Wednesday 12 August 2015

ရေကြီးနစ်မြုပ်ပြီး ပျိုးပင်နှင့် လယ်မြေများ ပျက်စီးဆုံးရှုံးခဲ့သည့် တောင်သူများ စိုက်ပျိုးစရိတ်ချေးငွေ ထပ်မံလိုအပ်နေ

ကလေးမြို့နယ်အတွင်းမှ ရေဘေးဒဏ်ခံရပြီး ရွံ့နွံများဖုံးလွှမ်းနေသော လယ်မြေများ(ဓာတ်ပုံ - ကျော်ဇင်သန်း)
ရေကြီးနစ်မြုပ်မှု ကြောင့် ပျိုးပင်နှင့် လယ်မြေများ ပျက်စီးဆုံးရှုံးခဲ့သည့် မြောက်ဦးမြို့နယ်ရှိ တောင်သူများအနေဖြင့် စိုက်ပျိုးစရိတ်ချေးငွေများ ထပ်မံလိုအပ်နေကြောင်း စပါးစိုက်တောင်သူများထံမှ သတင်းရရှိသည်။

‘‘စိုက်ပျိုးရာသီအမီ မိုးစပါး စိုက်ပျိုးဖို့အတွက် ဘဏ်ချေးငွေ တွေကို ဇွန်လကတည်းကထုတ် ချေးခဲ့ကြပါတယ်။ အဲဒီလို ချေး ငွေတွေနဲ့ ထွန်ယက်စိုက်ပျိုးထားတဲ့ လယ်မြေတွေက ရေနစ်မြုပ်လို့ အကုန်လုံး ဆုံးရှုံးသွားပါပြီ။ အခု ပြန်စိုက်ဖို့အတွက် မျိုးစပါး လုံ လုံလောက်လောက်နဲ့ ဓာတ်မြေ သြဇာတွေ ၀ယ်ဖို့ ငွေမရှိဖြစ်နေပါ တယ်’’ဟု မြောက်ဦးမြို့နယ် လက္ကာကျေးရွာမှ တောင်သူတစ် ဦးက ပြောသည်။

မြောက်ဦးမြို့နယ်တွင် မိုးစပါးစိုက်ဧက တစ်သိန်းသုံး သောင်းကျော်ရှိသည့်အနက် ဧကနှစ်သောင်းကျော်အတွက် စိုက် ပျိုးစရိတ်ချေးငွေ ကျပ်သိန်းနှစ်သောင်းကျော်ကို တောင်သူများအား ထုတ်ချေးထားကြောင်း၊ ချေးငွေများထုတ်ချေး ပြီးနောက် ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးသွားသည့် လယ်မြေများစာရင်း သက်ဆိုင်ရာသို့ တင်ပြထားကြောင်း မြို့နယ်လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘လောလောဆယ်တော့ တောင်သူတွေလည်း စိတ်ဓာတ် ကျကြပါတယ်။ အစိုးရက ထောက်ပံ့ပေးမယ်လို့ ပြောထား တဲ့ မျိုးစပါးကို မျှော်နေသလို တစ် ဖက်မှာလည်း ဒေသတွင်းတောင် သူတွေမှာရှိတဲ့ မျိုးစပါးတွေ လိုက်ရှာနေကြပါတယ်။ ဒီနှစ်စပါးစိုက်ဖို့အတွက် အချိန်သိပ်မရှိတော့ပါဘူး။ ဒီသြဂုတ်လအတွင်း စိုက်မှအဆင်ပြေနိုင်ပါတော့မယ်။ ကျွန်တော်တို့လည်း တတ်နိုင်သလောက် အကူအညီတွေ ပေးနေပါတယ်’’ဟု မြောက်ဦးခရိုင်စိုက်ပျိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြောက်ဦးမြို့နယ်တွင် ရေ ကြီးနစ်မြုပ်မှုကြောင့် ဇူလိုင် ၂၅ ရက်မှ ၃၁ ရက်အတွင်း လယ်မြေ ဧက ခုနစ်သောင်းကျော် ပျက်စီး ဆုံးရှုံးခဲ့ကြောင်း အစိုးရက ထုတ် ပြန်ထားသည်။

7Day Daily 

No comments:

Post a Comment