Monday 3 August 2015

‘‘ရွေးကောက်ပွဲသဘာဝအရ ရှုံးရင်လည်းရှုံးတဲ့အလျောက် မိမိတို့လက်ခံမယ်။ ပြီးတဲ့အခါမှာ နိုင်ငံနဲ့နိုင်ငံသားအကျိုးစီးပွားအတွက် အရှုံးပါတီအနေနဲ့လည်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်’’

ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ) 
သူရဦးရွှေမန်းနှင့်တွေ့ဆုံခြင်း
ပြည်ထောင်စုလွှတ်တော်နာယ က၊  ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီဥက္ကဋ္ဌသူရဦးရွှေမန်း ကို ဇူလိုင် ၃၀ရက် နံနက်ပိုင်းက ၎င်း၏ လွှတ်တော်ရုံးခန်းတွင် 7Day Daily သတင်းစာက သီးသန့်တွေ့ဆုံမေးမြန်းခဲ့သည်။ ပြည်ခိုင်ဖြိုးပါတီတွင်း  အခြေအနေ၊ ရွေးကောက်ပွဲအလားအလာ၊ ရွေးကောက်ပွဲအလွန်ကြားကာလအတွက် စိုးရိမ်ပူပန်မှုများ၊ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် ညွန့်ပေါင်းအစိုးရဖွဲ့နိုင်ခြေရှိ၊ မရှိ ၊ သမ္မတရည်မှန်းချက်စသည်တို့ကို မေးမြန်းခွင့်ရခဲ့ပြီး စာဖတ်ပရိသတ်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။

ပထမဆုံး  မေးချင်တာကတော့ လွှတ်တော်သက်တမ်း  ငါးနှစ်နီးပါးအတွင်းမှာ  ဥက္ကဋ္ဌကြီး  စွမ်းဆောင်ခဲ့တဲ့အပေါ်မှာ ကိုယ့်ကိုယ့်ကိုယ်သုံးသပ်မယ်ဆိုရင် ဘယ်အချက်တွေကို အားရပါသလဲ။ဘယ်အချက်တွေကိုတော့  အားမရပါဘူးလဲ။

အားရတဲ့အချက်ကတော့ လွှတ်တော်ကိုစဖွဲ့စည်းတဲ့အချိန် မှာ လွှတ်တော်ဟာ လက်ညှိုးထောင်ခေါင်းညိတ် မည်ကာမတ္တလွှတ်တော်လို့ အမည်တပ်ခဲ့ကြတယ်။ လက်တွေ့ကျတဲ့အခါကျတော့လွှတ်တော်က လက်ညှိုးထောင်ခေါင်းညိတ်လွှတ်တော်မဟုတ်ပါဘူး။ တကယ်ကို လုပ်သင့်လုပ်ထိုက်တဲ့လွှတ်တော်တစ်ရပ်အတွက် လုပ်ခဲ့တဲ့အတွက်မို့ ဒါအားရပါတယ်။ အားမရတဲ့အချက်တွေက လွှတ်တော်ကိုယ်စားလှယ်တွေ၊ လွှတ်တော်မှာရှိကြတဲ့ ၀န်ထမ်းတွေဟာ အရင်အတွေ့အကြုံမရှိတဲ့၊ ဒီအတိုင်းပဲ ဒီမိုကရေစီစနစ်မှာ အဓိကကျတဲ့ လွှတ်တော်တွေမရှိခဲ့တဲ့အတွက် သူတို့ဘက် က တချို့အားနည်းချက်တွေရှိတယ်။ အဲဒီမှာ ကိုယ်တို့လည်းပါတယ်။ ဒါကြောင့်မို့ တချို့ကိစ္စတွေဟာ အားမရစရာလေး တွေတွေ့ပါတယ်။ အထူးသဖြင့်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ အခါမှာ လွှတ်တော်အနေနဲ့ အားရသင့်သလောက် အားရမှုမရှိခဲ့ပါဘူး။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီးတော့ နိုင်ငံရေးလေ့လာသူတချို့သုံးသပ်တာက အခုလာမယ့်  နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲအပြီးမှာ အနိုင်ရခဲ့မယ့်ပါတီက     ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှာ အရေး ပေါ်လွှတ်တော်ခေါ်ယူကျင်းပခွင့်တောင်းပြီးတော့ ကြားကာလမှာပြန်ပြီး ခြေဥပြင်ဆင်ရေးကို သူက တွန်းတွန်းတိုက်တိုက်လုပ်နိုင်ရင် ရနိုင်မယ်ဆိုပြီး သုံးသပ်တာမျိုးတွေရှိပါတယ်။ အဲဒါက တကယ့်လက်တွေ့မှာ ဖြစ်နိုင်ပါသလား။

