Wednesday 12 August 2015

ဒုက္ခ ရွှံ့နွံဝေ

အပြာရောင်တောင်တန်းများ ပတ်လည်ဝန်းရံထားသည့် ကလေးမြို့တွင် ဇူလိုင်လကုန်၌ ရွာသွန်းခဲ့သော မုတ်သုံမိုးကြောင့် နှစ်ပေါင်းတစ်ရာအတွင်း မြို့ထက်ဝက်ကျော်ကို ရေလွှမ်းသည့်အဆိုးရွားဆုံးအဖြစ်စံချိန်တင်ခဲ့သော သဘာဝဘေး ကြုံတွေ့ခဲ့ရသည်။
ယခုရေကြီးမှုတွင် ကလေးမြို့ဒေသခံများအတွက် ကြိုတင် ပြင်ဆင်ချိန်မရခဲ့သောကြောင့် ဆုံးရှုံးမှုပိုမိုများပြားခဲ့သည်။ ရေလွှမ်းခဲ့ခြင်းကြောင့် ကလေးမြို့နယ်အတွင်း ရပ်ကွက်ကိုးခုနှင့် ကျေးရွာပေါင်း ၆၂ ရွာ ရေနစ်မြုပ်ခဲ့သည်ဟု ဒေသ အာဏာပိုင်များက ထုတ်ပြန်ထားသည်။
‘‘အဒေါ့်တစ်သက်မှာ ဒီလိုမျိုး ပထမဦးဆုံးအကြိမ်ကြုံဖူးတာပါ။ တစ်ခါမှ ဒီလိုဖြစ်မယ်လို့ မထင်ထားဘူး။ ဘာမှလည်း ကြိုတင်ပြင်ဆင်မလုပ်နိုင်ခဲ့ဘူး’’ဟု ပျဉ်းတောဦးဒုက္ခသည်စခန်းမှ အသက်(၇၆)နှစ်အရွယ် အဘွား ဒေါ်မြိုင်က ခေါက်ဆွဲချဉ်စပ်အရည်စမ်းထားသည့် ထမင်းကို စားရင်း ဘေးဆိုးနှင့် ရင်ဆိုင်ခဲ့ရပုံကို ပြောသည်။
ရေဘေးကြောင့် ကလေးမြို့နယ်အတွင်း လယ်မြေဧက ရှစ်သောင်းသုံးထောင်ကျော် ရှိသည့်အနက် လယ်မြေဧကလေးသောင်းခွဲကျော် ရေနစ်မြုပ်ခဲ့သည်။ လူဦးရေလေးသောင်းခန့် ရေဘေးဒုက္ခသည်ဖြစ်ခဲ့ပြီး အိမ်ခြေသုံးရာကျော် ရေမျောခဲ့ရသည်။
လေးရက်ကြာ ရေလွှမ်းပြီးနောက် ရေတဖြည်းဖြည်းပြန်လည်ကျဆင်းလာချိန်တွင် တင်ကျန်ရစ်ခဲ့သော ရွှံ့နွံများက ဒေသခံများ ဆက်လက်နေထိုင်ရေး အခက်အခဲတစ်ခုဖြစ်နေသည်။ လက်ရှိအချိန်တွင် အချို့လယ်မြေများ ရေပြန်လည်ကျပြီဖြစ်သော်လည်း ရွှံ့နွံဖုံးလွှမ်းနေမှုများကြောင့် ပြန်လည် စိုက်ပျိုးရန် အချိန်တိုအတွင်း မဖြစ်နိုင်တော့ပေ။အဆိုပါ ရွှံ့နွံလွှမ်းထားသည့် လယ်မြေဧကပမာဏမှာ ကလေးမြို့နယ်၏ စုစုပေါင်းစိုက်ပျိုးမြေ ထက်ဝက်ကျော် ရှိနေသည်။
‘‘လယ်တွေမှာ နွံက ရင်ခေါင်းထိရောက်နေတယ်။ ဘယ်ဟာက ဘယ်သူ့လယ်မှန်းမသိတော့ လယ်အကွက်ပြန်ဖော်လို့လည်း မရတော့ဘူး။ နွံပြင်ကျယ်ကြီးဖြစ်နေပြီ။ သီးနှံက စိုက်လို့မရ တော့ဘူး’’ဟု ဥယျာဉ်ရွာသားတစ် ဦးက ပြောသည်။
