Monday 3 August 2015

‘‘တိုင်းပြည်အပေါ် စေတနာမှန်မှန်နဲ့ တိုင်းပြည်အကျိုးရောက်တဲ့နရာ၊ ရှိတဲ့နေရာက ဆောင်ရွက်တဲ့သူလို့သတ်မှတ်ခြင်းခံရတာကို မြတ်နိုးပါတယ်။’’

ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ) 
သူရဦးရွှေမန်းနှင့် တွေ့ဆုံခြင်း (၂)
ပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းကို ဇူလိုင် ၃၀ ရက် နံနက်ပိုင်းက ၎င်း၏ လွှတ်တော်ရုံးခန်းတွင်7Day Daily သတင်းစာက သီးသန့်တွေ့ဆုံမေးမြန်းခဲ့သည်။ သူရဦးရွှေမန်း  အားအကျဆုံးပုဂ္ဂိုလ်၊ အကြိုက်ဆုံးစာအုပ်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေး၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဆက်ဆံရေး၊ မိသားစုအရေး၊ နိုင်ငံရေးမှ အနားယူလျှင် တိုင်းပြည်မှ ၎င်းအပေါ် အမှတ်ရစေချင်သောပုံစံ၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ(ငြိမ်း)၏ အခန်းကဏ္ဍ စသည်တို့ကို မေးမြန်းခွင့်ရခဲ့ပြီး စာဖတ်ပရိသတ်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။

ဥက္ကဋ္ဌအနေနဲ့ နိုင်ငံရေးမှာ လေးစားအားကျရတဲ့ ပုဂ္ဂိုလ်တွေက ဘယ်သူတွေများဖြစ်မလဲ။

မြန်မာနိုင်ငံရဲ့ ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းဖြစ်ပါတယ်။ တခြားနိုင်ငံတွေကလည်း ရှိပါသေးတယ်။ ဒါကတော့ အမေရိကန်နိုင်ငံက သမ္မတ လင်ကွန်း ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံက ပြုပြင်ပြောင်းလဲရေးကို အဓိကထား ဆောင်ရွက်ခဲ့တဲ့ တိန့်ရှောင်ဖိန်၊စင်ကာပူနိုင်ငံက ကွယ်လွန်သွား တဲ့ခေါင်းဆောင်ကြီး လီကွမ်းယုဒါ က အားကျအလေးထားတဲ့ ခေါင်းဆောင်များဖြစ်ပါတယ်။

  အကြိုက်ဆုံးစာအုပ်ဆိုရင်ကော ဘယ်စာအုပ်ဖြစ်မလဲ။

  ဒီနေရာမှာ နိုင်ငံရေးရှိပါတယ်။ စီးပွားရေးရှိပါတယ်။ လူမှုရေးရှိပါတယ်။ အကြိုက်ဆုံးဆိုရင်တော့ ဒီနေ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ၂၀၁၂ အောက်တိုဘာလ ပထမအကြိမ် ပါတီညီလာခံတုန်းက ဆုံးဖြတ်အတည်ပြုခဲ့တဲ့ ကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီရဲ့ ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းဟာ အကြိုက်ဆုံးလို့ပဲ ပြောရမှာဖြစ်ပါတယ်။

  နောက်ဆုံးဖတ်တဲ့ စာအုပ်ကကော။

  လောလောဆယ်တော့ သီးခြားစာအုပ် ဖတ်တာတော့ မရှိပါဘူး။ အလုပ်တွေကလည်းများပါတယ်။ ဒါပေမဲ့လည်း ဒီနေ့နိုင်ငံတကာ အခြေအနေတွေ၊ ပြည်တွင်းပြည်ပသတင်းတွေ ဒီပေါ်မူတည်ပြီးတော့ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်တဲ့နေရာမှာ ဘယ်လိုကိစ္စမှာ ဘယ်လိုဆောင်ရွက်ရင် ပြုပြင်ပြောင်းလဲရေးရနိုင်မယ်၊ ဖြစ်နိုင်မယ်၊ ပြုပြင်ပြောင်းလဲရေးကို ဘယ်သူတွေက ဘယ်ကိစ္စတွေကြောင့်ဆန့်ကျင်တယ် (သို့မဟုတ်) ရင် နှောင့်နှေးအောင်လုပ်နေတယ်ဆိုတဲ့အယူအဆအတွေးအခေါ်မျိုးရှိနိုင်တဲ့ စာအုပ်တို့၊ ဂျာနယ်တို့၊ သတင်းတို့ ဒါအဓိကထားဖတ်ကြားသုံးသပ်နေပါတယ်။

  ဒီလပိုင်းအတွင်းမှာ ဥက္ကဋ္ဌကြီးက ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ကို စသုံးလာတာတွေ့ရပါတယ်။  updateတွေလည်းတင်ပေးတာ တွေ့ရတယ်။ အပြန်အလှန်လည်းပြည်သူနဲ့တုံပြန်မှုလုပ်တာ တွေ့ရတယ်။ အဲဒါအတွက် ဥက္ကဋ္ဌကြီး တစ်ရက်တစ်ရက်ဘယ်လောက်အချိန်ပေးလေ့ရှိပါသလဲ။

  အဓိကကတော့ အဲဒီဖေ့စ်ဘွတ်ခ်တင်ထားတယ်ဆိုတာလည်း မှန်ပါတယ်။ ပြီးတဲ့အခါမှာ ဖေ့စ်ဘွတ်ခ်မှာရှိတဲ့ Chat Box က၀င်လာတဲ့ စာတွေဒါလည်း အလေးထားကြည့်ပေးပါတယ်။ ထိုနည်းတူစွာပဲ ဒီတုံ့ပြန်လာတဲ့Comment(မှတ်ချက်) ဒါလည်း ကြည့်ပါတယ်။ အချိန်ဘယ်လောက်ပေးလဲဆိုတော့ နာရီဝက်နဲ့တစ်နာရီကြားလောက်တစ်ရက်ကိုပေးပါတယ်။

