Monday 3 August 2015

KIA အဖွဲ့မှ မိုင်းထောင်ဖောက်ခွဲမှုကြောင့် ဆွမ်ပီယန် ကျေးရွာအနီး မိုင်တိုင်အမှတ်၊၁၇၅/၄၊ သံဘောင်ဘေလီ တံတား မီးလောင်ပျက်စီး

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ မြစ်ကြီးနား - ဆွမ်ပရာဘွမ် - ပူတာအို ကားလမ်းပေါ်ရှိ ဆွမ်ပီယန်ကျေးရွာအနီး မိုင်တိုင်အမှတ်၊၁၇၅/၄၊ တံတားအမှတ်၊ ၁/၁၇၆ သံဘောင်ဘေလီတံတားအား သြဂုတ် ၁ ရက်နေ့ ၂ နာရီခွဲခန့်တွင် KIA အဖွဲ့မှ မိုင်းထောင်ဖောက်ခွဲမှုကြောင့် မီးလောင်ပျက်စီးသွားခဲ့ကြောင်း ဒေသခံဆွမ်ပီယန် ရွာသားတစ်ဦးထံမှ သိရှိရပါ သည်။

“ကျေးရွာနားက ဘေလီတံတားကို မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခံရလို့ တံတားရဲ့အရှေ့ဘက်ခြမ်း ကာဘီးလျှောက်လမ်း တွေ မီးလောင်ပျက်စီးသွားတယ်၊ ဒီလမ်းကတံတားရှိလို့ လမ်းပန်းဆက်သွယ်ရေးကောင်းပြီး အဆင်ပြေနေတာ၊ ဒီလို လုပ်တော့ ဆိုင်ကယ်တွေနဲ့ ယာဉ်ကြီး/ယာဉ်ငယ်တွေ သွားလို့မရတော့ဘူး။ ပြီးခဲ့တဲ့ တစ်ပတ်လောက်ကလည်း KIA အဖွဲ့ က ဇနန်ချောင်းကူး တံတားကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့လို့ ဒေသခံတွေ ဒုက္ခရောက်ခဲ့ရတယ်လေ၊ အခုလည်း ဒီ တံတားကို ထပ်လုပ်ပြန်ပြီ၊ ပြည်သူတွေကို ဒုက္ခရောက်အောင်လုပ်ရင် ဒီကောင်တွေလည်း ဒုက္ခရောက်မှာဘဲ၊ အများ ပြည်သူအသုံးပြုနေတဲ့ လမ်းတံတားတွေကို ဘာလို့ ဖျက်ဆီးသလဲဆိုတာ စဉ်းစားလို့ကိုမရဘူး’’ ဟု ဆွမ်ပီယန်ကျေးရွာ၊ အုပ်ချုပ်ရေးမှူးက ပြောပြခဲ့ပါသည်။

KIA အဖွဲ့သည် အစိုးရတပ်များ ၀င်ရောက်သွားလာလှုပ်ရှားမှုမလုပ်နိုင်စေရန် ကျေးရွာများအနီးတစ်ဝိုက်တွင် မိုင်းထောင် ခြင်းနှင့် လမ်းတံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းများ မကြာခဏ ပြုလုပ်နှောင့် ယှက်နေသောကြောင့် ဒေသခံများအနေဖြင့် လမ်းခရီးသွားလာမှု အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း ၎င်းမှ ဆက် လက်ပြောပြခဲ့ပါသည်။

နော်ဂျာ
Kachin Daily News 

No comments:

Post a Comment