Wednesday 12 August 2015

လေဖိအားနည်းရပ်ဝန်းကြောင့် မြစ်ဝကျွန်းပေါ်နှင့် ရခိုင်ကမ်းရိုးတန်း မိုးရွာသွန်းမှုနှင့် လေပြင်းအန္တရာယ်ရှိ

ဘင်္ဂလားပင်လယ် အော်တွင် သြဂုတ် ၁၁ ရက် ညနေမှစတင်၍ လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နေပြီး ယင်း၏ အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်နှင့် ရခိုင် ကမ်းရိုးတန်းဒေသများ၌ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းကျမည့် အန္တရာယ်ရှိနေသည်ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ဒုညွှန်ချုပ် ဦးကျော်မိုးဦး က ပြောကြားသည်။

လေဖိအားနည်းရပ်ဝန်းသည်ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင်ဖြစ်ပေါ်နေပြီး အိန္ဒိယကမ်းခြေနှင့်နီးသော် လည်းမြန်မာနိုင်ငံဒေသအချို့၌ မိုးနှင့် လေပြင်းအန္တရာယ်ရှိနေသည်ဟုဦးကျော်မိုးဦးက ရှင်းပြသည်။

‘‘လေဖိအားနည်းရပ်ဝန်းက ဖြစ်ပြီ။ အခုက ဧရာဝတီဘက်မှာ ရေကြီးတဲ့ကာလက မပြတ်သေး တော့ ဒီတစ်ကြိမ်မိုးကိုတော့ သတိထားရဦးမယ်။ ရခိုင်ကမ်းရိုးတန်း ဘက်လည်း လေပြင်းသတိထားဖို့ အရေးကြီးပါတယ်။ ဒီလေဖိအား နည်းရပ်ဝန်းကို အချိန်ပြည့်စောင့် ကြည့်နေပြီး ထူးခြားတာနဲ့ သတင်း ထုတ်ပြန်ပေးမှာပါ’’ဟု ၎င်းက ပြောကြားသည်။

ဧရာဝတီမြစ်ရေပြန်လည်ကျဆင်းနေသောကြောင့် ဧရာဝတီတိုင်းဒေသကြီးရှိ ဟင်္သာတ၊ ဇလွန်၊ ညောင်တုန်းမြို့တို့တွင် ရေလွှမ်း မိုးမှုအနည်းငယ်သက်သာသော် လည်း သာပေါင်း၊ ရေကြည်၊ ငါး သိုင်းချောင်း၊ အသုတ်နှင့် လေး မျက်နှာမြို့တို့ရှိ မြေနိမ့်ဒေသများ ၌ ရေလွှမ်းမိုးမှုစတင်ရင်ဆိုင်နေရသည်။ မြစ်ရေကျဆင်းသော် လည်း ယင်းဒေသများတွင် မိုးကောင်းနေသောကြောင့် ဒေသအခေါ် ကွင်းရေမြင့်တက်နေခြင်း ဖြစ်သည်။ ရေကြည်မြို့တွင် သြဂုတ် ၁၀ ရက်က စက်လှေတစ်စီး တိမ်းမှောက်၍ ကျောင်းသူ သုံးဦးသေဆုံးခဲ့ပြီး မြို့နယ်အတွင်း အစိုးရစာသင်ကျောင်းများအားလုံး ရက်အကန့်အသတ်မရှိ ပိတ်ထားသည်။

သာပေါင်း၊ ငါးသိုင်းချောင်း၊လေးမျက်နှာအပါအ၀င် ဧရာဝတီ တိုင်းဒေသကြီးရှိ မြို့နယ်ပေါင်း ၁၂ မြို့နယ် ရေလွှမ်းမိုးနေဆဲဖြစ်သည်ဟု တိုင်းဒေသကြီးကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ သတင်းရရှိသည်။ မြို့နယ်ပေါင်း ၁၂ မြို့နယ်တွင် ကယ်ဆယ်ရေးစခန်း ၂၈၀ ဖွင့်ထားရပြီး ရေဘေးသင့်သူ စုစုပေါင်း ၅၃,၀၀၀ ကျော်ခိုလှုံနေရဆဲ ဖြစ်သည်ဟု ဧရာဝတီတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ညွှန်မှူး ဦးသန်းစိုးက ပြောကြားသည်။

မိုးဇလဌာနက ရခိုင်ကမ်းရိုး တန်းဒေသကို လေပြင်းအန္တရာယ် သတိပေးထားကာ မြစ်ဝကျွန်းပေါ်ဒေသနှင့် မြစ်ကမ်းဘေးနေသူများ မြေပြိုမှုအန္တရာယ်သတိထားရန်လိုကြောင်း သတင်းထုတ်ပြန်ထားသည်။

No comments:

Post a Comment