Tuesday 2 June 2015

လူကိုပြင်မှာလား မူကိုပြင်မှာလား

ကျွန်တော် ကျန်းမာရေး ဝန်ထမ်းဘဝနဲ့ နှစ်ပေါင်း ၂၀ ကျော် နေခဲ့ဖူးပါတယ်။ ထိတွေ့မှု အများဆုံးကတော့ သူနာပြု၊ ဆရာဝန်တွေနဲ့ပါ။ တကယ့်ကို ကိုယ်ကျိုးစွန့် အနစ်နာခံပြီးလုပ်ကိုင်ပေးခဲ့ကြပေမယ့် မဝရေစာ၊ မလောက်မငလစာလေးတွေကြောင့် ဝါသနာပါရာ အလုပ်ကို ကျောခိုင်းခဲ့ကြရသူတွေအများကြီးပါပဲ။ နိုင်ငံတော်အများကြီးနစ်နာပါတယ်။ နစ်နာရကောင်း မှန်းလည်း မသိဘဲ ငကန်းသေငစွေပေါ်မဟဲ့ဆိုတဲ့ခံယူချက်နဲ့ လည်ပတ်နေပါတဲ့ ကျန်းမာရေး လောကကြီး ဆန့်ငင်ဆန့်ငင်နဲ့ ဆိုတာအခုလက်ရှိ ကျန်းမာရေး ဝန်ထမ်းတွေအသိဆုံးနေမှာပါ။

ကျွန်တော့်ယုံကြည်ချက်က တစ်မျိုးပါ။ ကိုယ်လုပ်နေတဲ့ အလုပ်ကို ဘယ်အလုပ်မျိုးမဆို ကိုယ့်ကိုယ်ပိုင်အလုပ်လိုသဘော ထားတတ်ပါတယ်။ ကိုလိုနီလက် ထက်ကတည်းက သုံးမရလို့ ချောင်ထိုးထားခဲ့တဲ့ လူနာခန်းထဲ ကရေနွေးအိုးကြီးတွေ၊ ပိုးသန့်စင် ကိရိယာတွေ၊ ရှေးသော့ခ လောက်အဟောင်းကြီးတွေ အား

လုံးနီးပါး ပြန်သုံးလို့ရအောင် ပြင်ဆင်ပေးနိုင်ခဲ့ပါရဲ့။ ကိုယ့်စရိတ်နဲ့ကိုယ်ပြင်ခဲ့ပေးတာပါ။ ရှေးကျတဲ့ဆေးရုံခုတင်တွေ၊ စတိုခန်းထဲကထုတ်ပြီး ပြင်သုံးခဲ့ဖူးပါတယ်။ ဆေးရုံအုပ်ချုပ်ရေးအဖွဲ့၊ ဆေးရုံရုံးအဖွဲ့ကခေါ်ပြီး သတိပေးတာ ခံခဲ့ရပါလေရော။ ပြင်ဆင်ခွင့် လျှောက်ထားခြင်းရှိ၊ မရှိ၊ လျှပ်စစ် ပစ္စည်းတွေကိုင်တွယ်နေတာမို့လို့ လျှပ်စစ်လုပ်သားသင်တန်းဆင်း လက်မှတ်ရှိ၊ မရှိစသည်ဖြင့် အကြောင်းအမျိုးမျိုးနဲ့ ရုံးတက်ပြီး ခံဝန်လက်မှတ်ထိုးခဲ့ရပါတယ်။ နောက်ပိုင်းမှ ကျွန်တော်သဘော ပေါက်သွားတော့တာပါ။ ကျွန် တော့်အသက်အန္တရာယ်ကို စိုးရိမ် ကြလို့ထင်ပါရဲ့။ သံတိုသံစတွေ၊ ရှေးဟောင်းခုတင်တွေ၊ သံဗီရိုတွေ၊ ရေနွေးဘွိုင်လာအိုးကြီးတွေ ပုဇွန်တောင်ကြက်တန်းကို ပို့လိုက်ကြပါလေရော။ ကျွန်တော်ကလိပြီး ပြန်သုံးနေရင် ဓာတ်လိုက်သေမှာ စိုးလို့ပဲထင်ပါတယ်ခင်ဗျာ။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီခေတ်နဲ့ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးခေတ်ကနေ နိုင်ငံတော်အေးချမ်းသာယာရေးအဖွဲ့တွေ ခေတ်ကပါ။ အခု မဟုတ်တော့ပါဘူး။ အခုလည်း ရောင်းစားစရာသစ်တိုသစ်စလေး တွေလောက်နဲ့ လူတွေလောက်ရှိ တော့တယ်ထင်တာပါပဲ။ အင်္ဂလိပ်ခေတ်က ဘိုထိုင်၊ ကမုတ်အဟောင်းကြီးတွေတော့ ဆေးရုံတစ်ရုံရဲ့စတိုထဲမှာတွေ့ခဲ့ ပါသေးတယ်။