  မသုံးခင်နဲ့ သုံးပြီးမှာ ဘယ်လိုများကွာခြားမှုတွေ့ရပါသလဲ။

  ပြောမယ်ဆိုလို့ရှိရင်တော့ ဟိုအရင်တုန်းက ဒီလောက်စိတ်မ၀င်စားသလို၊ ဒီလောက်အထင်မကြီးခဲ့ပါဘူး။ စိတ်ဝင်စားလာတဲ့နောက်ပိုင်းစပြီး  ဒီဖေ့စ်ဘွတ်ခ်ကို ကိုင်တွယ်အသုံးပြုတဲ့အခါမှာ စိတ်ဝင်စားစရာကောင်းသလို နည်းနည်းလည်းထိရောက်တဲ့ လူမှုကွန်ရက်စာမျက်နှာတစ်ခုလို့ယူဆပါတယ်။ ဒါကြောင့်မို့ ဒါသည် အလေးထားရမယ့် ကိစ္စတစ်ခုဖြစ်တယ်။ ဒီအပေါ်ကလည်း ပြည်သူနဲ့ ထိတွေ့နိုင်တယ်။ ပြည်သူရဲ့ အသံလည်းတိုက် ရိုက်ကြားနိုင်တဲ့အနေအထားဖြစ်တဲ့အတွက် ဒီဆောင်ရွက်မှုကို ဆက်လက်ပြီးလည်း ဆောင်ရွက်ဖို့ဖြစ်ပါတယ်။

  ဥက္ကဋ္ဌအနေနဲ့ အရင်နအဖ ခေါင်းဆောင်ဖြစ်တဲ့ ဦးသန်းရွှေနဲ့ကော တွေ့ဖြစ်ပါသလား။

  အခါကြီးရက်ကြီးမှာတော့ တွေ့ဖြစ်ပါတယ်။ လူကြီးတစ်ယောက်အနေနဲ့ ဂါရ၀တရားရှေ့ထားပြီးတော့ တွေ့သင့်တဲ့အချိန်လည်းတွေ့ပါတယ်။

  လက်ရှိနိုင်ငံရေးအခင်းအကျင်းမှာတော့အရင်ဗိုလ်ချုပ်မှူးကြီးရဲ့အခန်းကဏ္ဍက သူပဲ နောက်ကစီစဉ်နေတယ်လို့တချို့က  သုံး သပ်တာရှိပါတယ်။ တချို့ကလည်း သူမပါတော့ဘူးလို့ သုံးသပ်တာတွေရှိတဲ့အတွက် ဘယ်လိုမြင်ပါသလဲ။

  ဒီကိစ္စကတော့ ခုနက နိုင်ငံ့အာဏာလွှဲပြောင်းပြီးတဲ့နောက်ပိုင်းမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအနေနဲ့ ပါဝင်ခြင်းမရှိပါဘူး။

  သမိုင်းကွင်းဆက်တစ်ခုကို ကျွန်တော့်တို့ဆက်ချင်လို့ပါ။ ပြီးခဲ့တဲ့ ၂၀၀၈ နာဂစ်တုန်းက ကြုံခဲ့တာက ဦးထွန်းလွင်ကနေပြီးတော့ နာဂစ်မုန်တိုင်းနဲ့ ပတ်သက်ပြီးတော့  မုန်တိုင်းဝင်တော့မယ်ဆိုတာကို ဥက္ကဋ္ဌကြီးရဲ့ ကိုယ်ရေးအရာရှိကတစ်ဆင့် ဥက္ကဋ္ဌကိုသတင်းတွေပို့ပါတယ်ပြောပါတယ်။ ကျွန်တော်လည်းကြားရသလောက် ဥက္ကဋ္ဌကြီးကလည်း အပေါ်ကိုတင်ပြတယ်လို့တော့သိရပါတယ်။ ဒါပေမဲ့လည်း တစ်ကမ္ဘာလုံးက ပြောတာက ကြိုတင်ထုတ်ပြန်မှုအပိုင်းမှာ အားနည်းသွားတယ်။ ကြိုတင်ထုတ်ပြန်မှုရော ကယ်ဆယ်ရေးပိုင်းမှာရော နှောင့်နှေးတဲ့အတွက်ကြောင့်မို့ တော်တော်လေးဆုံးရှုံးမှုများသွားတယ်။ အဲဒီမှာဘာလို့ ပညာရှင်ကထုတ်ပြန်ဖို့ခွင့်တောင်းတဲ့အခါမှာ မထုတ်ပြန်ရသလဲဆိုတာ အခုချိန်ထိ သမိုင်းမှာ လစ်ဟာနေတဲ့  ကွက်လပ်တစ်ခုဖြစ်နေပါတယ်။

