Tuesday 2 June 2015

“အမှိုက်သိမ်းတဲ့ ကိစ္စ၊ လူထု ဆန္ဒခံယူပွဲ လုပ်ဖို့ လိုသလား”

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဟာ အမှိုက်သိမ်းတဲ့ လုပ်ငန်း ပုဂ္ဂလိကကို လုပ်ကိုင်ခွင့်ပေးဖို့ ပြင်ဆင်နေပါတယ်။ လုပ်ငန်း လုပ်မယ့် ပုဂ္ဂလိက ကုမ္ပဏီ နှစ်ခုကိုတောင် ရွေးချယ်လို့ ပြီးသွားပါပြီ။ ဒါပေမယ့် ပုဂ္ဂလိကပိုင်းက လုပ်ငန်းတော့ မစတင်သေးပါဘူး။ အကြောင်းကတော့ ပုဂ္ဂလိက ကုမ္ပဏီတွေကသာ အမှိုက်သိမ်း လုပ်ငန်း လုပ်ရင် ပြည်သူတွေဆီကနေ ၀န်ဆောင်ခ အဖြစ် လက်ရှိ စည်ပင်က ယူနေတဲ့ နှုန်းထားရဲ့ ၃၀၀ ရာခိုင်နှုန်းကနေ ၄၀၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ယူမယ့်ကိစ္စ ပြည်သူတွေ သဘောတူ မတူ သိချင်သေးလို့ ဖြစ်ပါတယ်။ အခုလို အမှိုက်သိမ်းခ လက်ရှိ နှုန်းထားကနေ ၃-၄ ဆ လောက် ကောက်မယ်၊ ဒါကို ပြည်သူတွေ သဘော တူမတူ စစ်တမ်းကောက် မေးမြန်းမယ်၊ ပြည်သူတွေ သဘောတူမှသာ အကောင်အထည် ဖော်မယ်လို့ ဆိုပါတယ်။ လက်ရှိ စည်ပင်က ဆောင်ရွက်နေတဲ့ အမှိုက်သိမ်းလုပ်ငန်း ပုဂ္ဂလိကကို လွှဲပြောင်းရေး လုပ်ငန်းစဉ် မှန်ကန်မှု ရှိပါရဲ့လား၊ ပြည်သူတွေရဲ့ ဆန္ဒသဘောထား ကောက်ခံမယ် ဆိုတာကလည်း တကယ်ပဲလား၊ အဲဒီ ကိစ္စ ဘာပြဿနာတွေ ရှိနိုင်သလဲ ဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။

ပထမ လေ့လာဖို့ လိုတာက လက်ရှိစည်ပင်ကနေ အမှိုက်တွေကို ဘယ်လို သိမ်းဆည်းနေပြီး ပုဂ္ဂလိကတွေကို လွှဲတဲ့အခါ သူတို့က ဘယ်လို ဆက် ဆောင်ရွက်သွားမလဲ ဆိုတဲ့ ကိစ္စပါ။ လက်ရှိ ရန်ကုန်စည်ပင်က ဆောင်ရွက်နေတဲ့ အမှိုက်သိမ်း စနစ်ဟာ စနစ်တကျ မရှိရုံမက မြို့တော်သန့်ရှင်းရေး၊ အလုပ်သမားတွေ ကျန်းမာသန့်ရှင်းရေး၊ ပြည်သူတွေ ကျန်းမာသန့်ရှင်းရေး ရှုထောင့်က ကြည့်ရင်လည်း အလွန်ဆိုးပါတယ်။ ဒီကိစ္စ ရှင်းပါမယ်။ မြို့တော် စည်ပင်ဟာ အမှိုက်သိမ်းလုပ်ငန်းကြီး တစ်ခုလုံးအတွက် စနစ်ကျတဲ့ စနစ် တစ်ခု မတည်ဆောက်ထားပါဘူး။ ဥပမာ လမ်းဘေး လိုအပ်တဲ့ နေရာ သင့်တော်ရာနေရာ၊ ပြည်သူတွေ အမှိုက်ပစ်လို့ လွယ်ကူတဲ့ နေရာတွေမှာ ပုံစံ တစ်ခုတည်းရှိတဲ့ အမှိုက်ပုံးတွေ ချထား၊ အဲဒီ အမှိုက်ပုံးတွေကို ချိတ်ဆက်သွန်ထည့်နိုင်တဲ့ အမှိုက်ကားတွေနဲ့ အမှိုက်လိုက်သိမ်း၊ အဲဒီ အမှိုက်ကားငယ်တွေကနေ အမှိုက်ကန်ကြီး သယ်နိုင်တဲ့ ကားကြီးထဲ ပြောင်းသွန်ထည့်ပြီး နောက်ဆုံးအဆင့် မြို့ပြင်စွန့်ပစ် ဆိုတာမျိုး မဟုတ်ပါဘူး။

