Tuesday 2 June 2015

တရုတ်နိုင်ငံ ယန်ဇီမြစ်အတွင်း သင်္ဘောနစ်မြုပ်မှု လူ ၄၀၀ ကျော်ပျောက်ဆုံးနေ

တရုတ်နိုင်ငံ၊ ယန်ဇီမြစ်အတွင်း သင်္ဘောတစ်စီး တိမ်းမှောက်မှု ဖြစ်ပွားရာ လူ ၄၀၀ ကျော် ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။ ဟူဘိုင်ဒေသရှိ ယန်ဇီမြစ်အတွင်းတွင် အဆိုပါ သင်္ဘောသည် ပြောင်းပြန် တိမ်းမှောက်သွားခဲ့ခြင်း ဖြစ်သည်။ Eastern Star အမည်ရှိ သင်္ဘောသည် မတော်တဆမှု မဖြစ်ပွားမီတွင် အရေးပေါ် အခြေအနေအတွက် အကူအညီ တောင်းခံမှု မရှိခဲ့ဟုလည်း သိရသည်။
ဇွန် ၁ ရက် ညပိုင်းက သင်္ဘောနစ်မြုပ်ခဲ့ပြီးနောက် ခရီးသည် အချို့က ကမ်းခြေထိ ကူးခတ်ပြီး ရဲတပ်ဖွဲ့ထံ သတင်းပေး တိုင်ကြားခဲ့ခြင်း ဖြစ်သည်။ လက်ရှိအချိန်ထိ ရုပ်အလောင်း ၅ လောင်းကို ဆယ်ယူထားပြီး သင်္ဘော ကပ္ပတိန်နှင့် အင်ဂျင်နီယာချုပ်တို့ အပါအဝင် လူ ၁၃ ဦးကို ကယ်တင်ထားကြောင်း တရုတ်မီဒီယာများက ဖော်ပြခဲ့သည်။

ကယ်ဆယ်ရေးသမားများသည် ပက်လက်လန်နေသည့် သင်္ဘောဝမ်းကို ဖောက်ထုတ်ပြီး အတွင်း၌ ပိတ်မိနေသူများကို ထုတ်ပေးနိုင်ရန် မျှော်လင့်နေသည်။ သင်္ဘောနစ်မြုပ်ပြီး နာရီပေါင်း အတော်များများ ကြာမြင့်နေပြီ ဖြစ်သည့်တိုင် အသက်ရှင်သူများ ရှိနေဦးမည်ဟုလည်း ကယ်ဆယ်ရေးများ ယုံကြည်လျက် ရှိသည်။

သင်္ဘောပေါ်တွင် လူပေါင်း ၄၅၈ ဦး လိုက်ပါသွားပြီး အများစုမှာ အသက် ၅၀ နှင့် ၈၀ ကြား ခရီးသွားများ ဖြစ်ကြသည်။ ၎င်းတို့သည် နိုင်ငံအရှေ့ပိုင်း နန်ဂျင်းမှ နိုင်ငံ အနောက်တောင်ဘက်ရှိ ချုံကင်းသို့ ကီလိုမီတာ ၁၅၀၀ မျှ ခရီးတစ်ခုအတွက် သွားရောက်ကြခြင်း ဖြစ်သည်။

လတ်တလောတွင် သင်္ဘော ကပ္ပတိန်နှင့် အင်ဂျင်နီယာချုပ်တို့ကို ရဲတပ်ဖွဲ့က ထိန်းသိမ်းထားပြီး သင်္ဘောကပ္ပတိန်က အားကောင်းသည့် လေမုန်တိုင်း တစ်ခုနှင့် ကြုံရပြီး သင်္ဘော နစ်မြုပ်ခဲ့ခြင်းဟု ထွက်ဆိုထားသည်။ လတ်တလောတွင် ကယ်ဆယ်ရေး လုပ်ငန်းများကို အရှိန်မြှင့်ရန် ကြိုးစားနေသော်လည်း အဆိုပါ နေရာတွင် မိုးသည်းထန်ပြီး လေပြင်းမုန်တိုင်းများ တိုက်ခတ်နေသဖြင့် လုပ်ငန်းဆောင်ရွက်မှုများ နှောင့်နှေးနေသည်။

တရုတ်အစိုးရ အာဏာပိုင်များသည် သင်္ဘောနစ်မြုပ်ရာ ပတ်ဝန်းကျင်တွင် မီဒီယာများ သတင်းယူခွင့်ကို ကန့်သတ်ထားပြီး ပြည်တွင်း သတင်းထောက်များ အနေဖြင့် အဆိုပါ နေရာအနီး ကပ်ခွင့်မရဘဲ ဖြစ်နေကြောင်းလည်း သိရသည်။ ယန်ဇီမြစ်ထဲတွင် ကယ်ဆယ်ရေးဝန်ထမ်းနှင့် စစ်သည် ထောင်ဂဏန်းမျှကို ဖြန့်ကျက်ထားပြီး ကယ်ဆယ်ရေး လုပ်ငန်းသုံး ဧရာမ သင်္ဘောကြီးများလည်း ရောက်ရှိနေကြောင်း မျက်မြင်များက ဆိုသည်။

ကယ်ဆယ်ရေးနှင့် ရှာဖွေရေး လုပ်ငန်းများကို ကြီးကြပ်ရန်အတွက် တရုတ်ဝန်ကြီးချုပ် လီကီကျန်းကိုယ်တိုင် ဟူဘိုင်ထိ သွားရောက်ခဲ့ကြောင်းလည်း Xinhua သတင်းဌာနက ဖော်ပြခဲ့သည်။ သမ္မတ စီကျင်းပင်ကလည်း ကယ်ဆယ်ရေး ကဏ္ဍတွင် မည်သည့် ခိုကပ်မှုမျှ မရှိစေရဘဲ အစွမ်းရှိသမျှ လုပ်ဆောင်ရန် အမိန့်ထုတ်ထားကြောင်း သိရသည်။

_Ref: Xinhua

No comments:

Post a Comment