ဒီဟာကတော့ သိပ်ပြီးဖြစ်နိုင်စရာအကြောင်းမရှိပါဘူး။ ရွေးကောက်ပွဲပြီးနောက်ပိုင်းမှာ လွှတ်တော်ခေါ်ယူဖွဲ့စည်းဖို့၊ နောက်အစိုးရဖွဲ့စည်းဖို့ ဒီလောက်အလုပ်များတဲ့အချိန်မှာ ဖွဲ့စည်းပုံအခြေခံ  ဥပဒေပြင်ဆင်ရေးအတွက် ဆောင်ရွက်မယ်ဆိုတဲ့ အနေအထားဟာ သိပ်ပြီးတော့ မဖြစ်နိုင်ပါဘူး။

လာမယ့်  ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့မေးချင်ပါတယ်။ပြည်ခိုင်ဖြိုးက  ရန်ကုန်နဲ့မန္တလေးမှာ ကိုယ်စားလှယ်လောင်းစာရင်းတွေ    စပြီးကြေညာလိုက်ပြီဆိုတော့  လာမယ့်ရွေးကောက်ပွဲအတွက်ကို ပြည်ခိုင်ဖြိုး ပါတီအနေနဲ့တစ်နိုင်ငံလုံးမှာ  ဘယ်နှနေရာလောက်၊ ဒါမှမဟုတ်ရာခိုင်နှုန်းနဲ့ဆို ဘယ်လောက်နိုင်မယ်လို့ မျှော်မှန်းတွက်ချက်ထားတာ  ရှိပါသ လဲ။

နိုင်ငံမှာ မြို့နယ်ပေါင်း ၃၃၀ ရှိတယ်။ ဒီ ၃၃၀ ထဲက ကျင်းပပြုလုပ်မယ့် မြို့နယ်တိုင်းနီးပါးမှာ ပြည်ထောင်စုကြံခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တို့မှာ ရာနှုန်းပြည့်နီးပါး ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

အနိုင်ရဖို့ကျတော့  ဥက္ကဋ္ဌကြီး ဘယ်လိုမှန်းထားပါသလဲ။
အနိုင်ရမယ်လို့ မျှော်မှန်းထားပါတယ်။ သေချာတာကတော့၅၀ရာခိုင်နှုန်းကျော် အနိုင်ရမယ်လို့မှန်းထားပါတယ်။

အခု ရွေးကောက်ပွဲနားနီးလာတော့ နိုင်ငံရေးလေ့လာသူတွေပြောထားတာကတော့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲအတွေ့အကြုံအရလောလောလတ်လတ်ဆိုရင် ဆယ်စုနှစ်သုံးခုလောက်အတွင်းမှာ ၉၀ ရွေးကောက်ပွဲလုပ်ခဲ့တယ်။  ပြီးရင် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲလုပ်ခဲ့တယ်။ အဲဒီမှာ  NLD ၀င်ပြိုင်တဲ့ ရွေးကောက်ပွဲတိုင်းမှာ NLD က landslide အပြတ်အ သတ် အနိုင်ရသွားတယ်။၂၀၁၀ ရွေးကောက်ပွဲမှာတော့ ပြည်ခိုင်ဖြိုးက အနိုင်ရတယ်ပေါ့။ ဒါပေမဲ့အဲဒီမှာ ပြည်ခိုင်ဖြိုးအနိုင်ရတာက ကြိုတင်မဲနဲ့ ပတ်သက်ပြီး  ဝေ ဖန်တာရှိတယ်။ အခုသုံးသပ်တဲ့ သူတွေ တော်တော်များများက လာမယ့်ရွေးကောက်ပွဲမှာ NLD က ရေပန်းစားတယ်ဆိုတာ တော်တော်များများ လိုက်မေးတဲ့အခါမှာ ယေဘုယျထွက်လာပါတယ်။အဲဒီတော့ ပြည်ခိုင်ဖြိုးအနေနဲ့က အခုရွေးကောက်ပွဲမှာ အနိုင်ရရှိရေးနဲ့တစ်ဖက်က ဂုဏ်သိက္ခာရှိစွာယှဉ်ပြိုင်ရေးမှာ နှစ်ခုထဲက တစ်ခုရွေးပါဆိုရင် ဥက္ကဋ္ဌအနေနဲ့ ဘယ်ဟာကို ရွေးချယ်မလဲ။