ဆိုလိုချင်တာက လစာနဲ့ မလောက်ရင် မလုပ်တာကောင်း ပါတယ်။ ဆေးရုံကခိုးလို့၊ ဝှက်လို့ မရတော့ ရသမျှလစာလေးတွေနဲ့ ချွေတာစားသုံးကြရတယ်။ နေစရာလေးတွေ စီစဉ်ပေးထား တော့ အလုပ်မထွက်နိုင်ကြသေး ဘူး။ နိုင်ငံ့ဝန်ထမ်းဆိုတဲ့ဂုဏ်လေး နဲ့လည်းနေချင်သေးတယ်ဆိုရင် တော့ ကိုယ်လုပ်နေတဲ့ အလုပ် ကို လေးစားကြစေချင်တာပါပဲ။ ကိုယ့်အလုပ်နဲ့ အနှီးနွှယ်ဆုံး၊ အပတ်သက်ဆုံးလူနာ၊ လူနာ စောင့်တွေကို ကိုယ့်ကျေးဇူးရှင် တွေလိုသဘောထားပါ။ ဆက်ဆံ ကြပါလို့ တိုက်တွန်းလိုက်ချင်ပါ တယ်။

ပြီးခဲ့တဲ့ မေလကုန်ခါနီးမှာ ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီးကို လူနာသတင်းမေးရောက်သွားခဲ့ ပါတယ်။ အဲဒီဆေးရုံကိုတက်ဖို့ ကျွန်တော်ပဲတိုက်တွန်းခဲ့တာပါ။ သန့်ရှင်းတယ်။ ဆေးဝါးပံ့ပိုးမှုရှိ တယ်။ အေးချမ်းတယ်။ ဆရာဝန်၊ ဆရာမတွေ နွေးထွေးမှုရှိတယ်။ ဆေးရုံအောက်ခြေဝန်ထမ်းတွေ ကအစ နားလည်မှုရှိကြတယ်လို့ ကျွန်တော်ကိုယ်တိုင် တိုက်တွန်း လို့ ကျွန်တော့်တူမမွေးလူနာ အဖြစ်ရောက်သွားခဲ့တာပါ။ စည်း ကမ်းကိုလိုက်နာတတ်တဲ့ ကျွန် တော် ဧည့်သည်ချိန်မှ အထဲဝင် မေးပါတယ်။ ဖြစ်ချင်တော့ ကျွန်တော့်မြေးတော်သူလေးက အဆုတ်ရောင် ဝေဒနာနဲ့ပါတဲ့။ ကျွန်တော်စိတ်မပူပါဘူး။ အသား လည်းနည်းနည်းဝါလို့ မီးပြထားရ ပါသတဲ့။ အဲဒါ Photo Therapy လို့ခေါ်ပါတယ်။ ဖြစ်ရိုးဖြစ်စဉ်စိတ်မပူပါနဲ့လို့ မြေးလေးရဲ့အဘိုး၊အဘွား၊ မိခင်၊ ဖခင်တွေကို နှစ်သိမ့်ပေးဖြစ်ခဲ့ပါတယ်။

