Wednesday 12 August 2015

နိုင်ငံရေးပြဿနာများကို ဖြောင့်မတ်စွာဖြေရှင်းလိုသည့် စိတ်ဓာတ် အစိုးရတွင် မရှိကြောင်း ကေအိုင်အိုဥက္ကဋ္ဌပြော

အစိုးရသည် ယခု အချိန်အထိ နိုင်ငံရေးပြဿနာများကို ဖြောင့်မတ်စွာ ဖြေရှင်းလိုသည့် စိတ်ဓာတ်မတွေ့ရှိရသေးကြောင်းနှင့် အင်အားတောင့်တင်းသည့် စစ်တပ်ကို အသုံးချ၍ တိုင်းရင်းသားလက်နက်ကိုင်များအား အမြစ်ပြတ် တိုက်ခိုက်ချေမှုန်းလိုသည့် နည်းလမ်းကို လက်ကိုင်ထားဆဲဖြစ်ကြောင်း သြဂုတ် ၁၀ ရက်တွင် ကျရောက်သည့် ကချင်အာဇာနည်နေ့၌ ကေအိုင်အိုဥက္ကဋ္ဌ ဦးလ ဇောင်ဟရားက ပြောကြားသည်။

ထို့ပြင် တိုင်းရင်းသားလက် နက်ကိုင် တစ်ဖွဲ့နှင့်တစ်ဖွဲ့သည် နယ်မြေများတွင် အချင်းချင်းဆက်သွယ်၍ စစ်မြေပြင်၌အတူ စခန်းချကာ စစ်ပွဲများကို စုပေါင်းတပ်ဖွဲ့ပုံစံဖြင့် လှုပ်ရှားနေခြင်း ဖြစ်သည်။ထို့ကြောင့် တစ်နိုင်ငံလုံးအ ပစ်အခတ်ရပ်စဲရေး လက်မှတ်ရေး ထိုးရာတွင် အချို့အဖွဲ့ကို ရေးထိုးစေ၍ အချို့အဖွဲ့ကို မရေးထိုးရဆိုခြင်းသည် အစိုးရက အပစ်အခတ်ရပ်စဲရေးကို မလိုလားသည့် အဓိပ္ပာယ် သက်ရောက်နေကြောင်း ၎င်းက ဆက်လက်ပြောကြား သည်။

ယင်းမူအရ လုပ်ဆောင်ထားသည့် အပစ်အခတ်ရပ်စဲရေးသည် တည်မြဲမည်မဟုတ်ဘဲ တည်မြဲမှုမရှိသည့် အပစ်အခတ်ရပ်စဲရေးပြုလုပ်ထားခြင်းမှာ နိုင်ငံရေးကို ဖြေရှင်းရန် အာမခံချက်လုံးဝမရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

‘‘တိုင်းရင်းသား လက်နက် ကိုင်တွေ လိုလားနေတာက အာမ ခံမှုရှိတဲ့ နိုင်ငံရေးပြဿနာဖြေရှင်း နိုင်ဖို့ပါ’’ဟု ကေအိုင်အိုဥက္ကဋ္ဌက ပြောကြားသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးသဘောတူစာချုပ်မူကြမ်းတွင် အချက်တစ်ချက်မှလွဲ၍ ကျန် သည့်အချက်များ သဘောတူနိုင်ခဲ့ပြီး စာချုပ်မူကြမ်းပါ သဘော တူညီချက်များနှင့် ပတ်သက်၍ မကြာမီ နေပြည်တော်တွင် တိုင်းရင်းသားထိပ်သီး ခေါင်းဆောင်အချို့နှင့် သမ္မတတို့ တွေ့ဆုံပွဲပြုလုပ်ရန် စီစဉ်ထားပြီး ဖြစ်သည်။

လက်ရှိတွင် ရက္ခိုင့်တပ်မ တော်၊ ကိုးကန့်တပ်ဖွဲ့နှင့် တ အာင်န်းပလောင်အဖွဲ့တို့မှာ တစ် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ် စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT) နှင့် အစိုးရဦးဆောင်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့ တွေ့ဆုံ စည်းဝေးပွဲများ၌ ပါဝင်ဆွေးနွေးရန် အစိုးရက လက်မခံထားပေ။

သြဂုတ် ၁၀ ရက်ကို ကချင်လူမျိုးအတွက် ကေအိုင်အေတွင် အမှုထမ်းဆောင်ရင်း ကျဆုံးသွား သည့် ကေအိုင်အေစစ်သားများ အား ဂုဏ်ပြုသောအားဖြင့် နှစ်စဉ် ကချင်အာဇာနည်နေ့အဖြစ် ကျင်း ပခဲ့ရာ ယခုနှစ် ကချင်အာဇာနည် နေ့ကို ကေအိုင်အေထိန်းချုပ်နယ် မြေရှိ နေရာအများအပြား၌ ကျင်း ပခဲ့သည်။

7Day News Journal

No comments:

Post a Comment