Wednesday 12 August 2015

ကျောင်းသားများကို ချက်ချင်း လွှတ်ပေးရန် အစိုးရကို ကုလ တိုက်တွန်း

လက်ပံတန်း ဆန္ဒပြမှုနှင့် ပတ်သက်၍ ဖမ်းဆီး တရားစွဲ ခံထားရသော ကျောင်းသားများနှင့် ၀န်းရံ ပြည်သူများကို ချွင်းချက်မရှိ ချက်ချင်း ပြန်လွှတ်ပေးရန် ကုလသမဂ္ဂ အထူးအစီရင်ခံစာ တင်သွင်းသူ Ms. YagHee Lee က အစိုးရကို တိုက်တွန်းလိုက်သည်။

လူ့အခွင့်အရေး အထူး အစီရင်ခံစာ တင်သွင်းသူ အဖြစ်ဖြင့် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သော တတိယ အကြိမ်မြောက် ခရီးစဉ် အပြီး သြဂုတ်လ (၇) ရက်နေ့တွင် ပြုလုပ်ခဲ့သော သတင်းစာ ရှင်လင်းပွဲ၌ ထိုကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

'ဆန္ဒပြပွဲဖြစ်ခဲ့တဲ့ နေရာကို ကျွန်မ သွားခွင့်ရခဲ့ပါတယ်။ ပြီးတော့ အာဏာပိုင်တွေနဲ့ တွေ့ဆုံခွင့် ရခဲ့သလို သာယာဝတီထောင်မှာ ဖမ်းဆီး ထိန်းသိမ်း ခံထားရသူ ငါးဦးနဲ့လည်း တွေ့ဆုံခွင့် ရခဲ့ပါတယ်။ ရဲတပ်ဖွဲ့က အလွန်အကျွံ အင်အား သုံးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကိုလည်း ကျွန်မ တွေ့ရှိခဲရပါတယ်။

အဲဒီအချက် အပေါ်မှာ တာဝန် ရှိသူတွေနဲ့ လွတ်လပ်ပြီး တရားမျှတ ဘက်မလိုက်တဲ့ စုံစမ်း စစ်ဆေးမှုတွေ လုပ်ဖို့ တောင်းဆိုပါတယ်။ ကျွန်မအမြင်မှာတော့ သူတို့ဟာ မတရား ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ သူတို့ကို ချွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ ကျွန်မ အနေနဲ့ တောင်းဆိုပါတယ်။ လက်ပံတန်း ဆန္ဒပြမှုနဲ့ ပတ်သက်ပြီး စွဲဆိုထားတဲ့ ပုဒ်မတွေ အားလုံးကို ပယ်ဖျက်ပေးဖို့ တိုက်တွန်းပါတယ်'' ဟု ၎င်းကပြောသည်။

ထို့အပြင် ပြီးခဲ့သည့် အခေါက် မြန်မာနိုင်ငံ ခရီးစဉ် ပြီးနောက်တွင် မြန်မာနိုင်ငံ အစိုးရ အနေဖြင့် ပြည်သူတို့၏ အခွင့်အရေး ဖြစ်သော လွတ်လပ်စွာ စီတန်း လှည့်လည်ခွင့်နှင့် လွတ်လပ်စွာ ပြောဆိုခွင့်ကို ကျင့်သုံးသော ကျောင်းသားများ၊ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများ၊ လယ်သမားများ၊ အရပ်ဖက် အဖွဲ့အစည်း ခေါင်းဆောင်များကို ဆက်လက် ဖမ်းဆီးနေသည်ကို တွေ့မြင်နေရပြီး၊ ထိုကဲ့သို့ ဖမ်းဆီးခြင်းမှာ လာမည့် ရွေးကောက်ပွဲကို မထိခိုက်စေရန် ရည်ရွယ်၍ ဖမ်းဆီးနေခြင်း ဖြစ်သည်ဟု ၎င်းနှင့် တွေ့ဆုံခဲ့သူများက ယုံကြည်ကြကြောင်း Ms. Yang Hee Lee က ၎င်း၏ ထုတ်ပြန်ချက်တွင် ထည့်သွင်း ပြောကြားခဲ့သည်။

ထို့ကြောင့် အဆိုပါ အမူအကျင့်များကို ရပ်တန်းက ရပ်ရန် သင့်တော်နေပြီ ဖြစ်ကာ မတ်လ(၁၀) ရက်နေ့က လက်ပံတန်းတွင် ဖြစ်ပွားခဲ့သော အဖြစ်အပျက်မှာလည်း အထက်ပါ အချက်များကို ရှင်းရှင်း လင်းလင်း ထင်ဟပ်နေကြောင်း ၎င်းကဆိုသည်။