နှစ်ခုစလုံးကို ရွေးမှာဖြစ်ပါတယ်။ မိမိတို့ ပါတီက လာမယ့် ၂၀၁၅ နိုဝင်ဘာလ ၈ ရက်မှာ ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲမှာ အနိုင်ရရှိရေးအတွက် မျှော်လင့်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့အခါမှာ လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲမှာ မိမိတို့ပါတီအနေနဲ့ သန့်ရှင်းစွာ ၀င်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲဟာ ပွင့်လင်းမြင်သာမှုရှိအောင်ဆောင်ရွက်မှာဖြစ်တဲ့အတွက် ဘယ်သူတရားတယ်၊ ဘယ်သူမတရားဘူးဆိုတာလည်း အဲဒီမှာ ပွင့်လင်းမြင်သာစွာ စောင့်ကြည့်တဲ့အဖွဲ့များက ဆုံးဖြတ်ပေးမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အမေရိကားခရီးစဉ်မှာလည်း ဥက္ကဋ္ဌကြီးဖြေခဲ့တာရှိပါတယ်။ ရွေးကောက်ပွဲမှာ ပါတီတစ်ခုခုက အပြတ်အသတ်နိုင်တာမျိုးမဟုတ်ဘဲနဲ့ ရွေးကောက်ပွဲမှာ မဲတွေက ပြန့်နေတယ်ဆိုရင် အဓိက ပြိုင်ဘက်ပါတီဖြစ်နေတဲ့ ပြည်ခိုင်ဖြိုးနဲ့ NLD ကြားမှာ အစိုးရကို ညွန့်ပေါင်းဖွဲ့တာမျိုး ဖြစ်သွား နိုင်ပါသလား။

ဒီဟာကတော့ ရွေးကောက်ပွဲရဲ့ ရလဒ်ပေါ်မှာမူတည်ပါတယ်။ ပြည်ခိုင်ဖြိုးပါတီရဲ့ မူဝါဒထဲမှာ  မည်သည့်ပါတီ၊ မည်သည့်အဖွဲ့အစည်း၊ မည်သည့်ပုဂ္ဂိုလ်နဲ့မဆို နိုင်ငံနဲ့ နိုင်ငံသားအကျိုးစီးပွားဆိုလျှင် ညှိနှိုင်းပူးပေါင်းဆောင်ရွက် မယ်ဆိုတာ ပြည်ခိုင်ဖြိုးပါတီရဲ့ အဓိကမူဝါဒဖြစ်ပါတယ်။ညွန့်ပေါင်း အစိုးရဖွဲ့တယ် (သို့မဟုတ်) တခြားတိုင်ပင်ညှိနှိုင်းတယ်ဆိုတာလည်း နိုင်ငံနဲ့ နိုင်ငံသားအကျိုးစီးပွားအတွက်ဆိုလို့ရှိရင် စဉ်းစားသင့်ရင် စဉ်းစားရမယ့်ကိစ္စများဖြစ်ပါတယ်။

တကယ်လို့ ရွေးကောက်ပွဲမှာများ ပြည်ခိုင်ဖြိုးက ရှုံးနိမ့်ခဲ့တယ်ဆိုရင်  ဥက္ကဋ္ဌကြီးက ပါတီရဲ့ အောင်နိုင်ရေးမှာလည်း ဥက္ကဋ္ဌတာဝန်ယူထား ရတဲ့အတွက် ရှုံးနိမ့်မယ်ဆိုရင်  ဘယ်လိုများ တာဝန်ခံမလဲ။ ပါတီ ရှေ့ဆက်ပြီးတော့ ရှင်သန်ဖို့  ဘယ်လိုစီစဉ်ထားတာရှိပါသလဲ။

