Wednesday 12 August 2015

စစ်ရှောင်ဒုက္ခသည်စခန်းများအားထောက်ပံ့ရန် အကြောင်းပြ၍ ရွှေတူးဖော်လုပ်ကိုင်သူများနှင့် သစ်လုပ်ငန်းရှင် များထံမှ KIA အဖွဲ့ ရိက္ခာဆန်များ ကောက်ခံ

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ ဟိုင်းကိုင်ကျေးရွာရှိ ရွှေတူးဖော်လုပ်ကိုင်နေသူများနှင့် သဖန်းပင်ကျေးရွာရှိ သစ် လုပ်ငန်းရှင်များထံမှ စစ်ရှောင်ဒုက္ခသည်စခန်းများအား ထောက်ပံ့ရန်အကြောင်းပြ၍ KIA အဖွဲ့မှ သြဂုတ်လ ၈ ရက်နေ့ တွင် ရိက္ခာဆန်များ ကောက်ခံသွားခဲ့ကြောင်း ယင်းဒေသခံ ရွာသားများထံမှ သိရှိရပါသည်။ 

မိုးမောက်မြို့နယ်၊ ဟိုင်းကိုင်ကျေးရွာသို့ သြဂုတ်လ ၈ ရက်နေ့တွင် KIA အဖွဲ့ တစ်ဖွဲ့ရောက်ရှိလာပြီး ရွှေတူးဖော် လုပ်ကိုင်နေသူများထံမှ စစ်ရှောင်ဒုက္ခသည်စခန်းများအား ထောက်ပံ့ရန်အကြောင်းပြ၍ ရိက္ခာဆန်များ ကောက်ခံသွားခဲ့ပြီး ဆက်လက်၍ သဖန်းပင်ကျေးရွာသို့ရောက်ရှိကာ သစ်လုပ်ငန်းရှင်များထံမှလည်း ရိက္ခာ ဆန်များ ကောက်ခံသွားခဲ့ကြောင်း သိရှိရပါသည်။

‘‘ KIA အဖွဲ့တွေက စစ်ရှောင်ဒုက္ခသည်တွေထောက်ပံ့မယ်လို့ အကြောင်းပြပြီး တစ်အိမ်ထောင်ကို ဆန် ၅ ပြည် ပေးရမယ်၊ မပေးနိုင်ရင် လူကိုဖမ်းမယ်၊ သူတို့စခန်းမှာ လူသစ်အဖြစ်နေရမယ်ဆိုတော့ ရွာသားတွေလည်း ဖြစ်အောင် ကြံဖန်ပေး ရတာပေါ့၊ သူတို့က ဒီလိုပဲ အကြောင်းအမျိုးမျိုးပြပြီး တို့ဒေသခံတွေကို ဒုက္ခပေးနေတာ၊ ပြောတော့ ကချင်ပြည်နယ် တိုးတက်ရေး၊ လွတ်လပ်ရေးဆိုပြီး သူတို့ အခုလုပ်နေတာ သူတို့ကောင်းစားပြီး လွတ်လွတ်လပ်လပ် ထင်ရာစိုင်းနိုင်အောင် လုပ်သလိုဖြစ်နေတယ်၊ နောက်ဆုံးတော့ ကချင်လူထုပဲ ဒုက္ခတွေ ခါးစည်းခံရတာပေါ့” ဟု ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးက ပြောပြခဲ့ပါသည်။ 

KIA အဖွဲ့၏ ယခုကဲ့သို့ အကြောင်းအမျိုးမျိုးပြကာ ရိက္ခာဆန်နှင့် ဆက်ကြေးငွေများ တောင်းခံနေခြင်းကြောင့် ဒေသခံ ပြည်သူများမှာ စားဝတ်နေရေးအတွက် လုပ်ကိုင်စားသောက်ရန် အခက်အခဲများနှင့် ကြုံတွေ့ နေကြရပြီး အချို့ရွာသားများ မှာလည်း မိုးမောက်မြို့ပေါ်သို့ ပြောင်းရွှေ့သွားကြကြောင်း ၎င်းမှ ဆက်လက် ပြောပြခဲ့ပါသည်။ 

နော်ဂျာ(ဖားကန့်)
Kachin Daily News 

No comments:

Post a Comment