  အခုလို ပြန်ပြီးတော့ သတိပေးတဲ့အတွက်၊ ပြန်စဉ်းစားလို့ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။ မှတ်မိသလောက်ဆိုရင် အဲဒီတုန်းက ထုတ်ပြန်ကြေညာသင့်တာကို ကြေညာတယ်။ အချိန်စောတယ်၊ နောက်ကျတယ်ဆိုတာကတော့မသိပါဘူး။ ဒါပေမဲ့ အဲဒီလိုထုတ်ပြန်ကြေညာတဲ့အခါ ဒီလိုအဖြစ်မျိုး မြန်မာနိုင်ငံမှာ ဟိုအရင်က  မဖြစ်ဖူးတဲ့အတွက် ပြည်သူလူထုများက မယုံကြည်မှု များစွာရှိပါတယ်။ ဒါကြောင့်မို့ အဲဒီလိုမယုံကြည်မှုရှိတဲ့အတွက် မုန်တိုင်းဝင်လာတဲ့အခါမှာ မမျှော်မှန်းနိုင်တဲ့ ဖြစ်ရပ်ဆိုးနဲ့ ကြုံတွေခဲ့ရတာပါ။ ဒါကြောင့်မို့ ဧရာဝတီတိုင်းအတွင်းမှာ လူပေါင်းသိန်းကျော်ပြီးတော့ သေဆုံးသွားရပါတယ်။ အပိုင်း  နှစ်ပိုင်းရှိပါတယ်။ တစ်ပိုင်းကတော့ ထုတ်ပြန်ကြေညာတာနဲ့ ပတ်သက်လို့ မထုတ်ပြန်ဘူးဆိုတာမဟုတ်ပါဘူး။ ထုတ်ပြန်ကြေညာပါတယ်။ ဒါပေမဲ့ အချိန်ပဲ စောခြင်း၊ နောက်ကျခြင်း၊မှန်ခြင်း၊ မမှန်ခြင်းပဲကွာပါတယ်။ ပြည်သူအပိုင်းက ဒီအပေါ်ယုံကြည်မှုမရှိဘူး။ တကယ်လို့ဖြစ်လာမယ်ဆိုရင်လည်း ဒီလိုဖြစ်လာမယ်လို့ ဘယ်ပြည်သူကမှ မမျှော်မှန်းထားပါဘူး။ အဲဒါကြောင့် အခုကဲ့သို့ဆိုးရွားသွားတာပါ။ ကယ်ဆယ်ရေး အပိုင်းအနေနဲ့ တစ်ကတော့ကယ်ဆယ်ဖို့ပေါ့။ နှစ်ကတော့ ပြန်လည်နေရာ ချထားဖို့။ သုံးကတော့ ဆက်လက် ပြီး တည်ဆောက်ဖို့ ကိစ္စပေါ့။  ရရှိတဲ့အချိန်အတွင်းမှာတော့ ကယ်ဆယ်ရေးကိုများစွာဆောင်ရွက်ခဲ့ပါတယ်။ အဲဒီတုန်းက တို့တစ်တွေကတော့ နောက်ကနေပြီးတော့ ဆောင်ရွက်ပြီးတော့ ရှေ့တန်းကျကျပါဝင်ဆောင်ရွက်ပေးတာကတော့ဒီနေ့ နိုင်ငံတော်သမ္မတကြီးပါပဲ။ သူကတော့ရဟတ်ယာဉ် နှစ်စီး၊ သုံးစီးနဲ့ ကယ်ဆယ်ရေးတွေ တောက်လျှောက်လုပ်ပေးတယ်။ အဲဒီလိုလုပ်ပေးနိုင်အောင်လည်း မိမိတို့ဘက်က လိုအပ်တဲ့ပြင်ဆင်မှုတွေ ပံ့ပိုးမှုတွေ အများကြီးလုပ်ခဲ့ပါတယ်။ ပြန်မှတ်မိပါလိမ့်မယ်။ ကိုအားမာန်တို့ ဒီလိုဆောင်ရွက်တဲ့နေရာမှာ ကယ်ဆယ်ရေးပြန်လည်နေရာချထားရေးအတွက် တစ်နိုင်ငံတည်းလုပ်လို့မရတဲ့အတွက် ကမ္ဘာရဲ့အကူအညီလည်းယူခဲ့ပါတယ်။ ဒါကြောင့်မို့ ကမ္ဘာရဲ့အကူအညီယူတဲ့အခါမှာလည်း များစွာသော အကူအညီတွေ ရပြီးတဲ့အခါမှာ ဒီကာလအတွင်းမှာပဲ အောင်မြင်စွာ ကယ်ဆယ်မှုတွေလုပ်ခဲ့ပါတယ်။ သို့ရာတွင် သေဆုံးသွားတဲ့လူတွေအတွက်မတတ်နိုင်ပါဘူး။ မသေဘဲ အသက်ရှင်ကျန်ခဲ့သူများဆက်လက်အသက်ရှင်ကျန်နိုင်အောင် များစွာဆောင်ရွက်ပေးနိုင်တဲ့အ နေအထားရှိခဲ့ပါတယ်။

  အရေးပေါ် ကယ်ဆယ်ရေးမှာရော၊ ပြန်လည်နေရာချထားရေးမှာရောတွေ့ပါတယ်။ တော်တော်များများသုံးသပ်တာက အချိန်နည်း နည်းနောက်ကျသွားတယ်ပေါ့။ အဓိက ကတော့ အဲဒါဘယ်မှာ တစ်သွားလဲဆိုပြီးတော့ သမိုင်းပညာရှင်တော်တော်များများက ကွင်းဆက်ပြတ်နေတာပါ။ အဓိက အဲဒီမှာဥက္ကဋ္ဌကြီး ဘာများဖြည့်စွက်ပြောချင်ပါသလဲ။