ရွေးကောက်ပွဲဆိုတာ မျှော်မှန်းရခက်ပါတယ်။ ဒါပေမဲ့ သီးခြားပါတီတိုင်းမှာတော့ မျှော်မှန်းချက်ရှိပြီးသားပါ။ နိုင်ခြင်း ရှုံးခြင်းဆိုတာလည်း ပြိုင်ဆိုင်မှုတိုင်းမှာရှိတဲ့အတွက် နိုင်လို့ရှိရင်လည်း နိုင်တဲ့အလျောက်၊ ရှုံးရင်လည်း ရှုံးတဲ့အလျောက် ဆက်လက်ပြီးတော့ ရပ်တည်မှာဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်လို့ ရွေးကောက်ပွဲရဲ့ ရလဒ်ပေါ်မူတည်ပြီးတော့ ဆောင်ရွက်မယ်။ ဒီအခါမှာ ရွေးကောက်ပွဲ သဘာဝအရ ရှုံးရင်လည်း ရှုံးတဲ့အလျောက်မိမိတို့လက်ခံမယ်။ ပြီးတဲ့အခါမှာ  နိုင်ငံနဲ့နိုင်ငံသားအကျိုးစီးပွားအတွက် အရှုံးပါတီအနေနဲ့လည်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

နိုင်ငံရေးစိတ်ဝင်စားသူတွေ ကြားထဲမှာ အပြောများတာ ဥက္ကဋ္ဌကြီးနဲ့ နိုင်ငံတော်သမ္မတကြားမှာ အားပြိုင်မှုတွေရှိတယ်ဆိုပြီး တော်တော်လေး ပြည်တွင်းမှာရော ပြည်ပမှာပါ သုံးသပ်ချက် ကျယ်ကျယ် လောင်လောင်ထွက်နေပါတယ်။ ဒါနဲ့ဆက်စပ်ပြီး ကြားတစ်ဖွဲ့သုံးသပ်ထားတာကလည်း ဒါက NLDနဲ့ ဒေါ်အောင်ဆန်းစုကြည် အာရုံထွေပြားသွားဖို့အတွက် ပြည်ခိုင်ဖြိုးက ကစားနေတဲ့  ကစားကွက်ပါဆိုပြီး သုံးသပ်တာမျိုးလည်းရှိပါတယ်။ အဲဒီလိုသုံးသပ်မှုတွေအပေါ်မှာ ဥက္ကဋ္ဌကြီး ဘာများမှတ်ချက်ပေးချင်ပါသလဲ။

အကြောင်းနှစ်ခုပါ အားပြိုင်တယ်ဆိုတဲ့ စကားထက်ပေါ့။  ဒီနေတွေ့ကြုံနေရတဲ့အခြေအနေပဲဖြစ်မယ်လို့ထင်ပါတယ်။ နောက်တစ်ခုက ဒီလိုဆောင်ရွက်မှုဟာ ဟန်ဆောင်ပန်ဆောင်လုပ်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို ကစားတယ်ဆိုတာလည်း လုံးဝမဟုတ်ပါဘူး။ မိမိရဲ့နိုင်ငံရေး လုပ်ဆောင်မှုကတော့ ရိုးရိုးသားသားနဲ့ပဲ မှန်မှန်ကန်ကန်နဲ့ ဆောင်ရွက်ဖို့ပဲဖြစ်ပါတယ်။

ဥက္ကဋ္ဌကြီးရဲ့ ဖေ့စ်ဘွတ်ခ်မှာ ကျွန်တော်တို့တွေ့လိုက်ပါတယ်။ The Voiceက ရေးတဲ့ ဆောင်းပါးရှင်နေ၀င်းရဲ့ဆောင်းပါးမှာ အဲဒီမှာ ဥက္ကဋ္ဌကြီးက ညွှန်းထားတာ ပြီးခဲ့တဲ့ ဖဆပလခေတ်မှာ နုတင်ဆွေငြိမ်း အကွဲအပြဲကနေပြီး တိုင်းပြည်ပါ ဒုက္ခရောက်ခဲ့ရတယ်။ အခုလည်း  ဒီလိုအနေအထားမျိုး လက်ရှိ မှာ ဖြစ်နေတဲ့အတွက် သမိုင်းဘီးတစ် ပတ်မလည်လာအောင် အဲဒီတုန်း ကအနေအထားမျိုး တိုင်းပြည်နာ မသွားအောင် ဖြေရှင်းဖို့နည်းလမ်း ဥက္ကဋ္ဌကြီးရှာဖွေ တွေ့ရှိထားပါ ပြီလား။ အဲဒီအတွက်ကော အဆင်သင့်ဖြစ်နေပါပြီလား။