ပညာရေး ဥပဒေ ပြုပြင် ပြောင်းလဲရေး အတွက် မန္တလေးမှ ရန်ကုန်သို့ ဆန္ဒပြ ချီတက်လာသော ကျောင်းသားများကို လက်ပံတန်းတွင် မတ်လ (၁၀)က ရဲတပ်ဖွဲ့က အင်အားသုံး ဖြိုခွင်းခဲ့ကာ ကျောင်းသားများနှင့် ၀န်းရံပြည်သူပေါင်း ခုနစ်ဆယ်ကျော်ကို ပုဒ်မ ၅၀၅ (ခ) အပါအ၀င် ပုဒ်မငါးခုနှင့် တရားစွဲထားသည်။ အချို့ကျောင်းသား ခေါင်းဆောင်များမှာ ပုဒ်မ ငါးခုအပြင် အခြားသော ပုဒ်မ များစွာနှင့်လည်း တရားစွဲ ခံထားရခြင်း ဖြစ်သည်။

''ကျွန်တော်တို့ အနေနဲ့လည်း လက်ရှိမှာ တရားပြန်စွဲဖို့ ပြင်ဆင်ထားတာ ရှိတယ်။ ဒါဟာ အကြမ်းဖက်မှု ဖြစ်တယ်။ ဒါဟာ အစိုးရရဲ့ ကတိက၀တ် ချိုးဖောက်မှု ဖြစ်တယ်။ ဒါကြောင့် တရားမျှတမှု ပေါ်ပေါက်ဖို့ အတွက်၊ ထိုက်သင့်တဲ့ အပြစ်ပေး အရေးယူမှုတွေ မလုပ်မချင်း ကျွန်တော်တို့ အနေနဲ့ ဆက်ပြီး ဆောင်ရွက်သွားမှာပါ'' ဟု ဗကသများ အဖွဲ့ချုပ်မှ ပြင်ပ ဆက်ဆံရေး တာဝန်ခံ ကိုအောင်နေပိုင်က ပြောသည်။

 ကျောင်းသားများက အမျိုးသား ပညာရေး ဥပဒေ ပြုပြင်ပေးရန် တောင်းဆိုသည့် အနေဖြင့် ယခုနှစ် ဇန်န၀ါရီလ အတွင်းက မန္တလေးမှ ရန်ကုန်သို့ ချီတက်လာခဲ့ခြင်း ဖြစ်ပြီး၊ ဖေဖော်ဝါရီလ ပထမ အပတ်နှင့် ဒုတိယ အပတ် အတွင်းတွင် ကျောင်းသားများကို တောင်းဆိုသည့် အတိုင်း လေးပွင့်ဆိုင် ဆွေးနွေးရန် အစိုးရက ဖိတ်ခေါ်၍ ဆွေးနွေးခဲ့သည်။

အစိုးရ၊ လွှတ်တော်၊ ပညာရေး ပြုပြင် ပြောင်းလဲမှု နိုင်ငံလုံး ဆိုင်ရာ ကွန်ရက် (NNER) နှင့် ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင် ကော်မတီတို့ လေးပွင့်ဆိုင် ဆွေးနွေးပြီးနောက် ဆန္ဒပြနေသော ကျောင်းသားများကို အရေးမယူရန် အချက် အပါအ၀င် ကျောင်းသားများ တောင်းဆိုသမျှ အားလုံးနီးပါးကို အစိုးရက သဘောတူခဲ့သည်။

ထိုကဲ့သို့ ကျောင်းသားများကို အရေးမယူဟု သဘောတူပြီးနောက် တွင် မတ်လ(၁၀) ရက်နေ့က လက်ပံတန်းမှ ရန်ကုန်သို့ ချီတက်ရန် ကြိုးစားသော ဆန္ဒပြ ကျောင်းသားများနှင့် ၀န်းရံပြည်သူများကို ရဲတပ်ဖွဲ့က အင်အားသုံး ဖြိုခွင်း ဖမ်းဆီး တရားစွဲခဲ့ခြင်း ဖြစ်သည်။

ထိုကဲ့သို့ အင်အားသုံး ဖြိုခွဲခဲ့ခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ထံသို့ ကျောင်းသားများက တိုင်ကြားခဲ့ရာ လူ့အခွင့်အရေး ကော်မရှင်က စုံစမ်း စစ်ဆေးမှုများ ပြုလုပ်နေသည်။

Messenger News Journal 

No comments:

Post a Comment