ဆေးရုံတက်လူနာကို စိတ် မပူရဘူးလို့ လွယ်လွယ်မပြောချင် တဲ့ကျွန်တော် တာဝန်ကျဆရာဝန်၊ ဆရာမအခန်းကို (အရိပ်အခြည်ကြည့်ပြီး)ကလေးအခြေအနေ မေးဖို့ ကြိုးစားခဲ့ပါတယ်။ ကလေး မွေးပြီးစတုန်းက လှိုက်လှိုက်လှဲ လှဲပျူပျူငှာငှာရှိရှာလွန်းတဲ့ အ လုပ်သင် ဆရာဝန်နဲ့သူနာပြု ဆရာမတွေကိုမတွေ့လေတော့ရှိနေတဲ့ သင်တန်းသူ သူနာပြုဆရာမလေးကိုမေးဖို့ကြိုးစားရင်း နှုတ်ဆက်လိုက်မိပါတယ်။ သူကပြန်နှုတ်မဆက်ပါဘူး။ သူမဘေးနားကတစ်ယောက်ကလည်း သူနဲ့မဆိုင်သလိုပါပဲ။ ဒါနဲ့ ကျွန်တော်က ကလေးလူနာလေးရဲ့နာမည် ထုတ်ပြောတော့သိတယ်လေ။ အဲဒါဘာဖြစ်လဲဆိုပါလား။ ကျွန်တော်ဘာဆက်မေးရမယ်ဆိုတာထက် သူ့ခေါင်းပေါ်က ဦးဆောင်း (Cap)ကို သေချာအောင် ထပ်ကြည့်လိုက်မိပါတယ်။ သင်တန်းသူမှသင်တန်းသူအစစ် တစ်ယောက်ပါ။

  အဲဒီလောက် လူနာရှင်ကို နွေးထွေးပျူငှာစွာ မဆက်ဆံတတ်ပါတဲ့သင်တန်းသူတစ်ယောက် တကယ့်လက်တွေ့ လုပ်ငန်းခွင်ဝင်ရင် လူနာနဲ့ လူနာရှင်တွေကို ဘယ်လောက် မောက်မောက်မာမာ နိုင်ပါလိမ့်မလဲဆိုတဲ့ အတွေး ကျွန်တော်တွေးဖြစ်သွားခဲ့ပါပြီ။ မလိမ်မိုးမလိမ္မာလေးပေပဲလေ။ အချိန်တန်တော့ ပြင်သွားပါလိမ့်မယ်ဆိုတာသိပ်ကို နောက်ကျသွားတတ်ပါတယ်။ လူနာတွေနဲ့ ဆက်ဆံအလုပ်လုပ်ရတာ စာရွက်စာတမ်းတွေနဲ့ လုပ်ရတာထက် တာဝန်ကြီးပါတယ်။

ကျွန်တော်ရောက်သွားတဲ့ အချိန်က ညနေပိုင်းပါ။ အလုပ် ရှုပ်တတ်ပါတယ်။ သင်တန်းသူ လေးကိုင်တွယ်နေတဲ့ စာရွက်စာ တမ်းတွေက လူနာ့မှတ်တမ်းတွေ ကို မှတ်စရာ၊ ရေးစရာတွေ ရေး မှတ်ပြီးလို့ ပြန်စုစည်းပြီးသိမ်းနေ တဲ့အချိန်ပါ။ အဲဒါတွေ ကျွန်တော် ဝန်ထမ်းဘဝကလုပ်ခဲ့တာတွေပါ။ နောက်ပြီး သင်တန်းသူလေးရဲ့ အဖေအရွယ် ကျွန်တော့်ကို အဲဒီ လောက်မျက်နှာထိ မျက်နှာထား နဲ့ မဆက်ဆံသင့်ဘူးလို့ထင်ပါ တယ်။ ကိုယ်လုပ်နေတဲ့သူနာပြု အလုပ်က လူတွေကိုကူညီနေရ မှာ။ တကယ်ဆို ဘာသိချင်တာ ပါလဲ။ ကျွန်မဘာကူညီပေးရပါ မလဲဆိုတဲ့စကားထွက်လာရမှာ။ ပြောသင့်တာပါ။ ဒါမှမဟုတ် လည်း သူတို့ထက်အတန်းကြီးပြီး လုပ်သက်ရင့်တဲ့ ဆရာမတစ် ယောက်ယောက်နဲ့တွေ့ပေးဖို့ စီစဉ်ပေးသင့်တာ။ ခဏလေးစောင့်ပါ။ သိချင်တာဖြေပေးနိုင်မယ့်အစ်မကိုခေါ်ပေးပါ့မယ်ဆိုတဲ့ ဖြေရှင်းနည်းကိုသုံးသင့်တာပါ။