ကလေးမြို့လယ်သမားများ အတွက် လယ်ယာမြေများပြန်ရ ရန် အခက်ခဲဆုံးဖြစ်သည်။ လက် ရှိအနေအထားတွင် လယ်ယာမြေ ပြန်ဖော်ရေးထက် အမိုးအကာ အောက်၌ လုံခြုံစွာနေနိုင်ရေး သည် အဓိကဖြစ်ပြီး ကလေးမြို့ တွင် အစိုးရ၏ကယ်ဆယ်ရေးလုပ် နိုင်သည့်အင်အားသည် ဒုက္ခသည် အရေအတွက်နှင့် နှိုင်းယှဉ်လျှင် အလွန်နည်းပါးနေကြောင်း ကလေးမြို့အခြေစိုက် ချင်းတောင် သဘာဝ သယံဇာတစောင့်ကြည့် ရေးအဖွဲ့မှ ကိုထွမ်ပီးက ပြော သည်။
‘‘လယ်ပြန်ရဖို့ဆိုတာ အရမ်း အချိန်ယူရမယ့် ကိစ္စပါ။ တချို့ လယ်တွေမှာ ရေစီးနဲ့မျောလာတဲ့ သစ်သားတုံးတွေ စုပုံနေတာ အများကြီးပဲ။ နွံတွေရောပဲ ဒါတွေ ရှင်းဖို့က ရေရှည်ဖြစ်သွားမယ်’’ဟု ၎င်းက ဆက်လက်ပြောသည်။
လက်ရှိ ကလေးမြို့နယ်အ တွက် အစိုးရအစီအစဉ်ဖြင့် ထွန်စက်ရှေ့တန်းစခန်းဖွင့်လှစ်ပြီး လယ်ထွန်စက်အစီးတစ်ရာဖြင့် လယ်ယာမြေများ ပြန်လည်ဖော်ပေးမည်ဟုဒေသဆိုင်ရာအာဏာပိုင်များက ဆိုသည်။
နွံများ ဖုံးလွှမ်းထားသည့် လယ်ယာမြေများကို အဆင့်မြင့်စု ပေါင်းလယ်ယာပုံစံအကောင်အထည်ဖော်ရန် စီစဉ်ထားကြောင်း ကလေးမြို့နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးခင် မောင်သန်းက ပြောသည်။
အစိုးရက လယ်ယာမြေပျက် စီးသွားသည့် ရွာများအတွက် တစ်နှစ်စာ ထောက်ပံ့မည် ဖြစ်ကြောင်း အဆိုပါ လွှတ်တော်ကိုယ်စားလှယ် က ပြောသည်။ နေထိုင်ရန်မသင့် သည့် ကျေးရွာများကို ရာဇဂြိုဟ် အကျဉ်းထောင်အနီးတွင် နေရာချ ထားရန် အစိုးရနှင့် ဆွေးနွေးပြီး ဖြစ်ကြောင်း ဦးခင်မောင်သန်းက ဆက်လက်ပြောကြားသည်။
နေအိမ်များတွင် ရွှံ့နွံများ တင်ကျန်နေသော အချို့နေရာ များမှာ လူနေထိုင်ရန် သင့်လျော် ခြင်းမရှိ၍ ကျေးရွာ ၁၀ ရွာခန့်ကို ပြောင်းရွှေ့ရန် စီစဉ်နေကြောင်း အဆိုပါတိုင်းဒေသကြီးအမတ်က ပြောသည်။
သို့သော် အချို့ကျေးရွာများ သည် ပြန်လည်ထူထောင်ရေးအ ဆင့်သို့ပင် မရောက်သေးဘဲ ဒုက္ခသည်စခန်းများတွင် တစ်နေ့တစ် နေ့ စားသောက်နေထိုင်ရေးအတွက်ပင် ရုန်းကန်နေဆဲဖြစ်သည်။