ခေတ်ကာလတွေ ပြောင်းသွားပါပြီ။ ဟိုတုန်းက ဖဆပလ ခေတ်ပါ။ ဒီနေတော့ ဒီခေတ်ပြောင်းစနစ်ပြောင်းကာလမှာ ဒီလိုအဖြစ်မျိုးမဖြစ်အောင်မိမိတို့ ကြိုးစားဆောင်ရွက်သွားမှာဖြစ်ပါတယ်။ နည်းလမ်းဆိုတာကတော့ ဖြစ်ပေါ်လာတဲ့ အခြေအနေပေါ် မှာမူတည်ပြီးတော့ အကောင်းဆုံးနည်းလမ်းရှာဖွေပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ရွေးကောက်ပွဲနဲ့ အာဏာလွှဲပြောင်းရေးကာလက နည်းနည်းရှည်ကြာတယ်။ လေးငါးလလောက်ဖြစ်နေတော့ ဥက္ကဋ္ဌကြီးအနေနဲ့ကကော ရွေးကောက်ပွဲအကြို၊ အာဏာလွဲပြောင်းရေးကာလတွေမှာ  စိတ်အပူဆုံးဆိုရင် ဘာများဖြစ်မလဲခင်ဗျာ။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအောင်မြင်အဆင်ပြေစွာဖြစ်ပေါ်ရေးက နံပါတ်(၁)ပဲ။ အဲဒီကနေထွက်ပေါ်လာတဲ့ ရလဒ်ပေါ်မူတည်ပြီး လွှတ်တော်များ ဖွဲ့စည်းမယ်။ အစိုးရများဖွဲ့စည်းမယ်။ အဲဒီကာလမှာ လွှတ်တော်ဟောင်းရှိနေတယ်။ အစိုးရအဟောင်းလည်း ရှိနေမယ်။ လွှတ်တော်အဟောင်းက  လာမယ့် ၂၀၁၆ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်အထိ အကြမ်းဖျင်းရှိမယ်။ အစိုးရအဟောင်းအဖွဲ့က အဲဒီကနေစပြီးတော့ မတ်လကုန်ထိရှိမယ်။ ဒီကြားကာလမှာ လွှတ်တော်အသစ်ဖွဲ့စည်းရေး၊ အစိုးရအဖွဲ့အသစ်ဖွဲ့စည်းရေး ဒီကိစ္စတွေမှာ လွှတ်တော်မှာလည်း တာဝန်ရှိသလို အစိုးရအဟောင်းမှာလည်း တာဝန်ရှိပါတယ်။ အဲဒီတော့ လွှတ်တော်လည်းလွှတ်တော်ရဲ့ တာဝန်တွေ ယူမယ်။ တာဝန်ခံ ဆောင်ရွက်မယ်။အစိုးရကလည်း အစိုးရဲ့ လုပ်ငန်းတာဝန်တွေ ယူမယ်၊ဆောင်ရွက်မယ်ဆိုရင် ပြဿနာမရှိနိုင်ပါဘူး။ အရေးကြီးတာက တာဝန်ယူဖို့၊ တာဝန်ခံဖို့၊ ပွင့်လင်းမြင်သာဖို့က အရေးကြီးပါတယ်။ အဲဒီဟာတွေကိုသာ စနစ်တကျလုပ်မယ်ဆိုရင် ဒီနေ့ စိုးရိမ်မှုတွေ ရှိစရာမလိုဘူးလို့ထင်ပါတယ်။

အဲဒါဆိုရင် ဒီမဏ္ဍိုင်တွေက  ယူရမယ့်တာဝန်တွေကို  ကျေပွန်အောင်ဆောင်ရွက်မယ်ဆိုရင် စိုးရိမ်စရာမရှိဘူးလို့ ဥက္ကဋ္ဌကြီး ဆိုလိုတာထင်တယ်။