နောက်နေ့မှာ ကျွန်တော် အဲဒီဆေးရုံထပ်ရောက်ခဲ့ပါသေး တယ်။ ပြည်သူအများနှုတ်ကျိုးနေ ကြပြီဖြစ်တဲ့ နာ့စ်မအစိမ်းရောင် ကြီး (တကယ်တော့စစ္စတာလို့ခေါ် ပါတယ်။ နာ့စ်မလို့လည်းမခေါ် သင့်ပါဘူး။ သူနာပြု (ဒါမှမဟုတ်) နပ်စ်လို့သာခေါ်ထိုက်ပါတယ်) တွေနဲ့တွေ့ရရုံမက တာဝန်ခံ ဆရာဝန်တွေနဲ့ပါ ဆုံခဲ့တာပါ။ လှိုက်လှဲလိုက်ကြတာ၊ ပျူငှာလိုက်ကြတာ။ အသေးစိတ်ကို ရှင်းပြနေကြတော့တာ။ ကျွန်တော့်မှာ သူတို့အလုပ်ပျက်မှာစိုးလို့ မြန်မြန်နှုတ်ဆက်ပြီးပြန်ခဲ့ရပါကောလား။

 အဲဒီ သူနာပြုသင်တန်းသူ လေးတစ်ယောက်ကြောင့် စိတ် ကွက်သလားမေးရင် ရှင်းပြရပါ လိမ့်မယ်။ ထပ်လည်းမေးလိုက် ချင်ပါသေးတယ်။ အဲဒီအပြုအမူ ပိုင်ရှင်  သူနာပြုဆရာမတစ်ယောက် လုပ်ငန်းခွင်ဝင်ရင် ပြည်သူ့ဘဏ္ဍာစားရင် အဲဒီလိုပဲမောက်မာနေဦးမှာပါပဲလား။ အကြံပေးလိုက်ချင်တာကတော့ သင်တန်းဆက်မတက်တာ ကောင်းပါလိမ့်မယ်။ အကျင့်ဆိုတာ ပြင်ရခက်သကိုး။ နိုင်ငံတော်လည်းနာပါတယ်။ တိုးတက်မှုကို လိုလားရင် အောက်ခြေကစပြုပြင်ရပါလိမ့်မယ်။

သူနာပြုမီးအိမ်ရှင်ကြီးကို ဂုဏ်ပြုတဲ့ ဖလောရင့်စ်နိုက်တင် ဂေးလ်ဆုရတဲ့ အမျိုးသားသူနာပြု ဆရာအတွက် ဂုဏ်ယူလွန်းလို့ ကျွန်တော်ကိုယ်တိုင်ရေးလိုက်ရ တဲ့ အင်တာဗျူး၊ ရေးလိုက်ရတဲ့ ဆောင်းပါး၊ ၁၉၆၃ ကတည်းက အခု ၂၀၁၅ အထိ မြန်မာပြည်မှာ ဖလောရင့်စ်နိုက်တင်ဂေးလ်ဆု လေးဆုတည်းရသေးလို့ အားမလို အားမရဖြစ်လိုက်ရတဲ့ကျွန်တော် ၂၀၁၅ မေလ ၁၉ ရက် စံတော်ချိန်နေ့စဉ်သတင်းစာမှာ ဖတ်လိုက်ရပါပြီ။ ဆရာဝန်မရှိတဲ့မြို့၌ ခွေးကိုက်ခံရခြင်းတဲ့။ တကယ်က ဆရာဝန်ရှိတယ်ဗျ။ ခွဲစိတ်ခန်းဝင်နေလို့။ နယ်ဆေးရုံဆိုတော့လည်း ကျန်းမာရေးဝန်ထမ်းအင်အားနည်းပါလိမ့်မယ်။ ဒါ ပေမဲ့ ရှိတဲ့ဝန်ထမ်းအင်အားနဲ့ လည်ပတ်လို့ ရအောင်ကြိုးစားလေ။ မဟုတ်ရင် အလုပ်ကထွက်လိုက်ပါ။ အလုပ်ကိုနိုင်တဲ့ဝန်ထမ်း တွေဝင်လာပါလိမ့်မယ်။ အခုတော့ဗျာ စိတ်ပူလို့လာပြတဲ့လူနာကိုရော လူနာရှင်ကိုပါ မထီမဲ့မြင်ပြုလွှတ်လိုက်ပါသတဲ့။ အို . . . အမေနိုက်တင်ဂေးလ်ရဲ့ ထကြည့်ပါဦးလို့တောင် တိုင်တည်ရတော့မလိုပါပဲလား။