‘‘ရေတက်တာ အရမ်းမြန် တော့ မီရာဆွဲပြေးလာရတယ်။ ဒီ ရောက်တော့လည်း နေဖို့စားဖို့ရှာ ရတယ်။ ရွာကလည်း အမှိုက်တွေ၊ နွံတွေ ဖုံးနေတယ်။ ပြန်နေလို့လည်းမရဘူး။ တကယ်လို့ ပြန်နေလို့ရရင်လည်း စားဖို့က ဘာမှမရှိ ဘူး’’ဟု အောင်မြင်သာရွာမှ ဟံသာရွာရှိ ရေဘေးဒုက္ခသည်စခန်း သို့ လာရောက်ခိုလှုံနေသူ အမျိုးသမီးက ပြောသည်။

‘‘ကလေးမြို့က ဒုက္ခသည်တွေဆီကို ရိက္ခာပို့ဖို့က လမ်းပန်းဆက်သွယ်ရေးက အဓိကအခက် အခဲပဲ။ ရေတက်နေတုန်းကလည်း တံတားပျက်နေလို့။ အခုရေပြန်ကျ တော့လည်း ရွှံ့တွေက ဘယ်လိုမှ သွားလို့မရဘူး။ ကားတွေ၊ လှေတွေနဲ့ အဆင့်ဆင့် သယ်နေရ တယ်’’ဟု ရေဘေးဒုက္ခသည်များအား ရိက္ခာပေးပို့နေသည့် 7Day News ဓာတ်ပုံသတင်းထောက်က ပြောသည်။
ထို့အပြင် အချို့ဒုက္ခသည် များသည်လည်း ရေပြန်လည်ကျ ဆင်း၍ ဒုက္ခသည်စခန်းများမှ မူလ နေထိုင်ရာသို့ ပြန်လည်နေထိုင်ရန် ထွက်ခွာခဲ့ရာ ရွာအတွင်း ရွှံ့နွံများ ကြောင့် နေမရ၍ ကားလမ်းဘေးတွင် အမိုးအကာမရှိဘဲ နေထိုင်နေ ကြသည်ကိုလည်း တွေ့ရသည်။ အဆိုပါနွံများသည် အချို့ကျေးရွာ များတွင် လူတစ်ဦး ရင်ခေါင်းအထိ နစ်မြုပ်နိုင်သည့်အနေအထားတွင် ရှိနေသည်။
အစိုးရဘက်က ကယ်ဆယ်အဆင့်ပြီး၍ ပြန်လည်ထူထောင် ရေးလုပ်ငန်းများ စတင်လုပ် ဆောင်နေပြီဖြစ်ကြောင်း ကလေး ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်ထူး က ဆိုသည်။
သို့သော်ကလေးမြို့နှင့် အ လှမ်းဝေးသည့် ရွာများတွင် လာ ရောက်ခိုလှုံသည့် ဒုက္ခသည်များ အား ကျေးရွာသားများက ကျွေး မွေးထားသည်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေသောကြောင့် ကျေးရွာများတွင် ရိက္ခာရှားပါးနေ သည်။ နိုင်ငံပိုင် ရုပ်သံများတွင် အစိုးရနှင့် လုပ်ငန်းရှင်ကြီးများ လှူဒါန်းနေမှု ဟည်းထနေသော်လည်း စင်စစ်တွင်မူအစိုးရနှင့် လူမှုရေးအဖွဲ့အစည်းများ၏ ကူညီထောက်ပံ့မှုများ မရောက်သလောက်ဖြစ်နေသည်ကို တွေ့ရသည်။

ကလေးမြို့နယ်ရှိ လူဦးရေသုံးသိန်းကျော်အနက် အဓိကမှာ လယ်ယာလုပ်ငန်းနှင့် စိုက်ပျိုးရေး ကို အဓိက လုပ်ကိုင်နေခြင်းဖြစ် သည်။ ရေကြီး၍ လယ်ယာစိုက်ပျိုးလုပ်ငန်းပျက်စီးခြင်းကြောင့် က လေးမြို့နယ်တွင်း အလုပ်လက် မဲ့အရေအတွက် တိုးလာနိုင်ပြီး လူ မှု၊ နေထိုင်မှု ပုံစံပြောင်းလာနိုင် သည်ဟု ကလေးမြို့တွင် ရေဘေး ကယ်ဆယ်ရေးလုပ်ကိုင်နေသူ တစ်ဦး ကပြောသည်။

အစိုးရအနေဖြင့် ပြန်လည်ထူထောင်ရေးအပိုင်းကို ရေရှည်အစီ အမံများ စနစ်တကျရေးဆွဲကာ ဂရုတစိုက်လုပ်ဆောင်မည် ဖြစ်သည်။ လက်ရှိကလေးမြို့ အနေအထားအရ ဆန်စက်၊ ဂိုဒေါင်လုပ်ငန်း ရှင်များအပါအ၀င် လုပ်ငန်းရှင် များပါ ရေဘေးကြုံတွေ့နေသော ကြောင့် ဒေသခံများအတွက် လယ်ယာမဲ့လုပ်သားများကို အလုပ်အ ကိုင်ဖန်းတီးပေးနိုင်မည်မဟုတ်ကြောင်း ကယ်ဆယ်ရေးလုပ်ကိုင်နေသူ တစ်ဦးက ပြောသည်။
‘‘လူတွေ အလုပ်လက်မဲ့ဖြစ် လာပြီး လူကုန်ကူးမှုတွေ ဖြစ်လာ နိုင်တယ်။ ဒါကို လူမှုရေးအဖွဲ့အစည်းတွေ၊ အစိုးရက သေချာ ကိုင်ဖို့ လိုတယ်’’ဟု ၎င်းက ဆက် လက်ပြောသည်။

ထို့အပြင် ကလေးမြို့သည် ချင်းပြည်နယ်အတွက် အဓိကရိက္ခာထောက်ပံ့သည့် မြို့ဖြစ်သည်။ထို့ကြောင့် ကလေးမြို့နှင့် ကလေးမြို့နယ်ရှိ ရေဘေးသင့် ကျေးရွာများ ပြန်လည်ထူထောင်နိုင်ရေးသည် စစ်ကိုင်းတိုင်းအတွက်ရော ချင်းပြည်နယ်အတွက်ပါ အရေးကြီးလှသည်။
ထွန်းထွန်းမင်း

No comments:

Post a Comment