မှန်ပါတယ်။ ဒီနေရာမှာ ဘာပဲဖြစ်ဖြစ် ဒီမဏ္ဍိုင်ကြီးများမှာ ဦးဆောင်တဲ့ ပုဂ္ဂိုလ်ကြီးများ ကတိသစ္စာရှိဖို့လိုပါတယ်။ အဲဒီ ကတိသစ္စာနဲ့ မိမိယူရမယ့် တာဝန်များကို ပိုင် ပိုင်နိုင်နိုင်ယူသွားမယ်ဆိုလို့ရှိရင် နိုင်ငံအတွက်လည်း  ကောင်းမယ်၊ သမိုင်းအတွက်လည်း ကောင်းမယ်၊ ပြည်သူလူထုရဲ့ ဆန္ဒကို လည်း ဖြည့်နိုင်မှာဖြစ်ပါတယ်။ ရွေးကောက်ပွဲဆိုတာ ပြည်သူ့ရဲ့ ဆန္ဒ၊ ပြည်သူရဲ့အဆုံးအဖြတ်ပါ။ ပြည်သူက ရွေးချယ် ပေးလိုက်တဲ့ပါတီ သို့မဟုတ်လို့ရှိရင် လွှတ်တော်ကိုယ်စားလှယ်များဟာ လွှတ်တော်ဘက်ကရော၊ အုပ်ချုပ် သူများဘက်ကရော အားလုံးလက်ခံမှာဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူအပေါ် မှန်မှန်ကန်ကန် သဘောထားရမယ်။ ပြည်သူအပေါ်သစ္စာရှိရမယ်။ နိုင်ငံတော်အပေါ် သစ္စာရှိရမယ်။ဒါတွေကို တာဝန်ယူ၊ တာဝန်ခံဆောင်ရွက်မယ်ဆိုလို့ရှိရင် ဘာမှပြဿနာမရှိနိုင်ပါဘူး။

တကယ်လို့များရွေးကောက်ပွဲမှာပေါ့ NLD က အနိုင်ရရှိခဲ့မယ်ဆိုရင် အာဏာရပါတီက လက်ရှိပြည်ခိုင်ဖြိုးဖြစ်တဲ့ အတွက်ကြောင့်မို့ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ရှောရှောရှူရှူဏာလွှဲပြောင်းပေးဖို့ အဆင်သင့်ဖြစ်နေပါပြီလား။
အာဏာလွှဲပြောင်းရေးဆိုတဲ့နေရာမှာ လွှတ်တော်ထဲမှာရှိကြတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ  သက်ဆိုင်ရာ အနိုင်ရရှိတဲ့ပါတီနဲ့အတူ ဒုတိယသမ္မတ၊ သမ္မတရွေးချယ်ပွဲဟာလည်း အရေးကြီးပါတယ်။ ဒါကြောင့်မို့ လွှတ်တော်က ရွေးချယ်လိုက်တဲ့ ဒုတိယ သမ္မတ ၊ သမ္မတများပေါ်မူတည်ပြီး အစိုးရအဖွဲ့ဖွဲ့စည်းမှာ ဖြစ်တဲ့အတွက် တိုက်ရိုက်အာဏာလွှဲ ပြောင်းပေးတဲ့စနစ်မျိုးမဟုတ်တဲ့အတွက် လွှတ်တော်၊ လွှတ်တော်ကိုယ်စားလှယ်များ ကြားခံပြီး ဆောင်ရွက်တဲ့ကိစ္စတစ်ခု ဖြစ်ပါတယ် ။

တပ်ဘက်ကနေပြီး တပ်ကိုယ်စားလှယ်တချို့ပြည်ခိုင်ဖြိုးကနေပြီး ၀င်ဖို့အတွက် စာရင်းပို့ထားတယ်ပေါ့။ အဲဒီမှာ အကြမ်းဖျင်းသိရတာ ၁၄၀ လောက်ရှိတာသိရပါတယ်။ အခုလူစာရင်းတွေလည်း ထွက်နေပြီ ဆိုတော့ တပ်ဘက်ကနေပြီးတော့ ပြည်ခိုင်ဖြိုးကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်မယ့်အရေအ တွက်ကိုများ ဥက္ကဋ္ဌကြီးပြောလို့ ရပြီလားခင်ဗျ။