လက်ရှိ လုပ်ကိုင်ဆောင်ရွက်နေပုံကတော့ မြို့တွင်းမှာ အမှိုက်ပုံးတွေ၊ အမှိုက်ကန်တွေ ထားပါတယ်။ အားလုံး စနစ်တစ်ခုတည်း မဟုတ်ပါဘူး။ ပုံစံလည်း မတူကြပါဘူး။ စည်ပင် တာဝန်ရှိသူတွေဟာ အခါအားလျော်စွာ မတူညီတဲ့ အမှိုက်ပုံးတွေ ဝယ်ယူ အသုံးပြုပါတယ်။ အဲဒီ အမှိုက်ပုံးတွေနဲ့ အမှိုက်သယ်တဲ့ကား ချိတ်ဆက်လို့လည်း မရပါဘူး။ ကားကလည်း အမျိုးမျိုးပါ။ နောက် လမ်းတစ်လျှောက် အမှိုက်သိမ်းတဲ့ သန့်ရှင်းရေး ဝန်ထမ်းတွေထားပြီး အရုပ်ဆိုးလှတဲ့ မလုံမခြုံ ခနော်နီ ခနော်နဲ့ လှည်းကလေးတွေနဲ့ အမှိုက်သိမ်းခိုင်းပါတယ်။ အဲဒီ သန့်ရှင်းရေး ဝန်ထမ်းတွေဟာ အမှိုက်လှည်းတာ သိမ်းတာ တစ်ခုတည်း လုပ်ရတာ မဟုတ်ပါဘူး။ ဝမ်းစာရေးအတွက် အမှိုက်လှည်းရင်း ပြန်ပြီး ရောင်းစားလို့ရတဲ့ စက္ကူ၊ ကတ္တူဘူးခွံ၊ ရေသန့်ဘူးခွံ၊ ပုလင်းခွံ၊ ပလတ်စတစ်နဲ့ တခြား ပစ္စည်းတွေကို ရွေးထုတ်တာ လုပ်ရပါတယ်။ အလားတူ သူ့လမ်းကြောင်းဧရိယာထဲ ပါတဲ့ အမှိုက်ပုံးထဲက အမှိုက်တွေကို သိမ်းရင်းလည်း ငွေဖြစ်မယ့် စွန့်ပစ် ပစ္စည်းတွေကို ရှာရပါတယ်။

နောက်တစ်ဆင့်ကတော့ အမှိုက်လှည်းတွေကနေ ကားပေါ်တင်မယ့် အမှိုက်ကန်ထဲ ရွှေ့ပြောင်းမယ့် စုစည်း စုပုံနေရာတွေပါ။ ရန်ကုန်မြို့တွင်း မြို့လယ်နဲ့ တခြား ဧရိယာတွေမှာ အဲလို နေရာအများအပြား ရှိပါတယ်။ အမှိုက်သိမ်း ဝန်ထမ်းတွေဟာ အမှိုက်တွေကို နောက်ဆုံး စွန့်ပစ်နေရာကို ကားနဲ့ သယ်မသွားခင် အဲဒီနေရာမှာပဲ အမှိုက်တွေကို လမ်းပေါ် ပုံချ၊ ပြန်ရောင်းလို့ရတာ ရွေးကြစုကြ လုပ်ကြရပါတယ်။

ပြောရရင် တခြား နိုင်ငံတွေလို အမှိုက်တွေအားလုံးကို အဆင့်ဆင့်သိမ်း၊ နောက်ဆုံး စွန့်ပစ်နေရာ ရောက်မှ အမှိုက်ထဲကနေ ပြန်ရောင်းလို့ရတာကို ရွေးကြ၊ ယူကြတာမျိုး မဟုတ်ဘဲ အမှိုက်လှည်းစဉ်၊ အမှိုက်ပုံးထဲနဲ့ အမှိုက် စုစည်းစုပုံတဲ့ နေရာတွေ သတ်မှတ်ပြီး ရွေးယူကြတော့ ရန်ကုန်တစ်မြို့လုံး အမှိုက်ပုံကြီးသဖွယ်ဖြစ်ပြီး မြို့တော်လည်း ညစ်ညမ်းသွားစေပါတယ်။ ပိုဆိုးတာက အဲဒီ အမှိုက်စုပုံချပြီး အမှိုက်ရွေးတဲ့ စုရပ်နေရာတွေကို ပုံမှန် ရေနဲ့ ဆေးကြော သန့်ရှင်းရေး မလုပ်တာပါ။ ဒါကြောင့် တစ်မြို့လုံး အနံ့အသက်ကလည်း မကောင်းဘူးဆိုတာ မြို့တော်သူ မြို့တော်သား အားလုံး ဘယ်သူ့မေးမေး သိပါတယ်။ ကောင်းတာ တစ်ခုကတော့ နောက်ဆုံး အမှိုက်စုပုံရာ နေရာမှာ အမှိုက်ထဲက ဘာမှ ရွေးစရာ မကျန်တော့လို့ အဲဒီနေရာမှာ သူများ နိုင်ငံတွေလို အခြေအနေမဲ့တွေ၊ ဆင်းရဲသားတွေ အမှိုက်ရွေးတာ၊ ကောက်တာ စတာတွေ မတွေ့ရတာ တစ်ခုပါပဲ။