  တချို့ကိစ္စတွေလည်း သမိုင်းပညာရှင်တွေ သုံးသပ်တဲ့နေရာမှာ အခြေအနေအမှန်တွေ သူတို့သိချင်မှသိမှာပါ။ အဲဒီတော့ မုန်တိုင်းကျနေတယ်၊ မုန်တိုင်းကျတဲ့ညမှာပဲ လိုအပ်တဲ့ပြင်ဆင်မှုတွေ၊ ပြီးတဲ့အခါမှာ မုန်တိုင်းစဲသွားတဲ့အခါမှာ လိုအပ်တဲ့ပြင်ဆင်မှုတွေ လုပ်ပြီးတော့ ချက်ချင်းနေပြည်တော်ကနေပြီးတော့ အစိုးရအဖွဲ့တွေကနေ ဒီဧရာဝတီတိုင်း၊ရန်ကုန်တိုင်းဒေသကြီးကို အရောက်ပို့ပေးပါတယ်။ တောက်လျှောက် တစ်ဆက်တစ်စပ်တည်း ဆောင်ရွက်ပေးပါတယ်။ နှေးတယ်ဆိုတာကတော့ ခုနကမုန်တိုင်းကျနေစဉ်အခါက ဘယ်သူမှ လှုပ်ရှားလို့ မရတဲ့အတွက် ဒီဟာတော့ ဘယ်သူမှမလုပ်နိုင်ပါဘူး။ အဲဒီတော့ ပြန်ပြီးတော့ ကိုအားမာန်တို့ ပြန်ကြည့်မယ်ဆိုရင်လည်း ဒီဟာတွေ တွေ့နိုင်ပါတယ်။ အဲဒီနေရာမှာ ထူးခြားတာက မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူတွေက တော်တော်ကို စေတနာကောင်းပါတယ်။ ဒါကြောင့်မို့ ပြည်သူအားနဲ့ အများကြီးကူညီတာတွေရှိပါတယ်။

  ကာလုံအစည်းအဝေးကော ပုံမှန်လုပ်ဖြစ်ပါသလား။ ပြီးခဲ့တဲ့ကာလုံမှာ အဓိက ဆွေးနွေးခဲ့တဲ့အကြောင်းအရာတွေ ကျွန်တော်တို့ဘာများ သိလို့ရမလဲ။

ကာလုံကိစ္စကတော့ လျှို့ဝှက်ဆောင်ရွက်ရတဲ့  ကိစ္စတစ်ခုဖြစ်တဲ့အတွက်မို့ ကာလုံတော့လုပ်ပါတယ်။ သို့ပါသော်လည်း ဘယ်လိုဆောင်ရွက်တယ်ဆိုတာတော့ ပြောပြလို့မရပါဘူး။

  ဥက္ကဋ္ဌကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်ကြားမှာ ရှေ့ပိုင်းအင်တာဗျူးတွေကြားမှာလည်း ဖြေထားဖူးတယ်။ လေးစားမှု ရှိတယ်လို့ ပြောပါတယ်။နောက် အပြန်အလှန်သဘောတူညီချက်လည်းရထားတာရှိတယ်လို့ပြောလို့ ပြည်သူတွေကတော့ ထပ်ပြီးသိချင်တာ ဘယ်လိုမျိုး သဘောတူညီချက်များရထားပါသလဲ။

  မှန်ပါတယ်။ အပြန်အလှန် ယုံကြည်မှု၊ လေးစားမှု အပြည့်ရှိပါတယ်။ ဒါကြောင့်မို့လည်း လွှတ်တော်အတွင်းကို ဒေါ် အောင်ဆန်း စုကြည်ရောက်လာတဲ့အခါမှာ လွှတ်တော်အတွင်းမှာ ပူးပေါင်းဆောင်ရွက်နိုင်တာတွေအများ ကြီးပါပဲ။ လွှတ်တော်ရဲ့ မူဝါဒ(သို့မဟုတ်ရင်) ပါတီရဲ့ မူဝါဒ ခုနရှေ့မှာပြောခဲ့တဲ့အတိုင်းပါပဲ။ နိုင်ငံနဲ့နိုင်ငံသား အကျိုးစီးပွားအတွက်ဆို လူပုဂ္ဂိုလ်အဖွဲ့အစည်းကို မကြည့်ဘဲနဲ့ အားလုံးညှိနှိုင်းပူးပေါင်းဆောင်ရွက်မယ်ဆိုတာ လက်တွေ့ကျကျဆောင်ရွက်နိုင်ပါတယ်။ သို့ရာတွင် ရွေးကောက်ပွဲကျရင် တစ်ဦးနဲ့ တစ်ဦးတစ်ပါတီနဲ့ တစ်ပါတီ အနိုင်ရအောင် ကြိုးစားဆောင်ရွက်ပါမယ်။ အဲဒီဟာသည်ပင် နှစ်ဦးကြားမှာပြုထားတဲ့ ကတိက၀တ်ပါ။ပြောမယ်ဆိုရင် နိုင်ငံနဲ့ နိုင်ငံသား အကျိုးစီးပွားအတွက်ဆိုရင် ပူးပေါင်းဆောင်ရွက်မယ်၊ ညှိနှိုင်းဆောင်ရွက်မယ်၊ရွေးကောက်ပွဲမှာကျရင် တစ်ဦးနဲ့တစ်ဦး တစ်ပါတီနဲ့တစ်ပါတီ အနိုင်ရအောင်ဆောင်ရွက်မယ်။ အဲဒီလိုဆောင်ရွက်တဲ့နေရာမှာလည်း စောစောကပြောခဲ့တဲ့ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲတစ်ခုဖြစ်ရမယ်၊ ပြီးခဲ့တဲ့အခါမှာ ဇွန်လ ၂၆ ရက်တုန်းကလက်မှတ်ထိုးထုတ်ပြန်ထားတဲ့ code of conduct  for partiesနဲ့  သူ့ရဲ့ကိုယ်စားလှယ်များလိုက်နာဖို့လည်း သဘောတူထားပါတယ်။ ကျန်တဲ့အပိုင်းကတော့ ထူးထူးခြားခြားသဘောတူတာမရှိသေးပါဘူး။

  ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ ပြိုင်ဘက်တော့ ဖြစ်တယ်။ ဒါပေမဲ့သူ့အပေါ်မှာလေးစားအားအကျဆုံးဆို ဘယ်အချက်တွေများဖြစ်မလဲ။

  ဒေါ်အောင်ဆန်းစုကြည်ဟာ တည်ကြည်ဖြောင့်မတ်ပါတယ်။ ပြီးတဲ့အခါမှာ သူလည်းနိုင်ငံကိုချစ်တဲ့ အမျိုးသမီး ဖြစ်ပါတယ်။

