြင်းများကြောင့် ငါးနှစ်အတွင်း သိသာစွာ နည်းပါးခဲ့ပြီဖြစ်သည်။

7Day Daily

No comments:

Post a Comment