ဒါနဲ့ ပတ်သက်လို့ မကြာခင်ထုတ်ပြန်ပေးမှာပါ။ အဲဒီမှာ တိတိကျကျပေါ့လေ။ နားလည်ပေးမယ်ဆိုရင်တော့ ပိုကောင်းပါတယ်။ အဲဒီနည်းတူပဲ မေးခွန်းမေးတဲ့အထဲမှာမပါတဲ့ အစိုးရအဖွဲ့ဝန်ကြီး၊ ဒုတိယ၀န်ကြီးများ ၊ အခြားသူများလည်း စာရင်းပေးထားတာရှိပါတယ်။ ဒီပေါ်မူတည်ပြီး မကြာခင်ထုတ်ပြန်ကြေညာပေးမှာဖြစ်ပါတယ် ။

ဥက္ကဋ္ဌကြီးအနေနဲ့ ရွေးကောက်ပွဲအပြီးမှာ  ပြည်ထောင်စုလွှတ်တော်ကလည်း ရွေးကောက်ခဲ့လို့ သမ္မတဖြစ်ခဲ့မယ်ဆို ပထမဆုံးတိုင်းပြည်အတွက် ဘာတွေဦးစားပေးပြီး လုပ်သွားမယ်လို့ စဉ်းစားထားတာရှိပါသလဲ။

ဒီနေရာမှာတော့ နိုင်ငံနဲ့ နိုင်ငံသားအကျိုးစီးပွားကို ဖြစ်ထွန်းစေမယ့်ကိစ္စများကိုပဲ အဓိကထားဆောင်ရွက်မှာဖြစ်ပါတယ်။ ဒီနေ့မြန်မာနိုင်ငံမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု တစ်စုံတစ်ရာ အတိုင်းအတာထိ အောင်မြင်ခဲ့သည်ဖြစ် သော်လည်း စီးပွားရေးပြုပြင်ပြောင်းလဲမှု တစ်နည်းအားဖြင့် ပြည်သူလူထုရဲ့ စားဝတ်နေရေး လူမှုရေးကိစ္စများကို အဓိကထား စဉ်းစားဆောင်ရွက်ပေးရမှာဖြစ်တဲ့အတွက်မို့ ဒါနဲ့ယှဉ်ပြီး ဆောင်ရွက်မယ့် ကိစ္စလည်းများစွာရှိပါတယ်။ ဒီကိစ္စကတော့ တစ်ထိုင်တည်းပြောလို့ရမယ့် ကိစ္စမဟုတ်ပါဘူး။

ဦးစားပေးဆိုရင် ဘယ်ဟာဖြစ်မလဲ။

နိုင်ငံနဲ့ နိုင်ငံသားများရဲ့ စားဝတ်နေရေး၊ လူမှုရေးကိစ္စကို အဓိကထားစဉ်းစားဆောင်ရွက်ပေး နိုင်မယ့် Strategy မဟာဗျူဟာ မြောက်ချမှတ်ဆောင်ရွက်သွားမှာဖြစ်ပါတယ် ။

သမ္မတ မဖြစ်ခဲ့ရင်ကော ဥက္ကဋ္ဌကြီးအနေနဲ့ အနားယူမှာလား၊ ဒါမှမဟုတ် ဘယ်ကဏ္ဍတွေမှာ ပါဝင်မယ်လို့စဉ်းစားထားပါသလဲ။
သမ္မတ ဖြစ်ခြင်း၊ မဖြစ်ခြင်း က  အဓိက မဟုတ်ပါဘူး။ မိမိနိုင်ငံနဲ့ နိုင်ငံသားအကျိုးစီးပွားအတွက် ရတဲ့နေရာ၊ ရောက်တဲ့နေရာက ဆောင်ရွက်ခွင့်ရဖို့က အရေးကြီး ပါတယ်။

(မနက်ဖြန်တွင် တွေ့ဆုံ မေးမြန်း ခြင်း ဒုတိယပိုင်းကို ဆက်လက် ဖော်ပြပါမည်။)

7Day DAILY 

No comments:

Post a Comment