  ဥက္ကဋ္ဌကြီးဟာ ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာဆိုလို့ရှိရင် နောက်ဆုံး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်လိုမျိုးတာဝန်ယူခဲ့ရတယ်။ အခုလက်ထက်မှာတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တပ်ချုပ်တာဝန်ယူထားရတယ်။ ဥက္ကဋ္ဌကြီးနဲ့ အခုတပ်ချုပ်ရဲ့ ဆက်ဆံရေးကကောဘယ်လိုရှိပါသလဲ။

  ပြီးခဲ့တဲ့ နယက အစိုးရလက်ထက်က ကိုယ်တို့အခေါ်အမှန်ကတော့ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ပေါ့။ ဒါက  တပ်ဘက်ကပေါ့။ ဒါပေမဲ့လည်းတာဝန်ကတော့ နယက အဖွဲ့ဝင်ပေါ့။ ခုနကပြောသလိုပဲ လူအများသုံးနေကျတဲ့ နံပါတ်သုံးခေါင်းဆောင်ပေါ့။ နယကအဖွဲ့ဆိုတဲ့အတွက် နိုင်ငံရေး ၊စီးပွားရေး၊ အုပ်ချုပ်ရေး စီမံခန့်ခွဲရေးအပိုင်းမှာ တတိယ တာဝန်အရှိဆုံး ခေါင်းဆောင် ပေါ့။ စစ်ရေးမှာတော့ တတိယပဲ တာဝန်ယူရတဲ့အပိုင်း၊ တစ်ဦးနဲ့ တစ်ဦးမတူပါဘူး။ ဒီနေ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကတော့ စစ်ရေးအဓိက တာဝန်ယူရတာဖြစ်ပါတယ်။ ဆက်ဆံရေးနဲ့ပတ်သက်လို့မိမိတို့ဆက်ဆံရေးက မူလကတည်းက ရဲဘော်ရဲဘက် စိတ်အပြည့်အ၀နဲ့ ဆောင်ရွက်ခဲ့တဲ့ ဆက်ဆံရေးကို အခြေခံပြီးတော့ ဆက်လက်ပြီးလည်းဒီအတိုင်းပဲဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

  အခုလက်ရှိ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပေါ်မှာ၊ အခုသူ့လက်ထက် တပ်မတော်ပြောင်းလဲလာမှုအပေါ်မှာ ဘယ်လိုများသုံးသပ်ပါသလဲ။

  ဒါနဲ့ ပတ်သက်လို့တော့ လောလောဆယ် အထူးမှတ်ချက်ပြု ဖော်ပြစရာမရှိပါဘူး။

  အမျိုးသားရင်ကြားစေ့ရေးမှာ ရော၊ဒီမိုကရေစီအသွင်ကူးပြောင်း ရေးမှာရော အရေးကြီးတာက ခေါင်းဆောင်တွေကြားမှာ ဘုံသ ဘောတူညီချက်ရဖို့ကအရေးကြီး တယ်လို့ အားလုံးက လက်ခံထား ပါ တယ်။  ဘုံသဘောတူညီချက်ရ ဖို့က တွေ့ဆုံဆွေးနွေးမှုတွေက အဖြေရှာဖို့ဆိုတာ နားလည်ထား ပါတယ်။ အခုအနေအထားမှာ တော့ အခြေခံဥပဒေပြင်ဆင်ရေး ကလည်း လွှတ်တော်မှာ မ အောင်မမြင် ဖြစ်သွားတယ်။ နောက်ပိုင်းမှာတော့ လေးပွင့်ဆိုင်တို့၊ ခြောက်ပွင့်ဆိုင်တို့က အသံ လုံးလုံးတိတ်သွားတဲ့ အနေအ ထားဖြစ်သွားတဲ့အတွက်မို့ ဒီအ စိုးရလက်ထက်မှာတော့ အမျိုးသားရင်ကြားစေ့ရေးအတွက်  အ ခွင့်အလမ်းဆုံးရှုံးသွားပြီလို့ ပြော လို့ရလား။

  ဒီလိုပါ။ အဖွဲ့အစည်းတစ်ခု၊ နိုင်ငံတစ်ခု တိုးတက်ဖို့ဆိုလို့ရှိရင် ညှိနှိုင်းတွေ့ဆုံမှုက အကောင်းဆုံးပါ။ ဒါကြောင့်မို့ ဘယ်အချိန်မဆို ဒီညှိနှိုင်းတွေ့ဆုံမှုတွေရှိနေမယ်ဆိုလို့ရှိရင် ကောင်းမွန်တဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့နေရာမှာ တစ်ဖက်နဲ့ တစ်ဖက်၊ တစ်ဦးနဲ့ တစ်ဦးလေးစားဖို့  ရိုးရိုးသားသားပြောဆိုဖို့၊ ပြီးတဲ့အ ခါမှာ မျှမျှတတဖြစ်ဖို့ကိစ္စတွေ ဆက်လက်ဆောင်ရွက်ဖို့ဆိုလို့ ရှိရင် နိုင်ငံအတွက်အခြေအနေ ကောင်းများ ဆက်လက်ရရှိနိုင် ပါတယ် ။