နောက်ဆက်တွဲကြားလိုက် ရတာတွေကိုတော့ အကျယ် တဝင့်ဖော်ပြ မနေချင်တော့ပါ ဘူး။ လူကြီးမင်းများကလည်း အဲဒီစာရေးဆရာကို ရွှေစိတ်တော် ငြိုပါသတဲ့။ စာရေးဆရာမိသားစုခမျာ ကျန်းမာရေးဂရုစိုက်နေကြရတယ်၊ ဆိုလား။ တကယ် စိတ်တော်ငြိုရမှာ အဲဒီဆေးရုံက သူနာပြုဆရာမကိုပါ။ ဌာနဆိုင် ရာစည်းမျဉ်း၊ စည်းကမ်းတွေနဲ့ အညီ စစ်ဆေး အရေးယူရမှာပါ။ ဆေးရုံလာတဲ့လူနာကို ပြင်ပလူနာစာအုပ်လုပ်မပေးဘူး။ အနာကို သန့်စင်ဆေးကြောအားပေး စကားမပြောခဲ့တဲ့အပြင် ကြည့်တောင် မကြည့်ခဲ့ပါဘူး။

အဆင်မြှင့်တင်ပါမယ်ဆိုတဲ့ ကျန်းမာရေးလောကကြီးမှာ မူဝါဒချမှတ်ခြင်းနဲ့ လက်တွေ့အကောင် အထည်ဖော်ဆောင်ရွက်ခြင်းဆို တာတွေပါပါတယ်။ ဘာကို အကောင်အထည်ဖော်ကြမှာလဲ ခင်ဗျာ။ များစွာသောအကောင် အထည်ဖော်ဆောင်ရွက်ကြတဲ့ နေရာမှာ မြင်းခွာက သံမှိုလေး တစ်ချက်ချင်းကိုလည်း ဂရုစိုက် ကြစေချင်ပါတယ်ခင်ဗျာ။ တာဝန် ရှိလူကြီးမင်းများ ဆေးရုံကြီးတွေ၊ လူနာဆောင်တွေ၊ သင်တန်း ကျောင်းတွေကို လှည့်လည်စစ် ဆေးကြတဲ့အခါ ကြိုတင် အ ကြောင်းမကြားထားကြပါနဲ့လား ခင်ဗျာ။ အမှတ်မထင် ရှောင်တခင် (Surprise check) ဝင် စစ်ဆေးကြပါလားခင်ဗျာ။ လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ကြမယ့် မူဝါဒတွေကို ထိပါးနှောက်ယှက်သူ မည်သည့် ဝန်ထမ်းကိုမဆို စက္ကန့်၊ မိနစ်၊ နာရီမခြားစေပါပဲ အလုပ်ကထုတ်ပစ်ခြင်းဖြင့် နောင်ကြဉ်ကြစေပါလား ခင်ဗျား။ စင်ကာပူလို တိုးတက်အောင်လုပ်မယ်ဆိုရင် စင်ကာပူက လီကွမ်ယုတို့၊ ဂိုချောက်တောင်တို့လို ပြတ်သားမှခင်ဗျ။

သွန်းခ

No comments:

Post a Comment