Tuesday 2 June 2015

တောင်အာဖရိကတွင် ခြင်္သေ့အကိုက်ခံရပြီး အမေရိကန် အမျိုးသမီးတစ်ဦး သေဆုံး


 တောင်အာဖရိက နိုင်ငံရှိ ဆာဖာရီ ဥယျာဉ်တစ်ခုထဲတွင် အမေရိကန် ကမ္ဘာလှည့်ခရီးသည် အမျိုးသမီးတစ်ဦး ခြင်္သေ့ကိုက်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။
 အသက် ၂၂ နှစ်အရွယ်ရှိ အမျိုးသမီးသည် သဘာဝ ဥယျာဉ်အတွင်း မော်တော်ကားဖြင့် လှည့်ပတ်ကြည့်ရှုနေရင်း မှန်ချထားစဉ် ခြင်္သေ့က ခုန်ဝင်လာပြီး ကိုက်ခဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ဂျိုဟန်နာ့စ်ဘာ့ဂ်တွင် ဇွန် ၁ ရက်က ဖြစ်ပွားသည့် ဖြစ်ရပ်တွင် အခြားအမျိုးသား တစ်ဦးလည်း ဒဏ်ရာရခဲ့သည်။

“အမျိုးသမီးက အဖော်အမျိုးသားနဲ့အတူ ဥယျာဉ်ထဲမှာ ကားမောင်းပြီး လည်ပတ် ကြည့်ရှုနေတာပါ။ အဲဒီအချိန်မှာ ခြင်္သေ့က တိုက်ခိုက်ခဲ့တာဖြစ်ပြီး အမျိုးသမီး သေဆုံးသွားပါတယ်။ အမျိုးသားကတော့ ဆေးရုံမှာပါ”ဟု ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အရာရှိ လွန်ဂီလို လာမီနီက ပြောကြားခဲ့သည်။
ဆေးဝန်ထမ်းများက အမျိုးသမီးကို ရှေးဦးသူနာပြုနည်းဖြင့် ကုသပေးရန် ကြိုးစားသော်လည်း မအောင်မြင်ခဲ့ချေ။ အမေရိကန် သံရုံးကလည်း ပုဂ္ဂလိကပိုင် ဥယျာဉ်တစ်ခုအတွင်း ခြင်္သေ့တိုက်ခိုက်မှုကြောင့် အမေရိကန်နိုင်ငံသူ တစ်ဦး အသက်ဆုံးရှုံးကြောင်း အတည်ပြုခဲ့သည်။
Lion Park သဘာဝဥယျာဉ်၏ လုပ်ငန်းပိုင်းဆိုင်ရာ ညွှန်ကြားရေးမှူး စကော့ဆင်ဆန်က “အမျိုးသားကတော့ လက်မောင်းမှာ ဒဏ်ရာရထားပါတယ်။ သူက ကားထဲမှာ ခြင်္သေ့ကို အစွမ်းရှိသလောက် တွန်းလှန် ဖယ်ထုတ်ခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဥယျာဉ်ဝန်ထမ်းတွေက အခင်းဖြစ်တဲ့ နေရာကို အမြန်ဆုံး သွားရောက်ပြီး ခြင်္သေ့ကို မောင်းထုတ်ခဲ့ပါတယ်”ဟု ပြောကြားခဲ့သည်။
တောင်အာဖရိကရှိ အရှေ့လန်ဒန်မြို့တွင် ပြီးခဲ့သည့်လကလည်း ခြင်္သေ့တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားပြီး လူတစ်ဦး သေဆုံးခဲ့သည်။ အဆိုပါ ဖြစ်ရပ်တွင် သေဆုံးသူ အမျိုးသားက ခြင်္သေ့လှောင်အိမ်ထဲ ခုန်ဝင်ခဲ့ခြင်းဟု သိရသည်။

_Ref: Independent

No comments:

Post a Comment