  လက်ကျန်ကာလအတွင်းမှာကောရရှိနိုင်ပါသလား။

  ဒီဟာကတော့ လက်ကျန်ကာလရယ်လို့မဟုတ်ပါဘူး။ အစဉ်အမြဲဆောင်ရွက်မယ့် ကိစ္စဖြစ်ပါတယ်။

  အင်ဒိုနီးရှားဆိုရင်တော့ စစ်ဘက်က နေပြောင်းလဲဖို့လုပ်သွားတဲ့အခါမှာ အခုဆိုအာဆီယံထဲမှာ ဒီမို ကရေစီနဲ့ပတ်သက်ရင်  တော် တော်လေးရှေ့ရောက်နေတယ်။ ကျွန်တော်တို့နိုင်ငံကကော အင်ဒို နီးရှားလို  အခြေအနေမျိုး ရောက်ဖို့ လွှတ်တော်ထဲမှာဆို တကယ်ရွေးကောက်ခံ အမတ်အများစုနေရာရဖို့၊ အစိုးရအဖွဲ့မှာဆိုလည်း  တကယ်အရပ်သားအစိုးရ တစ်ရပ်ပေါ်ပေါက်ဖို့ အချိန်ကာ လ ဘယ်လောက်ပေးရမယ်လို့ခန့် မှန်းထားပါသလဲ။

  အချိန်ကာလကိုတော့ တိတိကျကျဖော်ပြလို့မရနိုင်ပါဘူး။  အ ခြေအနေအချိန်အခါပေါ်မူတည် ပြီးတော့ ပြင်သင့်တာပြင်၊ပြောင်း သင့်တာပြောင်းမယ်ဆိုလို့ရှိရင် တော့ အချိန်ကာလနဲ့တိုင်းတာတဲ့ အခြေအနေအချိန်ကာလ ဒီနှစ်ခု ပေါင်းပြီး တိုင်းတာဖို့လိုပါတယ်။ ဒါကိုပဲ အဓိက ထားစဉ်းစား ဆောင်ရွက်မှာပါ။

  လွှတ်တော်နဲ့ပတ်သက်လို့ ကျွန်တော်တို့တွေ့ရတာက ဒီနှစ်ဆန်းကတည်းက (၁၂) ကြိမ်မြောက် အစည်းအဝေးခေါ်လိုက်တယ်။ သင်္ကြန်နားလိုက်တယ်။ ပြီးတော့ထပ်လုပ်တယ် အခုလည်း နား လိုက်တယ်။ ပြီးရင်လည်း(၁၂)ကြိမ်ဆိုတော့ဝေဖန်မှုရှိလာတာ က (၁၃) ကြိမ်ဆိုတဲ့ ဂဏန်းကိုမ ကြိုက်လို့ (၁၂)ကြိမ်လုပ်တယ်လို့ ပြောကြပါတယ်။ အဲဒါကကော အမှန်ပါပဲလား။

  ဒီလိုမဟုတ်ပါဘူး။ သိတဲ့အတိုင်းပဲ လွှတ်တော်မှာ အလုပ်တွေ တအားများတဲ့အချိန်မှာ မကြာသေးခင်က ပြီးသွားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကြိုးပမ်းမှုကလည်း လွှတ်တော်မှာ အရေးကြီး အဓိကထားဆောင် ရွက်ရတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ အဲဒါတွေ အခုပြတ်အောင်လုပ်ပြီးတဲ့နောက်ပိုင်းမှာ ဆက်လက်ပြီးတော့ လွှတ်တော်ထဲမှာလည်းအလုပ်တွေကအများကြီးပါ။ ဒါကြောင့်မို့ လွှတ်တော်နားလိုက်မယ်ဆိုလို့ရှိရင် အလုပ်တွေ မပြီးပြတ်နိုင်တဲ့အတွက် ဒီလိုဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ဒါကြောင့်မို့ ထိုက်သင့်တဲ့ အချိန်ကာလလေး အနားပေး။ ပြန်လည်ပြီး လွှတ် တော်ခေါ်ယူဆိုတဲ့ ကိစ္စကလိုအပ် ချက်အရ ဆောင်ရွက်တာပါ။ ကိန်းဂဏန်းကြောင့်၊ နံပါတ် ကြောင့်ဆိုတဲ့ အယူအစွဲပြင်းထန် မှုကြောင့် မဟုတ်ပါဘူး။

  ဒီနောက်ပိုင်းမှာ မြန်မာနိုင်ငံရေးမှာ အတိုက်အခိုက်တွေ များလာ ပါ တယ်။  ဥက္ကဌကြီးအနေနဲ့ ကြီးလေးတဲ့ တာဝန်ထမ်းဆောင်နေတဲ့ကာလမှာ နိုင်ငံရေးအလုပ်ကိုပဲ စိတ်သန်သန်နဲ့ လုပ်နိုင်ဖို့အတွက် ကိုယ်ရဲ့ သားသမီးတွေ၊ ကိုယ့်ရဲ့ မိသားစုတွေကို အဓိက မှာထားတာ ဘာများရှိပါသလဲ။ ဥက္ကဋ္ဌ ကြီးနဲ့ ပတ်သက်ပြီး အခုနောက်ပိုင်းမှာဖေ့စ်ဘွတ်ခ်မှာသားသမီးနဲ့ ပတ်သက်ပြီးပြောတာမျိုးတွေ ရှိပါတယ်။