အခု ဒီလုပ်ငန်း ပုဂ္ဂလိက ကို ပေးလုပ်မယ် ဆိုတော့ အဲဒီ ပုဂ္ဂလိကတွေက ဘယ်လို အလုပ်လုပ်ကြမလဲ မေးစရာ ရှိလာပါတယ်။ နိုင်ငံတကာကလို လုပ်မလား၊ လက်ရှိ စည်ပင်က လုပ်တဲ့အတိုင်း မှေးလုပ်ပြီး ငွေကိုပဲ ၃-၄ ဆ ကောက်မလား ဆိုတာပါ။ လက်ရှိ ပြောပုံဆိုပုံအရ ပုဂ္ဂလိက လုပ်ငန်းရှင်တွေဟာ စည်ပင်က ယာဉ်ယန္တရားတွေကို လက်လွှဲပြန်ဝယ်ယူမယ်၊ လူတွေကိုလည်း လစာ တိုးမြှင့်ပေးပြီး ပြန်သုံးမယ်လို့ ဆိုထားတဲ့အတွက် မြို့တော်ကို ညစ်ညမ်းစေတဲ့ စနစ်ဟောင်းအတိုင်းပဲ လုပ်ကိုင်မယ် ဆိုတဲ့ အဓိပ္ပာယ် ထွက်ပါတယ်။ အဲဒါကိုမှ ငွေ သုံးလေးဆလောက် ပိုကောက်မယ်၊ ဒါကို ပြည်သူ့သဘောထား မေးမယ် ဆိုတာကတော့ သိပ်ပြီးထူးဆန်းနေပါတယ်။ ခုအတိုင်း လုပ်မယ်၊ ခုအတိုင်း အမှိုက်သိမ်းမယ်၊ ခုအတိုင်း ညစ်ညမ်းနေမယ်၊ ပြည်သူတွေကတော့ ငွေ သုံးလေးဆ ပိုပေးဆိုတာ ဘယ်အသိဉာဏ်ရှိတဲ့ ပြည်သူတွေကမှ သဘောကျမှာ မဟုတ်ပါဘူး။ ဒါဆိုရင် ဘာကြောင့် ပြည်သူ့ ဆန္ဒမေးမယ် ပြောရတာပါလဲ။

ရန်ကုန်စည်ပင်ဟာ အရင်တုန်းက အဲလို လုပ်ကြံဖန်တီးထားတဲ့ လူထု သဘောထား ဆိုတာကြီးမျိုး လုပ်ခဲ့ဖူးတဲ့ အတွေ့အကြုံရှိပြီး အခု အဲဒီအတိုင်း လုပ်ချင်ပုံရပါတယ်။ တကယ်လို့သာ ပြည်သူ့သဘောထား အစစ်အမှန် လိုချင်ရင် ပုဂ္ဂလိကတွေက အမှိုက်သိမ်း စနစ်ကို ဘယ်လို ပြောင်းလဲ လုပ်ကိုင်မလဲ နိုင်ငံပိုင် သတင်းစာ၊ ရုပ်သံ၊ ရေဒီယိုတွေကနေ တဆင့် ပွင့်ပွင့်လင်းလင်း ရှင်းရှင်းလင်းလင်း ပြောပြဖို့ လိုပါတယ်။ သတင်းစာ ရှင်းလင်းပွဲ လုပ်ဖို့ လိုပါတယ်။ တစ်ဆက်တည်း လူထု သဘောထား ဆန္ဒ ကောက်ခံမယ် ဆိုရင် စည်ပင်က ကိုယ့်ဖာသာကိုယ် မလုပ်ဘဲ ပရော်ဖက်ရှင်နယ် အဖွဲ့အစည်း တစ်ခုကို ကောက်ခံ ခိုင်းရပါမယ်။ ခုလို လုပ်လို့ မရပါဘူး။ အရေးအကြီးဆုံး အချက်ကတော့ ရေ၊ လျှပ်စစ် ရရှိရေး၊ ဘတ်စ်ကား စနစ်၊ အမှိုက်သိမ်း စနစ်လို အခြေခံ ပြည်သူ့ဝန်ဆောင်မှု ကိစ္စတွေမှာ ပြည်သူ တွေကို အကောင်းဆုံး ဝန်ဆောင်မှုပေးပြီး အစိုးရဘက်က အရှုံးခံပြီး လုပ်ပေးသင့် လုပ်ပေးရ မှာကို ရန်ကုန် စည်ပင်အဖွဲ့ မေ့လျော့ မထားသင့်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
Written by  စည်သူအောင်မြင့်
mizzima

No comments:

Post a Comment