Tuesday 2 June 2015

သာသနာ ညှိုးနွမ်းစေမှုဖြင့် ဦးထင်လင်းဦးကို အလုပ်နှင့် ထောင်ဒဏ် နှစ်နှစ်ချ

အမိန့်ချအပြီး ချောင်းဦးတရားရုံးမှ ထွက်လာသည့် စာရေးဆရာ ဦးထင်လင်းဦး (ဓာတ်ပုံ- အောင်ကိုဦး၊မဇ္ဈိမ)
စစ်ကိုင်း (မဇ္ဈိမ) ။ ။ ချောင်းဦး စာပေဟောပြောပွဲတွင် ပြောခဲ့သည့် ဟောပြောချက် အချို့မှာ ဘာသာ၊ သာသနာကို ညှိုးနွမ်းစေသည်ဟုဆိုကာ တရားစွဲဆိုခံထားရသော ဦးထင်လင်းဦးကို သာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅(က)  ဖြင့် ချောင်းဦးမြို့နယ်တရားရုံးက ဇွန် ၂ ရက်တွင် အလုပ်နှင့်ထောင်ဒဏ် နှစ် နှစ် အမိန့်ချလိုက်သည်။


စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦး မြို့နယ်၊ သုံးပန်လှကျေးရွာတွင် ၂၀၁၄ ခုနှစ် အောက်တိုဘာ ၂၃ ရက်က ဦးဝိစာရ အထိမ်းအမှတ်နေ့ စာပေဟောပြောပွဲတွင် ဦးထင်လင်းဦး၏ ဟောပြောချက် အချို့ကြောင့် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနဦးစီးမှူး  ဦး ဦးထွန်းထွန်းခိုင်က တရားလိုပြုလုပ်၍ တိုင်ကြားခဲ့ခြင်းဖြစ်ရာ    ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ၂၉၅( က)(ဘာသာ သာသနာကိုဖြစ်စေ၊ ဘာသာ သာသနာ ယုံကြည်မှုကိုဖြစ်စေ၊ နာကြည်းစေရန် တမင်ကြံရွယ်ခြင်း) ဖြင့် ထောင်ဒဏ် နှစ်နှစ် ချမှတ်လိုက်ခြင်းဖြစ်သည်။

ဦးထင်လင်းဦးက"ကျွန်တော်မရှုံးပါဘူး။ မှားလို့မှားတာကို ထောက်ပြတာပါ။ ဒါကိုဖမ်းပြီး ထောင်ချတာပါ။ ကျွန်တော့်ကိုပဲ ထောင်ချလို့ရမယ်။ စိတ်နဲ့ယုံကြည်မှုကိုတော့ ဘယ်တော့မှ ထိန်းချုပ်လို့ရမှာ မဟုတ်ပါဘူး "ဟုပြောသည်။

ဦထင်လင်းဦးသည်  အကြိမ် ၂၀ မြောက် ရုံးချိန်းတွင် အမိန့်ချခံရခြင်းဖြစ်ပြီး အယူခံဝင်ရန် အတွက် ဆက်လက် စီစဉ်သွားမည်ဟု ဦးထင်လင်းဦး၏ ဇနီး မစောစန္ဒာက ပြောသည်။

"ကျွန်မတို့က အယူခံဝင်ဖို့ မဝင်ဖို့တိုင်ပင်နေပါတယ်။ အမှန်ပြောတဲ့သူကို အဖမ်းခံရတာဆိုတော့ ဝမ်းနည်း တယ်" ဟု ပြောသည်။

အမှုအားလိုက်ပါ ကူညီဆောင်ရွက်ပေးခဲ့သူ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးကလည်း "ကျွန်တော့် အနေနဲ့ကတော့ အကောင်းဆုံးဆောင်ရွက်ခဲ့တယ်။ ဒါပေမယ့် အမြင့်ဆုံးပြစ်ဒဏ်ကို ချမှတ်လိုက်တယ်။ အယူခံဝင်ဖို့က ကာယကံရှင်ရဲ့ ဆန္ဒပါ။"ဟုပြောသည်။

ချောင်းဦးမြို့နယ် တရားသူကြီး ဦလင်းမင်းထွန်းကလည်း မိမိအနေဖြင့် ဥပဒေအတိုင်းဆောင်ရွက်ခြင်းဖြစ်ပြီး တစ်စုံတစ်ဦး ဖိအားမရှိကြောင်း ပြောသည်။

အမိန့်ချရာသို့ NLD အဖွဲ့ဝင်များ၊ အမျိုးဘာသာ သာသနာစောင့်ရှောင့်ရေးမှ သံဃာများလည်း လာရောက်ကြသည်။
mizzima

No comments:

Post a Comment