  မိသားစုနဲ့ ပတ်သက်လို့ အခုချိန်အထူးမှာထားတာမဟုတ်ပါဘူး။ တောက်လျှောက်ပဲ မိသားစုနဲ့ ပတ်သက်လို့ မိသားစုအားလုံးဟာ ရင်းရင်းနှီးနှီး နွေးနွေးထွေးထွေးရှိပါတယ်။ ပွင့်ပွင့်လင်းလင်းပြောဆိုတိုင်ပင်လေ့ရှိပါတယ်။ သူတို့အရွယ်ရောက်လာတဲ့အခါ မှာ စီးပွားရေးလုပ်မယ်။ လုပ်ပါ၊ လုပ်တဲ့အခါမှာ အခွင့်အရေးပိုမ ယူနဲ့ဥပဒေနဲ့အညီလုပ်၊ နိုင်ငံသား တစ်ယောက်ဖြစ်တယ်ဆိုရင် နိုင်ငံသားရဲ့အခွင့်အရေးကို မှန် မှန်ကန်ကန်ယူ။ လုပ်တဲ့အခါမှာ လည်း ဥပဒေနဲ့အညီလုပ် ဒီလို ပြောခဲ့ပါတယ်။ တချိုကတော့ ပြောပါတယ်။ လူကြီးသားသမီး ဖြစ်တဲ့အတွက် စီးပွားရေးမလုပ် သင့်ဘူး ပြောပါတယ်။ စီးပွားရေး မလုပ်ဘူးဆိုရင် ဘာနဲ့ထမင်းစား မလဲ။ ပြီးရင်းသူလည်းနိုင်ငံသား တစ်ယောက်ပဲ စီးပွားရေးကို ဥ ပဒေဘောင်အတွင်းက အခွင့်အ ရေးမယူဘဲနဲ့ လုပ်ခိုင်းထားခဲ့တာ လည်း မိသားစုရဲ့ဆုံးဖြတ်ချက်ပါပဲ။ ဒီနေ့လည်းသူတို့တွေကိုအခွင့်အ ရေးပိုမယူဖို့ ဥပဒေနဲ့အညီဆောင်ရွက်ဖို့ပြောနေပါတယ်။ ဖေ့စ်ဘွတ်ခ်မှာ အမနာပရေးသားခြင်းကတော့ ဒါရေးတဲ့ သူရဲ့ ဆန္ဒဘဲ။ မတားမြစ်ပါဘူး။ဒီကိစ္စလည်း ခုနပြောသလိုပါပဲ ကြုံလာတဲ့အ ခါမှာ ဥပဒေအရ ရင်ဆိုင်နိုင်ပါ တယ်။

  ဗိုလ်ချုပ်ကြီးတာဝန်နဲ့ လွှတ်တော်ဥက္ကဋ္ဌ တာဝန်ဘယ်ဟာကိုများနှစ်ခြိုက်မှုပိုရှိပါသလဲ။

                         ပြည်သူ့ကိုယ်စားလှယ်၊လွှတ် တော်ကိုယ်စားလှယ်၊ လွှတ်တော်ဥက္ကဋ္ဌကိုပိုပြီးတော့ နှစ်ခြိုက်ပါတယ်။ ဘာကြောင့်လဲဆိုရင် လွတ်လွတ်လပ်လပ် တွေးခေါ်နိုင် တယ်။ လွတ်လွတ်လပ်လပ်ပြော ဆိုနိုင်တယ်။ လွတ်လပ်စွာပဲ နိုင်ငံ  ထူ ထောင်ရေး၊တည်ဆောက်ရေး ကိစ္စရပ်များအတွက် စဉ်းစားနိုင် ပါတယ်။ အဲဒီအတိုင်းပဲ ပြည်သူလူထုနဲ့ တိုက်ရိုက်ထိတွေ့ပြီး တော့ ပြည်သူလူထုရဲ့အသံကို တိုက်ရိုက်ကြားသိရတယ်။ ပြည်သူလူထုရဲ့ လိုအပ်ချက်တွေ အခက်အခဲတွေကို  မြင်တွေ့ပြီးတော့ ထိုက်သင့်တဲ့ဆောင်ရွက်ပေးမှုများအတွက် နှစ်ခြိုက်ပါတယ်။

  ဦးမင်းဇင်ကနေ သူ့ရဲ့အယူအဆ တစ်ခုကို စပြီးပြောပါတယ်။ ပြည် ခိုင်ဖြိုးပါတီအတွင်းမှာ ဖြစ်နေတဲ့ အားပြိုင်မှုကြောင့် ဗိုလ်ချုပ်မှူး ကြီးက ပါတီနဲ့ တပ်နဲ့ပေါင်းပြီး တော့ နှစ် ၅၀ လောက် သက်တမ်း ကို  ဆွဲဆန့်မယ်ဆိုတော့ဟာပျက်ပြယ်သွားပြီဆိုတာပါပဲ။ ဥက္ကဋ္ဌကြီး ဘယ်လိုများ မြင်ပါသလဲ။

  ဒါကတော့ သူ့အမြင် သူ့အယူအဆပဲဖြစ်ပါတယ်။ သမိုင်းတစ်လျှောက်ကြည့်ပေါ့။ မြန်မာသမိုင်းပဲကြည့်ကြည့်၊ ကမ္ဘာ့သမိုင်းပဲကြည့်ကြည့်ပါတီတစ်ခု ထူထောင်လာပြီဆိုရင် စထူထောင်လာကတည်းက ပုံစံအနေအထား အတိုင်းမရှိတတ်ပါဘူး။ တချို့လည်းပါတီကို ယုံကြည်မှုနည်းလို့၊ တချို့လည်း  ပါတီကို အထင်သေးလို့၊ တချို့လည်း ပါတီကို အထင်လွဲလို့ ပါတီက စွန့်ခွာသွားတဲ့ လူတွေရှိပါတယ်။ အရင်လည်းရှိခဲ့သလို အခုလည်းရှိနေပါတယ်။ ဒီအတိုင်းပါပဲ ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတစ်ခု တည်းမဟုတ်ပါဘူး။ ကျန်တဲ့ပါ တီတွေလည်းကြည့်လိုက်ပါ။ ဒီ လိုမျိုးပဲတွေ့ရပါလိမ့်မယ်။ ဓမ္မ တာပါ အဲဒီဓမ္မတာဖြစ်တာကို ဓမ္မ တာနဲ့ ဆန့်ကျင်ပြီးတော့စဉ်းစား တွေးခေါ်မယ်ဆိုရင် လွဲသွားနိုင် ပါတယ်။ ဖြစ်ရိုးဖြစ်စဉ် ဖြစ်လေ့ ဖြစ်ထရှိတယ်။ အဲဒီတော့ပါတီကို ခိုင်မာအောင်၊ ရှင်သန်အောင်၊ အရည်အချင်းရှိအောင် တည် ဆောက်မယ်။ အဲဒီနည်းတူပဲပါတီ တစ်ခုရှင်သန်ခိုင်မြဲအောင်ဆိုရင် ပါတီအတွင်းမှာ ပြုပြင်ပြောင်းလဲ ရေးလုပ်ရမယ်။ ဒီထက်ပိုပြောရ ရင် ဒီနေ့ဒီမိုကရေစီပြုပြင်ပြောင်း လဲရေးလုပ်တဲ့နေရာမှာ ပြင်ပမှာ လုပ်တာထက် မိမိပါတီအတွင်း မှာ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုလုပ်ရမယ်။ လုပ်ခဲ့တယ်။ ၂၀၁၂ က စပြီးတော့ လုပ်နေတယ်၊အခု နောင်လည်း ဆက်လုပ်ပါမယ်။ ပါတီရှင်သန်အောင်မြင်မယ်ဆိုလို့ရှိရင် ပါတီဟာ နိုင်ငံကို ဦးဆောင်နိုင်မယ်။ ခုန နှစ်ပေါင်း ၅၀ နှစ် ၆၀ ဆိုတာ ဒီဟာတွေဟာ အချိန်ကာလသတ်မှတ်ချက်ပါ။ အရေးကြီးတာက အခုကာလမှာ နိုင်ငံမှာ ဒီပါတီကဦးဆောင်နိုင် အောင် ရှင်သန်နိုင်အောင်၊လုပ်ဖို့ အရေးကြီးပါတယ်။

  နိုင်ငံရေးက အနားယူသွားမယ်ဆိုလို့ရှိရင် ပြည်သူတွေက ဥက္ကဋ္ဌ ကြီးကို ဘယ်လိုများအမှတ်ရနေ စေချင်ပါသလဲ။

  နိုင်ငံရေးက အနားယူမယ်ဆိုတာထက်ပေါ့လေ နိုင်ငံအရေးကိစ္စကတော့   နိုင်ငံသားတစ်ယောက်အနေနဲ့ အမြဲစိတ်ဝင်စားပြီးလုပ်နေမှာပါ။ ပါတီနိုင်ငံရေးဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အမျိုးသားနိုင်ငံရေးလို့ပဲပြောပြော နိုင်ငံရေးအတွက်စိတ်ဝင်စားပြီးလုပ်နေမှာပဲ။ အဲဒီတော့ပြည်သူတွေ အမှတ်ရစေဖို့ကိစ္စကတော့ ဦးရွှေမန်းသည် နိုင်ငံတော်နဲ့ နိုင်ငံသားအကျိုးစီးပွားအတွက် အသက်ရှင်သန်ပြီး လုပ်နိုင်တဲ့၊ ကျန်းမာ၍ လုပ်နိုင်တဲ့ကာလမှာတော့ ကြိုးစားဆောင်ရွက်သွားမှာပါ။

  အဓိကကတော့ တိုင်းပြည်အပေါ် စေတနာကောင်းတဲ့ ပုဂ္ဂိုလ်အဖြစ်သတိရစေချင်တာလား။

  ဒီလိုပါပဲ။ တိုင်းပြည်အပေါ် စေတနာမှန်မှန်နဲ့ တိုင်းပြည်အကျိုးကို ရောက်တဲ့နေရာ၊ရှိတဲ့နေရာက ဆောင်ရွက်တဲ့ သူလို့သတ်မှတ် ခြင်းခံရတာကို မြတ်နိုးပါတယ်။ ရာထူးထက်တိုင်းပြည်အပေါ်မှာ စေတနာမှန်၊ လုပ်နည်းလုပ်ဟန် များမှန်ပြီး ဆောင်ရွက်တဲ့ လူတစ် ယောက်လို့ သတ်မှတ်ရင်ကျေနပ် ပါတယ်။ ဒီထက်ပိုပြောရင် လူ တစ်ယောက်ရဲ့ တန်ဖိုးဆိုတာက သူမွေးတဲ့အချိန်ကနေ သေတဲ့ အချိန်အထိ သူနဲ့သူ့ပတ်ဝန်းကျင် ကို ဘယ်လောက်ထိ ကောင်းကျိုး ပြုနိုင်သလဲဆိုတဲ့ အဓိပ္ပာယ်ကို ဆောင်တဲ့ သူနဲ့သူ့နိုင်ငံအတွက် ဘယ်လောက်ထိဆောင်ရွက်ပေး နိုင်ခဲ့လဲဆိုတဲ့ ဂုဏ်ပဲလိုချင်ပါ တယ် ။


  ရွေးကောက်ပွဲက အရေးကြီးတဲ့အတွက် မြန်မာပြည်သူတွေကို 7 Day Daily ကတစ်ဆင့် ဘာများ ပြောချင်ပါသလဲ။

  ၂၀၁၅ ရွေးကောက်ပွဲဟာ  မြန်မာနိုင်ငံအတွက်အင်မတန်အရေးကြီးပါတယ်။ ရွေးကောက်ပွဲမှာ ပြည်သူများအားလုံးပူးပေါင်းပါဝင်ဖို့လိုပါတယ်။ ပြည်သူများရဲ့ ရွေးချယ်မှုဟာ သူတို့အတွက်အရေးကြီးသလို နိုင်ငံအတွက်လည်း အရေးကြီးပါတယ်။ ဒါကြောင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ အားလုံးပါဝင်ကြပါလို့၊ မှန်ကန်စွာ ရွေးချယ်ပေးပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါဝင်ပေးကြပါလို့ ပြောချင်ပါ တယ်။

အခုလို

အချိန်ပေးဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

7Day DAILY 

No comments:

Post a Comment